ဒေသခံများ ကန့်ကွက်မှုကြောင့် အာနန္ဒာဘုရား လမ်းခင်းနေမှု ရပ်ဆိုင်းလိုက်ပြီ

ဒေသခံများ ကန့်ကွက်မှုကြောင့် အာနန္ဒာဘုရား လမ်းခင်းနေမှု ရပ်ဆိုင်းလိုက်ပြီ

ညောင်ဦး၊အောက်တိုဘာ ၁၈ ။            ။ ပုဂံအာနန္ဒာဘုရားတောင်ဘက်မုဒ်ရှိ အဝင်ပေါက်လမ်းခင်းနေမှုအား ဒေသခံပြည်သူများ၏ ကန့်ကွက်နေမှု ကြောင့် လမ်းခင်းခြင်းကို ရပ်နားထားလိုက်ပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူး ဦးရဲမြင့်က ပြောသည်။

အောက်တိုဘာလ ၁၆ ရက်မှ စတင်၍ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး အစီအမံဖြင့် အဆိုပါလမ်းကို ခင်းနေခြင်း ဖြစ်ပြီး ဘုရားဖူးများနှင့် ကားရပ်နားမှုများ အဆင်ပြေစေရန် ကျောက်စီလမ်း ခင်းခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့အနေနဲ့က ဘုရားအလုပ်ပဲ လုပ်တယ်။ ရှေးဟောင်းက ခွင့်ပြုတယ်။ ခရိုင်က လုပ်တယ်ဆိုတော့ ဘာမှ ဝင်ပြောလို့ မရဘူး။ ကျွန်တော်တို့ကတော့ ရှေးမူမပျက်ဆိုရင် လက်ခံပါတယ်။ အခုတော့ ရပ်လိုက်ပါပြီ။"ဟု ဦးရဲမြင့်က ဂေါပကအဖွဲ့က ခင်းခြင်းမဟုတ်ကြောင်း ပြောသည်။

လမ်းခင်းနေမှုကို အောက်တိုဘာလ ၁၁ ရက်က လူမှုကွန်ယက်စာမျက်နှာတွင် စတင်ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယခု ၎င်းလမ်းကို ဆက်လက်မခင်းတော့ပဲ ခင်းပြီးသားလမ်းအား   ပြန်လည်မြေဖို့နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းသည် ပေပေါင်း ၄၉၀ ရှည်လျားပြီး ပေ ၆၀ ခန့်သာ ခင်းပြီးချိန်တွင် ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ပုဂံဘုရားသို့ လာရောက်ဖူးမျှော်သူအများစုသည် ဘုရားနှင့်မြေနီလမ်းကို တွဲမြင်တတ်ကြောင်းလည်းသိရသည်။

ဒေသခံတစ်ဦးဖြစ်သူ ဦးကျော်အေးက"ရှေးဟောင်းနယ်မြေ၊ ရှေးဟောင်းသမိုင်းဝင်ဘုရားရှေ့မှာ ဒီလိုမျိုး ပုံလာဖျက်တာကို မလိုလားဘူး။ ဒါကြောင့် ကန့်ကွက်ခဲ့တယ်"ဟု ပြောသည်။

အဆိုပါလမ်းသည် ကွန်ကရစ်ခင်းခြင်းမဟုတ်ဘဲ ရိုးရိုးကျောက်စီလမ်းပြုလုပ်ရန်ဆောင်ရွက်နေခြင်းကို ဒေသခံအချို့က ကွန်ကရစ်လမ်းခင်းမည်ဟု အထင်ရောက်ကာ ကန့်ကွက်ခံရခြင်းဖြစ်သည်ဟု ဂေါပကအဖွဲ့က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly