ငယ်ရွယ်နုပျိုအောင် ဘယ်လိုနေမလဲ. . . အပိုင်း(၂)

.

ကျွန်တော်ကြားဖူးတာပေါ့နော် ငယ်ငယ်လေးကတည်းက ပင်လယ်စာ စားတဲ့သူ ၊ အဓိက ငါးပေါ့ ငါးစားတဲ့သူတွေက ပိုပြီးတော့ အရွယ်တင်နုပျိုပြီးတော့ ကျန်းမာတယ်လို့ ပြောတယ်။ ဥပမာ.. ဂျပန်လို နိုင်ငံမျိုးက အမျိုးသား အမျိုးသမီးတွေဆိုလည်း တော်တော်ကျန်းမာကြတယ်လေ။ ဒါကြောင့်လည်း ပါတာပေါ့နော်။

ဦးထွန်းကြည်ဆိုတဲ့သူ တစ်ယောက်က ဘာမေးလာလဲဆိုတော့… မင်္ဂလာပါ ဆရာ တင်ပါးမှာ ပွေးတစ်မျိုးပေါက်နေပါတယ်။ ဘတ်စကေဘီ လိမ်းဆေး လိမ်းပါတယ်။ မပျောက်ပါဘူး။ ဘယ်လိုလိမ်းဆေးလိမ်းရမလဲ ၊ စားဆေးရော ရှိပါသလား ညွှန်ကြားပေးပါ။

ဖြေ -ဟုတ်ကဲ့ပါရှင့်။ တင်းပါမှာ ပွေးပေါက်တယ်ပေါ့ ၊ သူက ကျွန်မတို့က တကယ်မမြင်ရတော့ တကယ်ပွေးပေါက်လား ၊ မပေါက်လား မသိဘူးပေါ့နော်။ တကယ်ပွေးပေါက်တယ်ဆိုရင် ကျွန်မတို့မှာ လိမ်းရတဲ့ ဆေးလေးတွေ ရှိတယ်ပေါ့။ ပွေးဆေးတွေ ရှိတယ်ပေါ့နော်။ တစ်ချို့က ထင်ကြတယ်။ အရေပြားရောဂါဆိုရင် ပွေးပဲ ဖြစ်ဖြစ် ညှင်းပဲ ဖြစ်ဖြစ် နှင်းခူပဲ ဖြစ်ဖြစ် သူရဲ့ ဆေးတစ်မျိုး ကောက်လိမ်းလိုက်တာ။ အရေးပြားဆေးတစ်ခု ကောက်လိမ်းလိုက်တာပေါ့။ တကယ်တော့ ဘာမှ မဆိုင်ဘူးပေါ့။ တကယ်တော့ ဒီ Buscabies ဆိုတာလဲ ဒါဟာ ဝဲဆေးပေါ့နော်။ ဝဲဆေးနဲ့ ပွေးနဲ့ ပတ်သက်ပြီး လိမ်းနေတယ်ဆိုတော့ သူဘာမှ မထူးတာ မတိုးတက်တာ မထူးဆန်းဘူးပေါ့နော်။ တကယ်တော့ တကယ်လိမ်းရမှာက ပွေးဆေးမျိုးကို လိမ်းသင့်တယ်။ ဒါပေမယ့် ကိုယ့်မှာ တကယ်ရှိတာ ပွေးဟုတ်လား မဟုတ်လားဆိုတာလဲ သေချာဖို့တော့ လိုတာပေါ့။ အရေပြားရောဂါဆိုတာ အများကြီး ရှိတာလေ။ တကယ်လို့ အရမ်းကြီး များနေတယ်ဆိုရင် နီးစပ်ရာ ဆရာဝန်တစ်ယောက်ကို ပြ ၊ သူက ဒါဟုတ်တယ် ပွေးဖြစ်တာ သေချာတယ်ဆိုလို့ ရှိရင် သူပေးတဲ့ ပွေးဆေးကို လိမ်းမယ်။ တစ်ချို့ ပွေးရောဂါတွေကို ကိုယ်ခန္ဓာမှာ ဖြစ်တဲ့ သေးသေးလေးတွေဟာ လိမ်းဆေးလောက်နဲ့ ပျောက်တယ်ရှင့်။ လိမ်းဆေးလောက်နဲ့ ပျောက်ရင် ပြီးသွားမယ်ပေါ့။ ဒါမှ မဟုတ်ရင် ဆိုးဆိုးဝါးဝါး ဖြစ်တယ်ဆိုရင်တော့ သူက ဘယ်လိုဆေးတွေ သောက်သင့်တယ်။ ဘေးထွက်ဆိုးကျိုးတွေ ဘယ်လိုရှိနိုင်တယ်။ ကောင်ကျိုးလေးတွေ ဘယ်လိုရှိတယ်ဆိုတာ ရှိတဲ့ အတွက်ကြောင့်မို့ ၊ ကိုယ့်ဟာကိုယ်တော့ မသောက်သင့်ဘူးပေါ့နော်။ ဆရာဝန်ညွှန်ပြတဲ့ အတိုင်းလေးသာ သောက်သင့်တယ်ပေါ့။

တစ်ချို့က အရမ်းပေါ့တယ်နော် ဆရာမ။ အပ်နဲ့ထွင်းရမယ့် နေရာမှာ ဒီအတိုင်း ပေါ့ပေါ့တန်တန် လုပ်လိုက်တော့လေ။ အရမ်းကို အနာကြီးက ကြီးပြီးတော့ ပေါက်ဆိန်နဲ့ ပေါက်သလို ကုသရတဲ့ အနာကြီးတွေလည်း ဖြစ်သွားတာ မြင်ဖူးတယ်ပေါ့။ ဦးထွန်းကြည် အနေနဲ့ကလည်း ဘာပဲပြောပြော ဘာလဲဆိုတာ ဆန်းစစ်ပြီးတော့ အနည်းဆုံး ကုသသင့်တာပေါ့နော်။ ဘယ်အရာမှ ပေါ့လို့ မရဘူးပေါ့နော်။

မနှင်းနှင်းအေးဆိုတဲ့ တစ်ယောက်ကတော့ မေးလာတာက မျက်နှာမှာ မှဲ့ခြောက် ဖြစ်နေပါတယ်။ ဘယ်လို လုပ်ရပါမလဲ။

ဖြေ -ဒီမျက်နှာမှာ မှဲ့ခြောက်တွေ ဖြစ်တယ်ဆိုတာကလည်း အမဲစက်က အဓိက သုံးမျိုး ဖြစ်တယ်ပေါ့။ တကယ် မှဲ့ခြောက်လေးတွေလား တစ်ခုကကျတော့ နေလောင်ကွက်လေးတွေလားပေါ့။ နောက်တစ်ခု တင်းတိပ်လားပေါ့နော်။ ဘယ်ဟာပဲဖြစ်ဖြစ် ဒီသုံးမျိုးလုံးကတော့ နေရောင်ခြည်ကြောင့် ဖြစ်တာပါ။ မှဲ့ခြောက်က ဘယ်လိုပုံစံလေးလဲဆိုတဲ့ အခါကျတော့ ၊ အစက်သေးသေးလေးတွေ ထင်းထင်းလေးတွေ ၊ အဲဒါလေးတွေဆို မှဲ့ခြောက်ပေါ့။ သူက မှဲ့ခြောက်ဆိုရင် ဂျင်းကြောင့် ဖြစ်တယ်။ ဥပမာ - ကျွန်မက နေရောင်ထဲ သွားမယ်။ မနှင်းနှင်းအေးကလည်း နေရောင်ထဲ သွားမယ်ပေါ့။ သူကတော့ မှဲ့ခြောက်တွေ ဖြစ်တယ်။ ကျွန်မကတော့ မှဲ့ခြောက်တွေ မဖြစ်ဘူး။ ဘာလို့လဲ။ သူကတော့ မှဲ့ခြောက်ဖြစ်ဖို့ ဂျင်းပါလာလို့။ အခုခေတ်မှာတော့ မှဲ့ခြောက်ဖြစ်တယ်ဆိုရင် အရမ်းကုရတာ လွယ်တယ်။ ကျွန်မတို့ ဆေးခန်းတွေမှာ ဘယ်လိုလုပ်ပေးလဲဆိုရင် လေဆာပစ်ပေးတယ်။ လေဆာပစ်ပေးလို့ ရှိရင် များသောအားဖြင့် တစ်ခေါက် နှစ်ခေါက်လောက်ဆိုရင် ပျောက်သွားတယ်။ ဒီမှဲ့ခြောက်လေးတွေ ပျောက်သွားတယ် ဆိုတာကလည်း ရှိပြီးသားဟာကိုပဲ ပျောက်သွားတာပေါ့။ တစ်ချို့ကျတော့လည်း မေးတယ်။ ဆရာမ ပြန်ဖြစ်အုံးမှာလား ၊ သူက ဂျင်းရှိတဲ့ အခါကျတော့ ပြန်ဖြစ်တဲ့ အခွင့်အလမ်းက အမြဲတမ်းရှိတယ်။

သူက ပြန်ပေါ်လာတာလား ဆရာမ။

ဖြေ -ပြန်ပေါ်လာတယ်ဆိုတာထက် စာရင် အသစ်ထွက်တယ်ဆိုတာ ပိုမှန်မယ်။ လေဆာပစ်လိုက်တယ်ဆိုတာ ရှိပြီးသားဟာကိုပဲ ရှင်းသွားအောင် ဖယ်ပေးတာပေါ့။ အသစ်ထွက်တာ မထွက်တာကိုတော့ တားဆီးနိုင်စွမ်း မရှိဘူး။ ဒါပေမယ့် ထွက်တာကို နည်းအောင် ဘာနဲ့ လုပ်လို့ ရလဲဆိုရင် နေလောင်ခံဆေးလိမ်းတယ်။ နေလောင်ခံဆေး သေသေချာချာ လိမ်းမယ်ဆိုရင် ဒီမှဲ့ခြောက်ထွက်တာကို ကာကွယ်နိုင်ပါတယ်။ နယ်တွေမှာဆိုရင် ဘာလိမ်းကြလဲဆိုရင် သနပ်ခါး လိမ်းကြတယ်ပေါ့နော်။ တစ်ချို့ကျတော့ ပြောကြတယ်။ သနပ်ခါးလိမ်းရင် မှဲ့ခြောက်တွေ ပိုဖြစ်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ အသားခြောက်တယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် နေရောင်ခြည်ကိုတော့ အတိုင်းတာ တစ်ခုထိ ကာကွယ်ပေးနိုင်တဲ့ အခါကျတော့ နေလောင်ခံဆေးလို့ ပြောလို့ ရပါတယ်။

အစက လေဆာပစ်တယ်လို့ ဆရာမ ပြောသွားတယ်လေ။ သူက မှဲ့ခြောက်ဖြစ်တယ်။ လေဆာပစ်တယ်။ ပျောက်သွားတယ်။ ဒါပေမယ့် ဂျင်းကလည်း ရှိနေတယ်။ နေရောင်ခြည်နဲ့လည်း ထိတွေ့မှုတွေ ရှိနေတဲ့ အတွက်ကြောင့်မို့ အသစ်ပေါ်လာတယ်ပေါ့နော်။ လေဆာ ထပ်ပစ်မယ်။အဲဒီတော့ လေဆာ ပစ်ပါများရင် ဘေးထွက်ဆိုးကျိုး ရှိနိုင်လား ဆရာမ။

ဖြေ -ဒီဟာလည်း အမြဲတမ်းမေးကြတယ်ပေါ့။ ရပ်ကွက်ထဲမှာ ပြောကြတယ်ပေါ့။ လေဆာပစ်ရင် အသားပါးသွားတယ်ပေါ့။ လေဆာပစ်လိုက်မှ ပိုမဲသွားတယ်ပေါ့။ လေဆာပစ်ရင်းနဲ့ ကင်ဆာ ဖြစ်သွားတယ်ပေါ့နော်။ အဲဒီလိုမျိုး လျှောက်ပြောကြတယ်ပေါ့။ တကယ် မဟုတ်ပါဘူး။ ကျွန်မတို့တွေက အရေပြား ဆရာဝန်ဆိုတော့ သူတစ်ပါး အရေပြားကို လှပအောင် ကုပေးရတာပေါ့နော်။ အရေပြားကို အန္တရာယ်ဖြစ်မယ့် ဟာမျိုးတော့ မလုပ်ပါဘူးပေါ့နော်။ သူက ဘယ်လိုမျိုးလဲဆိုတော့ လေဆာပစ်တယ်ဆိုတာ အပေါ်ယံလေးကိုပဲ ပစ်သွားတာ။ ကျွန်မတို့ ပစ်တဲ့ လေဆာလေးတွေက မှဲ့ခြောက်ဆိုရင် မှဲ့ခြောက်လေးတွေကိုပဲ ပစ်သွားတာ။ အဲဒီထက် ဘာမှ ပိုမဖြစ်နိုင်ဘူး။ ဒါပေမယ့် လေဆာပစ်ပြီးရင် နေပူထဲ မထွက်ရဘူးလားဆိုတဲ့ စကားကို မေးကြတယ်။ ခဏတော့ မထွက်ရဘူး ဟုတ်တယ်။ ဒါပေမယ့် သူ့အရေပြားက တစ်သက်လုံး sensitive ဖြစ်သွားတာမျိုးတော့ မဟုတ်ဘူး။ ခဏလေးတော့ နှစ်ပတ်လောက်တော့ နေရောင်ခြည် မထိတာ ကောင်းတယ်။ မထိနဲ့ဆိုတဲ့ နေရာမှာလည်း နေပူထဲ လုံးဝမထွက်ရတာ မဟုတ်ဘူး။ ထွက်လို့ ရတယ်။ နေလောင်ခံဆေးလေး သေချာလိမ်းတယ်ဆိုရင် ထွက်လို့ ရတယ်။ တစ်ချို့ကျတော့လည်း ပိုမဲကြတယ်ဆိုပြီး ပြောကြတာ ရှိတယ်။ တကယ်တော့ အဲလိုမျိုး မဟုတ်ပါဘူး။ နေလောင်ခံဆေး သေချာလိမ်းတယ်ဆိုရင် မမဲပါဘူး။

ဆိုတော့ မှဲ့ခြောက်နဲ့ ယှဉ်တွဲနေတာတော့ ကြားဖူးတာ တင်းတိပ် ပေါ့နော်။ တင်းတိပ်နဲ့ ပတ်သက်ပြီးတော့ မေးလာတဲ့ အစ်မတစ်ယောက်ရှိပါတယ်။ မဆန်းလင်းဆိုတဲ့ တစ်ယောက်က မေးလာတာကတော့ တင်းတိပ် ပျောက်အောင် ဘာလုပ်သင့်ပါလဲဆရာမ ဖြေကြားပေးပါတဲ့။

ဖြေ -ဟုတ်ကဲ့ပါရှင့်။ တင်းတိပ်နဲ့ ပတ်သက်ပြီးတော့ မှဲ့ခြောက်နဲ့ မတူတာက သူက ဂျင်းကြောင့်လို့ ပြောလို့ မရဘူးပေါ့နော်။ နေရောင်ခြည်ကြောင့်တော့ ဟုတ်တယ်။ နောက်တစ်ခု ဟော်မုန်းကြောင့် အများကြီး ပါတယ်ပေါ့နော်။ တင်းတိပ်က ဘယ်အရွယ်တွေမှာ ဖြစ်ကြလဲဆိုလို့ ရှိရင် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့ အရွယ်မှာ ဖြစ်ကြတယ်။ သွေးဆုံးတဲ့ အချိန်မှာ ဖြစ်ကြတယ်။

ကျွန်တော် ဖြတ်မေးပါရစေ။ ဘာလို့ အဲဒီလို အခြေနေတွေမှာ ဖြစ်တာလဲ။

ဖြေ -ဘာလို့ အဲဒီအခြေနေတွေမှာ ဖြစ်တာလဲဆိုတော့ ဟော်မုန်းအပြောင်းလဲလေးတွေ ဖြစ်သွားလို့ပါ။ နောက်တစ်ခုက ဘယ်အချိန်မှာ ဖြစ်လဲဆိုတော့ ကိုယ်ဝန်တားဆေးတွေ သောက်တဲ့ အခါမျိုးမှာ ဖြစ်တတ်တယ်။ ဟော်မုန်းအပြောင်းလဲ ဖြစ်သွားတဲ့ အချိန်နဲ့ ၊ နေအရမ်းထိတဲ့ အခါမျိုးမှာ ဆိုရင် အဲဒီအချိန်တွေမှာ ဖြစ်တယ်ပေါ့နော်။ အမှန်တိုင်းပြောရမယ်ဆိုရင် တင်းတိပ်ဖြစ်တယ်ဆိုတာ ကုရတာ ခဲယဉ်းတယ်။ တစ်ချို့ အရမ်းကံကောင်းတဲ့သူတွေ ရှိတယ်။ သူ့ဟာသူ ဖြစ်တယ်။ ဘာမှ မကုဘဲနဲ့ ပျောက်သွားတဲ့ သူတွေ ရှိတယ်။ ဒါပေမယ့် တစ်ချို့ကျတော့လည်း ဘယ်လိုကုကု မပျောက်တဲ့ သူတွေလည်း ရှိတယ်။ အမှန်တိုင်းပြောရရင် တင်းတိပ်တွေဟာ နည်းနည်းလေးတော့ ကုရခက်တယ်ရှင့်။

သူက လေဆာပစ်ပြီးတော့ ပျောက်အောင် ကုလို့ရလား။

ဖြေ -အဲလောက်ထိတော့ မလွယ်ဘူးရှင့်။ သူက ဟော်မုန်းကြောင့် အများကြီး ပါနေတဲ့ အခါကျတော့ သက်သာ အောင် လုပ်လို့ ရတယ်။ ဒါပေမယ့် အခန့်မသင့်ရင် ပြန်ပြန်ထွက်တဲ့ အခွင့်အလမ်းတော့ အမြဲတမ်းရှိတယ်။ တင်းတိပ်သမားတွေကို ဗဟုသုတအနေနဲ့ ပြောချင်တာကတော့ အွန်လိုင်းမှာ ရောင်းကြတဲ့ ဆေးတွေ ရှိတယ်။ တင်းတိပ် တစ်ပတ်နဲ့ ပျောက်စေရမယ်။ ဆေးလည်း အရမ်းတန်တယ်။ အာမခံတယ်ပေါ့။ ကျွန်မတို့တောင် အာမခံရဲဘူး။ ပြီးတဲ့အခါကျတော့ အဲဒီဆေးတွေ တကယ်လိမ်းလိုက်ရင် ပျောက်လား။ ခဏလေး ပျောက်သွားတယ်။ ဖြတ်လိုက်တာနဲ့ အရမ်းပိုဆိုးတဲ့ အဆင့်တွေ ရှိတယ်။ တကယ်တော့ အဲဒီဆေးတွေဟာ ဘာပါလဲဆိုတော့ စတီးရွိုက်တွေ ပါတာပေါ့။ စတီးရွိုက်တွေဟာ အရေပြားမှာ ဘယ်လောက် ဒုက္ခပေးတယ်ဆိုတာ အစ်ကိုလည်းကြားဖူးမှာပေါ့။ သူက အရေပြားကို ပါးစေတယ်။ ပြီးတော့ သွေးကျောတွေ ပွတယ်။ ဝက်ခြံတွေ ထွက်တယ်။ တကယ်တော့ အဲဒီဆေးတွေကို ဖြစ်နိုင်မယ်ဆိုရင် ဝယ်မသုံးမိစေချင်ဘူး ပေါ့နော်။ ကိုယ့်ကိုကတိတွေ အရမ်းပေးနေပြီဆိုရင် သတိထားရမယ်ပေါ့နော်။

ဒေါက်တာက ဒီဟာတွေကို အထူးကုပြီးတော့ ပြည်သူတွေကို ဝန်ဆောင်မှု ပေးနေတယ်လေ။ ကိုယ်တိုင်ကလည်း အသားအရေကြည်လင်ပြီးတော့ အရမ်းလှပတယ်။ တင်းတိပ် မှဲ့ခြောက်လည်း မတွေ့ရဘူးခင်ဗျ။ ဆိုတော့ ဒေါက်တာကိုယ်တိုင်က ဘယ်လို ပြုမှု နေထိုင်လဲ။ အဲဒါ လေးကို အတိုလေး ရှင်းပြပေးပါ။

ဖြေ -ဟုတ်ကဲ့ပါရှင့်။ ဘာတွေလုပ်လဲပေါ့နော်။ တစ်ချို့က အမြဲတမ်းမေးကြတယ်။ ဆရာမ ဘာလိမ်းလဲ။ ဆရာမ ဘာBrand သုံးလဲ။ ကျွန်မ အဲဒီလို Brand တွေနောက် မလိုက်ဘူးရှင့်။ ကိုယ်နဲ့ သင့်တော်မယ့် ဟာပေါ့။ ကျွန်မ အသားအရည်ဆို အဆီပြန်တဲ့သူ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဆီပြန်တဲ့သူအတွက် သင့်တော်တဲ့ မျက်နှာသစ်ဆေး သုံးတယ်။ တိုနာ သုံးတယ်။ တိုနာသုံးတယ်ဆိုတာက ချွေးပေါက်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးတယ်။ နောက်တစ်မျိုးက ကျွန်မ ဘာသုံးလဲဆိုရင် ဗီတာမင် C ပါတဲ့။ ကရင်မ်(cream) တစ်မျိုး သုံးတယ်။ ဗီတာမင် C က အသားအရည်ကိုလည်း ကြည်လင်စေတယ်။ နေရောင်ခြည်ကြောင့် ထိထားတာ ပျက်စီးတဲ့ဟာမျိုးကို သူက ပြုပြင်ပေးတယ်။ နောက်တစ်မျိုး လိမ်းတာက ဗီတာမင် A ပါတဲ့ ကရင်မ် တစ်မျိုး လိမ်းတယ်။ သူက ဘယ်လိုလဲဆိုတော့ အသားအရည်ကို ဆဲလ်အသစ် မြန်မြန်ပွားအောင် လုပ်ပေးတဲ့ ဆေးတစ်မျိုးပေါ့နော်။ ပြီးတဲ့အခါကျတော့ ဆန်းဘလော့(sunblock) လိမ်းတယ်ပေါ့။

ဆရာမ အပြင်ထွက်တိုင်း လိမ်းဖြစ်လား။

ဖြေ -ကြိုးစားပြီးတော့ လိမ်းပေးပါတယ်ရှင့်။

နောက် မေးလာတဲ့ တစ်ယောက်ကတော့ Illusion Shiva ဆိုတဲ့  သူတစ်ယောက်ကတော့ ကျွန်တော့် မျက်နှာမှာ အချိုင့်ခွက်တွေ အများကြီး ၊ အဲဒါတွေက ဘယ်လို သဘာဝနဲ့ ဖျောက်လို့ ရနိုင်မလဲ။ အစ်ကို ဆေးလိပ်သောက်လို့များလား။ အဆုတ်မကောင်းလို့လား။

ဖြေ -မျက်နှာမှာ ချိုင့်ခွက်တွေ အများကြီးဆိုတော့ ချိုင့်ခွက်တွေက အလကားနေ သူ့ဟာနဲ့သူ မဖြစ်ဘူးပေါ့နော်။ သူ ဝက်ခြံလေးတွေ ထွက်ခဲ့လို့လား ၊ ဒါမှ မဟုတ်ရင် အနားလေးတွေများ ကုတ်ဖဲ့ပြီးတော့ချိုင့်သွားတာများလားပေါ့နော်။ ဆေးလိပ်သောက်တာနဲ့ မျက်နှာမှာ ချိုင့်ခွက်ဖြစ်တာနဲ့တော့ မဆိုင်ပါဘူးရှင့်။ ဒါပေမယ့် ဆေးလိပ်သောက်တာကတော့ အရေပြား မကောင်းတဲ့အထဲမှာ ထိပ်ဆုံးက ပါတယ်ပေါ့နော်။ သူက အရေပြားကို အရွယ်မတိုင်ခင်မှာ အိုမင်းရင့်ရော်စေတယ်ပေါ့။ ပြီးတော့ အရေပြား မွဲခြောက်ခြောက်ကြီး ဖြစ်တယ်။ မဲမဲကြီးဖြစ်တယ်။ မကျန်းမာဘူး။ ဒါတွေတော့ ဖြစ်စေတာပေါ့။ ဆေးလိပ်သောက်လို့တော့ ချိုင့်ခွက်တော့ မဖြစ်ဘူးပေါ့နော်။ အမာရွတ်လေးတွေကိုသဘာဝနည်းနဲ့ ဖျောက်လို့ ရလားဆိုရင် ၊ အတိုင်းအတာ တစ်ခုထိတော့ သက်သာစေတယ်ပေါ့။ ဒါပေမယ့် လုံးဝ ပျောက်သွားမယ်လို့တော့ မထင်ဘူးပေါ့။ အရမ်းကြီး ချိုင့်နေတယ်ဆိုရင် သူက သိပ်မချိုင့်ဘူး။ နည်းနည်းလေးပဲ ချိုင့်တယ်ဆိုရင် အစိုဓာတ်ကို ပေးတဲ့ trademark လေးတွေ ၊ ဥပမာဆိုရင် ရှားစောင်းလက်ပတ် ကပ်တာမျိုး ၊ သခွားသီး ကပ်တာမျိုး ၊ အာလူးလေး ကပ်တာမျိုး ဆိုလို့ ရှိရင် အတိုင်းတာ တစ်ခုထိတော့ သက်သာတယ်ပေါ့။ တစ်ချို့ အရမ်းကြီး ဆိုးတာဆိုရင်တော့ ဒါတွေနဲ့ မသက်သာနိုင်ပါဘူး။

တစ်ချို့ အမျိုးသားတွေ တွေ့ဘူးတယ်။ ဆိုးဆိုးဝါးဝါး ချိုင့်ခွက်ကြီးတွေ အသားတွေ စားသွားသလို ဖြစ်နေတာ။ အဲဒါ ဘာလို့ ဖြစ်တာလဲ။

ဖြေ -သူတို့ ငယ်ငယ်က ဝက်ခြံလေးတွေ ထွက်ခဲ့တယ်ပေါ့။ ဝက်ခြံသေးသေးလေးတွေ မဟုတ်ဘဲနဲ့ ဝက်ခြံကြီးကြီးတွေ ထွက်ခဲ့တယ်ပေါ့။ အချိန်မီ မကုသဘူးဆိုရင် သူက ချိုင့်ခွက်ကြီးတွေ ဖြစ်တာပါရှင့်။ အမျိုးသားမှ မဟုတ်ဘူး။ အမျိုးသမီးတွေမှာလည်း ဖြစ်တယ်။ ဒါပေမယ့် အမျိုးသားတွေမှာ ဝက်ခြံအကြီးကြီးတွေ ထွက်တဲ့ အခွင့်အလမ်းက ပိုများတယ်။ ပိုများတော့ အမျိုးသားတွေမှာ ပိုမြင်ရတယ်ပေါ့။ အခုနောက်ပိုင်းမှာ ကျွန်မတို့ ဆေးခန်းတွေကို အမျိုးသားတွေရော၊ အမျိုးသမီးတွေရော ဒီမျက်နှာချိုင့်ခွက်တွေကို လာကုကြတာ ရှိတယ်။ ကျွန်မတို့ဆီမှာတော့ လေဆာပစ်တယ်ပေါ့နော်။ တစ်ချို့က တစ်ကြိမ်လောက်ပစ်ရင် အကုန်လုံး အသားရေ ပြန်ပြည့်သွားမယ် ထင်ကြတာ။ တကယ်တော့ မဟုတ်ဘူး။ တစ်ခါပစ်ရင် ၁၀ ရာခိုင်နှုန်းလောက်ပဲ တိုးတက်တယ်ပေါ့နော်။ နောက်တစ်လလောက်နေရင် တစ်ခါပစ် ၊ အဲဒီလိုမျိုး လေးငါး ခြောက်ကြိမ်လောက်ထိ ပစ်ရပါတယ်ရှင့်။ ဒါက အချိန်ယူရတဲ့ ကုသမှုမျိုးပါရှင့်။

ဆရာမ ဒီမှာလည်း အလှပရေးရာနှင့် ပတ်သက်ပြီးတော့ အရေပြားဆေးခန်း နှစ်ခု ဖွင့်ထားတယ်ဆိုတော့ အမျိုးသားတွေ၊ အမျိုးသမီးတွေလည်း ဆရာမဆီမှာ ဆေးကုသ စောင့်ရှောက်မှု ခံယူတယ်လို့ ပြောထားတယ်။ ဒီနှစ်ပိုင်းမှာ ကျွန်တော်တို့ နိုင်ငံမှာ အလှပရေးရာနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်တစား ကုသမှု ခံယူတဲ့ ရာခိုင်နှုန်းအားဖြင့် ဆရာမ ဘယ်လို ရှုမြင်လဲ။ အရင်ကာလတွေနဲ့ နှိုင်းယှဉ်ပြီး ပြောမယ်ဆိုရင်ပေါ့။

ဖြေ -ကျွန်မ ဒီရန်ကုန်မှာ အလှပနဲ့ ပတ်သက်ပြီးတော့ အလုပ် စလုပ်နေတာ လွန်ခဲ့တဲ့ ငါးနှစ် ကျော်လောက် ရှိပြီပေါ့။ အစတုန်းကဆိုရင် ဒီအလှပကို စိတ်ဝင်စားတဲ့ သူတွေက လူငယ်လေးတွေ များတယ်။ ပြီးတော့ အမျိုးသမီးတွေ များတယ်ပေါ့။ ပြီးတော့ ယောက်ျားလေး တော်တော်များများက အလှပနဲ့ ပတ်သက်ပြီးတော့ လာပြရမှာ နည်းနည်း ရှက်တယ်။ ဒါပေမယ့် အခုနောက်ပိုင်းကျတော့ အဲဒီလို မဟုတ်ဘူးရှင့်။ လွန်ခဲ့တဲ့ ငါးနှစ်ကတော့ ဒါမျိုးပေါ့။ ဒါပေမယ့် လူတိုင်းကတော့ စိတ်ထဲမှာ လှချင်နေကြတာပေါ့။ အခုနောက်ပိုင်းကျတော့ ယောက်ျားလေးတွေလည်း  လာတယ်။ ဒီ အနုပညာ အသိုင်းဝိုင်းကပဲ အလှပကို စိတ်ဝင်စားတာလား ၊ လုံးဝ မဟုတ်ဘူး။ အခြေခံ လူတန်းစားရော လူတန်းစားပေါင်းစုံပေါ့နော်။ ဒီ အကုန်လုံး ယောက်ျားမိန်းမ အသက်အရွယ်မရွေး ဒီ အလှပ ကို စိတ်ဝင်စားလာကြတယ်။ ဒီခေတ်ကြီးမှာလည်း ရုပ်ပိုင်းဆိုင်ရာက အရမ်းအရေးကြီးလာတယ်နော်။    ။

ငယ်ရွယ်နုပျိုအောင် ဘယ်လိုနေမလဲ -အပိုင်း(၁)