ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ နို၀င်ဘာ ၁၉ ရက်နေ့၌ လာမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ နို၀င်ဘာ ၁၉ ရက်နေ့၌ လာမည်

အောက်တိုဘာ ၁၈ ။             ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အာမာမွတ်အလီသည် လာမည့်နိုဝင်ဘာလတွင် မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပမည့် ၁၃ကြိမ်မြောက် အာရှ-ဥရောပထိပ်သီးစည်းဝေးပွဲ (ASEM) သို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။

ASEM နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးပွဲကို လာမည့်နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၁ရက်နေ့အထိ နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ကာ ဘင်္ဂါလီမွတ်စလင်အရေး ကိစ္စအတွက်လည်း ဆွေးနွေးသွားမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသည် နေပြည်တော်သို့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရောက်ရှိလာမည်ဖြစ် သည်။

အဆိုပါအစည်းအဝေးပွဲ၌ ၎င်းတို့သည် စေ့စပ်ညှိုနှိုင်းနိုင်ဖို့အတွက် အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး မြန်မာအစိုးရနှင့်အတူ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက တနင်္လာနေ့၌ ပြောကြားခဲ့သလို လက်ရှိဖြစ်ပွားနေသည့် အရေးကိစ္စများကိုဖြေရှင်းနိုင်ရန်အတွက် အာရှမှ မိတ်ဖက်နိုင်ငံများနှင့်အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ဥရောပသမဂ္ဂသည် လက်ရှိတွင်ဖြစ်ပျက်နေသည့် အရေးကိစ္စများကို စေ့စပ်ညှိုနှိုင်းနိုင်ရန်အတွက် အရှေ့တောင် အာရှရှိ ၎င်း၏မိတ်ဖက်နိုင်ငံများကိုလည်း အားပေးတိုက်တွန်းခဲ့သည်။

အာရှ-ဥရောပထိပ်သီးစည်းဝေးပွဲ (ASEM) သည် နိုင်ငံရေးပိုင်းဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှုများကို မြှင့်တင် ခြင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေရန်အားပေးခြင်းနှင့် အခြားကဏ္ဍများ၌ ပူးပေါင်းလုပ် ကိုင်ရာ၌ အပြန်အလှန်ယုံကြည်မှုများရှိလာစေရေးတို့အတွက် အစိုးရအဖွဲ့အချင်းချင်း တိုင်ပင်ကြသည့် ဆွေးနွေးပွဲတစ်ခုဖြစ်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုသည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ အလည်သွားမည်ဖြစ်ပြီး ထိုမှတဆင့် ASEM အစည်းအဝေးပွဲသို့ တက်ရောက်ရန် မြန်မာနိုင်ငံသို့ ထွက်ခွာမည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အာဆက်ဒူဇာမန်းခန်းသည် လာမည့်အောက်တိုဘာလ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ဘင်္ဂါလီများ နေရပ်ပြန်ပို့ရေးကိစ္စအတွက်   မြန်မာအစိုးရနှင့် ဆွေးနွေးသွားမည် ဟု ပြောခဲ့သည်။

Ref: Dhaka Tribune

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly