ထိုင်ဝမ်တို့၏ လွတ်လပ်ရေးအတွက်ကြိုးပမ်းချက်ကို ပိတ်ပင်သွားရန်အသင့်ဟု တရုတ်သမ္မတပြောဆို

ထိုင်ဝမ်တို့၏ လွတ်လပ်ရေးအတွက်ကြိုးပမ်းချက်ကို ပိတ်ပင်သွားရန်အသင့်ဟု တရုတ်သမ္မတပြောဆို

 

ဘေဂျင်း၊ တရုတ်၊ အောက်တိုဘာ ၁၉ ။                ။ တရုတ်သမ္မတရှီကျင်းပင်သည် ဗုဒ္ဓဟူးနေ့က ထိုင်ဝမ်နိုင်ငံအပေါ် ခက်ထန်သောသတိပေးမှုတစ်ခု ပြုလုပ်ခဲ့ပြီး ဘေဂျင်းအစိုးရအနေဖြင့် လွတ်လပ်ရေးအတွက်ခွဲထွက်ရန်ကြိုးပမ်းသည့် မည်သည့်ကြိုးပမ်းချက်ကိုမဆို တားမြစ်ပိတ်ပင်နိုင်စွမ်းရှိကြောင်း ပြောဆိုခဲ့သည်။

ငါးနှစ်တစ်ကြိမ်ကျင်းပသည့် ကွန်မြူနစ်ပါတီညီလာခံ၌ မိန့်ခွန်းပြောကြားခဲ့စဉ်တွင် ရှီက တရုတ်နိုင်ငံသည် စိတ်ဓာတ်ကြံ့ခိုင်မှု၊ မိမိကိုယ်ကိုယုံကြည်မှုတို့ ရှိသည့်အပြင် လွတ်လပ်ရေးအတွက် ခွဲထွက်ရန်ကြိူးပမ်းမည့် ထိုင်ဝမ်တို့၏ မည်သည့်ကြိုးပမ်းချက်ကိုမဆို တားမြစ်ဖို့အတွက်စွမ်းရည်များရှိကြောင်း သတိပေးပြောဆိုခဲ့သည်။

“ကျုပ်တို့ဟာ မည်သူကိုမဆို၊ မည်သည့်အဖွဲ့အစည်းကိုမဆို၊ မည်သည့်နိုင်ငံရေးပါတီကိုမဆို တရုတ်နိုင်ငံရဲ့ ပိုင်နက်ထဲကနေ ခွဲထွက်သွားဖို့ ဘယ်တော့မှခွင့်ပြုသွားမှာမဟုတ်ပါဘူး” ဟု ရှီက ပြောခဲ့သည်။

ထိုင်ဝမ်၏ ပြည်မကြီးရေးရာကောင်စီက ကွန်မြူနစ်ပါတီညီလာခံ၏ သဘောထားသည် ၎င်းတို့အတွက် စိတ်မကောင်းစရာဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ “တရုတ်နိုင်ငံတစ်ခုတည်းရှိရမည်” ဆိုသော မူဝါဒဖြင့် အခြားလူများအပေါ် အနိုင်မယူနိုင်ကြောင်း ပြောဆိုခဲ့သည်။

ယခင်ထိုင်ဝမ်အစိုးရအဆက်ဆက်က “တရုတ်နိုင်ငံတစ်ခုတည်းရှိရမည်” ဆိုသော မူဝါဒကို လက်ခံခဲ့သော် လည်း လက်ရှိထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်၏လက်ထက်တွင် တရုတ်နိုင်ငံနှင့် ထိုင်ဝမ်ကြားရှိ ဆက်ဆံရေးများ အေးခဲလျက်ရှိနေပြီး သူမ၏အစိုးရအဖွဲ့သည် တရုတ်နိုင်ငံ၏ မူဝါဒကို လက်ခံဖို့ငြင်းဆန်ခဲ့သည့်အတွက် ဘေဂျင်းအစိုးရက ဆက်ဆံရေးဖြတ်တောက်ခဲ့သည်။

ရှီက သူ၏မိန့်ခွန်းထဲ၌ အကယ်၍ထိုင်ဝမ်အစိုးရအနေဖြင့် ၎င်း၏ရပ်တည်ချက်ကို ပြန်လည်ပြင်ဆင်ပါက ဘေဂျင်းအစိုးရနှင့် အဆက်အသွယ်လုပ်ခွင့် ပြန်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ ထိုသို့ပြင်ဆင်ပါက ထိုင်ဝမ်မှ နိုင်ငံရေးပါတီများအနေဖြင့် ပြည်မကြီးနှင့် အပြန်အလှန်ဆက်ဆံရာ၌ မည်သည့်အခက်အခဲမှ ရှိမည်မဟုတ် ကြောင်း သူက ပြောခဲ့သည်။

တရုတ်နိုင်ငံနှင့် ထိုင်ဝမ်တို့သည် ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည့် လွန်ခဲ့သော ၁၉၄၉ခုနှစ်ကတည်းက နှစ်ခြမ်းကွဲ သွားခဲ့ခြင်းဖြစ်ပြီး ထိုင်ဝမ်အစိုးရအနေဖြင့် ၎င်းတို့သည် အချုပ်အခြာအာဏာပိုင်သော နိုင်ငံတစ်ခုဖြစ်သည်ဟု ရှုမြင်နေသော်လည်း မည်သည့်အခါမှ လွတ်လပ်ရေးကိုတရားဝင်ကြေညာနိုင်ခဲ့ခြင်း မရှိသေးကြောင်း သိရ သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags