Shop.com.mm

ပါကစ္စတန်၌ အသေခံတိုက်ခိုက်မှုကြောင့် ၆ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရ

.

ကွေတာ၊ ပါကစ္စတန်၊ အောက်တိုဘာ ၁၈  ။           ။ ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်းဒေသ၌ ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် အသေခံတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၆ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ဘာလိုချစ္စတန်ခရိုင်၏ မြို့တော်ကွေတာရှိ ဆင်ခြေဖုံးအရပ်မှ ဆာရီယက်ဘ်လမ်းမကြီးပေါ် ရှိ အထူးရဲတပ်ဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီတိုက်ခိုက်မှုဟာ ရဲတပ်ဖွဲ့ကို ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်” ဟု အဆိုပါခရိုင်၏ ပြည်ထဲရေးဝန်ကြီး ဆာဖရက် ဘတ်ဂ်တီက သတင်းထောက်များကို ပြောခဲ့ပြီး သေဆုံးသူများမှာ ရဲ ၅ ဦးနှင့် အရပ်သား ၁ဦးဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“လူပေါင်း ၂၂ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်” ဟုလည်း သူက ဆက်ပြောခဲ့သည်။ သို့သော်လည်း ကွေတာခရိုင်ရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက သေဆုံးသူအရေအတွက်မှာ ၇ ဦးအထိရှိပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

“တိုက်ခိုက်ခံရသူတွေကို အကူအညီပေးဖို့ အဖွဲ့တွေကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ထားပါတယ်” ဟု သူက ပြောခဲ့သည်။

ကားတစ်စီးသည် ရဲတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့်ယာဉ်ကို အရှိန်နှင့်ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး မီးလောင် ကျွမ်းကာ ပေါက်ကွဲသွားခဲ့ကြောင်း ဘတ်ဂ်တီက အေအက်ဖ်ပီသို့ပြောခဲ့သည်။ အဆိုပါဖြစ်စဉ်သည် အသေခံ တိုက်ခိုက်မှုဖြစ်သည်မှာ ထင်ရှားကြောင်း အကြီးတန်းရဲအရာရှိ အက်ဘ်ဒူလ်ရာဇတ်ချီမာက ပြောခဲ့သည်။

အီရန်၊ အာဖဂန်နစ္စတန်တို့နှင့် နယ်နမိတ်ချင်းထိစပ်နေသော ဘာလိုချစ္စတန်ခရိုင်သည် လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့များ ပေါကြွယ်ဝသည့်ခရိုင်ဖြစ်သော်လည်း အစ္စလာမ်မစ်သောင်းကျန်းသူများ၊ ဂိုဏ်းဂဏစွဲ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ခွဲထွက်ရေးသမားသောင်းကျန်းသူများ၏ တိုက်ခိုက်မှုများကို မကြာခဏကြုံတွေ့ ရလေ့ရှိသည်။

ခရိုင်အတွင်း၌ လူနည်းစုဖြစ်သော ရှီးအိုက်မွတ်စလင်အသိုင်းအ၀ိုင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်သွေးကြွများ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကို မကြာခဏခံရလေ့ရှိသည်။

Tags: