ပရိသတ်များ စောင့်စားနေသည့် ရင်ဘတ်ထဲကဓား ရုပ်ရှင် အောက်တိုဘာ ၂၇ရက်တွင် ရုံတင်မည်

ပရိသတ်များ စောင့်စားနေသည့် ရင်ဘတ်ထဲကဓား ရုပ်ရှင် အောက်တိုဘာ ၂၇ရက်တွင် ရုံတင်မည်

ရန်ကုန် ၊ အောက်တိုဘာ ၁၈ ။         ။ ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဒါရိုက်တာဝိုင်း ပုံဖော် ရိုက်ကူးထားသည့် ရင်ဘတ်ထဲကဓား ရုပ်ရှင် ဇာတ်ကားကို အောက်တိုဘာ ၂၇ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် စတင်ပြသ တော့မည် ဖြစ်သည်။

ရင်ဘတ်ထဲကဓား ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို အောက်တိုဘာ ၁၈ရက်တွင် ရန်ကုန်မြို့ရှိ သမ္မတ ရုပ်ရှင်ရုံ ၌ ကျင်းပပြုလုပ်ခဲ့ပြီး ထုတ်လုပ်သူ ၊ ဒါရိုက်တာ ၊ ပါဝင်ကြသည့် သရုပ်ဆောင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ ၊ မီဒီယာများ တက်ရောက်ခဲ့ကြသည်။

ထိုရုပ်ရှင်ဇာတ်ကား သည် စာရေးဆရာမ လမင်းမိုမို ၏ အမှောင်ထဲမှာ ဝတ္ထုကို ဒါရိုက်တာ ဝိုင်းက ရင်ဘတ်ထဲက ဓား အမည်ဖြင့် ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်း ရိုက်ကူး ပုံဖော်ထားခြင်း ဖြစ်သည်။  သရုပ်ဆောင်များ အဖြစ် ပြေတီဦး ၊ အိန္ဒြာကျော်ဇင် ၊ ထွန်းအိန္ဒြာဗို ၊ မြတ်ကေသီအောင် ၊ ခင်မို့မို့အေး ၊ မေကဗျာ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြသည်။

ရင်ဘတ်ထဲကဓား ရုပ်ရှင်ဇာတ်ကား တွင် လရိပ်ဝေး အဖြစ် ပါဝင် သရုပ်ဆောင် ထားသည့် အကယ်ဒမီ အိန္ဒြာကျော်ဇင် ၏ ၂၀၁၇ ခုနှစ်တွင် ပထမဆုံး ရုံတင်ပြသသည့် ရုပ်ရှင်ဇာတ်ကား ဖြစ်သလို ထိုဇာတ်ကားဖြင့် အကယ်ဒမီ ရရှိနိုင်မည်ဟု ဒါရိုက်တာ နှင့် ပရိသတ်များက မှန်းထားသည့် ဇာတ်ကားလည်း ဖြစ်သည်။

စာရေးဆရာမ လမင်းမိုမို ၏ အမှောင်ထဲမှာဝတ္ထု သည်  ဒါရိုက်တာများစွာ ပရိုဂျူဆာများစွာ ရုပ်ရှင်ရိုက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သလို အကြိမ်ကြိမ် ဇာတ်အိမ်တည်ခဲ့ဖူးသလို မင်းသားများစွာ၏ အကြိမ်ကြိမ်ခေါင်းခါမှု ခံခဲ့ရသည့် အကြိမ်ကြိမ် ပျက်ခဲ့သည့် ဇာတ်လမ်း တစ်ပုဒ်လည်း ဖြစ်သည်။

ယောကျ်ားတစ်ယောက်ကို ကိုယ်တိုင်ပြုစုပျိုးထောင် ၊ အစစအရာရာ တာဝန်ယူ မြှင့်တင်ပေးခဲ့ပေမယ့် ဆရာဝန်ဖြစ်သွားပြီးချိန်မှာ တာဝန်ယူခဲ့တဲ့ဇနီးသည်အပေါ်  ကျေးဇူးတင်ရမယ့်အစား နာကျည်းနေခဲ့တဲ့ ယောကျ်ားက  အမြင်ဆိုးနဲ့ရက်ရက်စက်စက်ဆက်ဆံတာ ခံခဲ့ရတဲ့ ၊ ယောကျ်ားရဲ့ မိသားစုနဲ့ ယောက္ခမ ထံကလည်း ကောင်းသောအမြင်၊ ကောင်းသောဆက်ဆံရေး မရခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ ထွက်ပေါက်မဲ့ ဘဝအကြောင်း ကို ရိုက်ကူးတင်ပြထားခြင်း ဖြစ်သည်။

ပရိသတ်များ မျှော်လင့်စောင့်စားနေသည့် ရင်ဘတ်ထဲကဓား ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ ၂၇ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် စတင်ပြသ တော့မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly