ရယ်ဒီမိတ်သနပ်ခါးဗူးများ ပေါ်လာသော်လည်း ကျောက်ပျဉ်များ ရောင်းအားမကျဟုဆို

ရယ်ဒီမိတ်သနပ်ခါးဗူးများ ပေါ်လာသော်လည်း ကျောက်ပျဉ်များ ရောင်းအားမကျဟုဆို

ရယ်ဒီမိတ်သုံး သနပ်ခါးဗူးများ ပေါ်လာသော်လည်း သနပ်ခါးသွေး ကျောက်ပျဉ်များ ရောင်းအား ကျမသွားကြောင်း မကွေးမြို့ မြသလွန်ဘုရားပွဲတော် ဈေးရောင်းချနေသော  ကျောက်ပြင် ငြုပ်ဆုံ မုန့်ကြိတ် အိမ်ခင်းကျောက်ပြား အမျိုးမျိုး ရောင်းဝယ်ရေးလုပ်ကိုင်သူများက ပြောသည်။

မြန်မာအမျိုးသမီးများ၏ ပါးပြင်ပေါ်တွင် အမြတ်တနိး လိမ်းချယ်လေ့ရှိသည့် သနပ်ခါးအတုံးများမှ ထွက်ရှိသည့် သနပ်ခါးနည်းတူ ယခုနောက်ပိုင်းတွင် သနပ်ခါး သွေးနေစရာမလိုဘဲ အသင့်လိမ်းချယ်၍ ရရှိသော ရယ်ဒီမိတ် သနပ်ခါးဗူးများ သနပ်ခါးအခဲများ ဈေးကွက်အတွင်း ဝင်ရောက်လာသော်လည်း သနပ်ခါးတုံးများကို သွေးသည့် ကျောက်ပြင်များ ရောင်အားနှုန်း ကျသွားခြင်းမရှိဟု   ရွှေစင် ကျောက်ပြင် ငြုပ်ဆုံ မုန့်ကြိတ် အိမ်းခင်းကျောက်ပြား အမျိုးမျိုးရောင်းဝယ်ရေး လုပ်ကိုင်သူ ဦးအောင်မောင်းက ပြောသည်။

“ ရယ်ဒီမိတ် သနပ်ခါးကို ခရီးသွားတဲ့အခါးမျိုးတွေ အလုပ်ရှုပ်တဲ့လူတွေဘဲ သုံးတာပါ အခုနောက်ပိုင်းမှား ခရီးသွားတဲ့သူတွေဆို ခရီးဆောင် ကျောက်ပျဉ်ဆိုပြီး သေးသေးလေးတွေ ဝယ်ကြပါတယ် အိမ်နေရင်း သနပ်ခါးအတုံးကိုဘဲ သွေးလိမ်းကြတာပါ ။ သနပ်ခါးတုံး ရှင်မတောင် ကောင်းကောင်းနဲ့ ကျောက်ပျဉ် ကောင်းကောင်း သွေးလိမ်းရင် ရယ်ဒီမိတ်တွေနဲ့ ဘာဆိုင်တာမှတ်လို့၊ ရယ်ဒီမိတ်သနပ်ခါးတွေ ဘယ် လောက်ဈေးကွက်ထဲဝင်ဝင် သနပ်ခါးတုံးစစ်စစ် သွေးလိမ်းသူများကြောင့် ကျောက်ပျဉ်တွေ သနပ်ခါးတုံးတွေကတော့ ရောင်းကောင်းနေမှာပါ ဟု၎င်းကပြောသည်။

မြန်မာရိုးရာ (၁၂)ပွဲတော်များ တွင် ဘုရားပွဲတော်များ ရက်ရှည် တစ်လလောက် ကျင်းပလျှင် ကျောက်ပျဉ် (၂၀၀၀)ခန့် ရောင်းရကြောင်း၊ ဘုရားပွဲ ရက်တိုး(၁၀)ရက်ခန့် ကျင်းပလျှင် ကျောက်ပျဉ်(၃၀၀)ခန့် အထိ နှစ်စဉ် ရောင်းရကြောင်း သိရသည်။

“ ရယ်ဒီမိတ်တွေကတော့ ခေတ်ကာလ တိုးတက်လာတာနဲ့အညီ ပေါ်ပေါက်နေမှာပါ ဒါပေမယ့် သဘာဝအရာတွေ တွေလောက်ကတော့ အဆင်မပြေပါဘူး သနပ်ခါးဗူးတွေ သနပ်ခါးအခဲတွေ ဈေးကွက်တွေထဲမှာ နေရာ ယူနေပေမဲ့ မြန်မာအမျိုးသမီးတွေက သနပ်ခါးတုံးကို ကျောက်ပျဉ်ပေါ်မှာ သွေးပြီးလိမ်းချယ်တာတွေကတော့ရှိနေဦးမယ်လို့ ထင်ပါတယ်” ဟု ကျောက်ပျဉ်ရောင်းချသူ ကိုဇော်မျိုးထိုက်က ပြောသည်။

ကျောက်ပျဉ်များ၏ ဈေးများမှာ ၅လက်မကျောက်ပျဉ် (၈၀၀)ကျပ်၊ ၇ လက်မ ကျောက်ပျဉ် (၁၅၀၀) ကျပ်၊ ၁၀လက်မကျောက်ပြင် (၂၀၀၀)ကျပ်၊ ၁၂ လက်မကျောက်ပျဉ် အထူ (၈၀၀၀)ကျပ်ခန့်အထိ ဈေးအမျိုးမျိုးနှင့် ကျောက်ပျဉ် များမှာ ဂွေးချိုကျောက်ပျဉ်၊စစ်ကိုင်းကျောက်ပျဉ်၊ကသာကျောက်ပျဉ်များ ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly