ယခုနှစ်ကျင်းပမည့် ပုဂံအာနန္ဒာဘုရားပွဲ လုံခြံုရေးတိုးမြင့်သွားမည်

ယခုနှစ်ကျင်းပမည့် ပုဂံအာနန္ဒာဘုရားပွဲ လုံခြံုရေးတိုးမြင့်သွားမည်

ညောင်ဦး၊ အောက်တိုဘာ ၁၈ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ပုဂံဒေသတွင် နှစ်စဉ် ပြာသိုလတွင် ကျင်းပသည့် အာနန္ဒာဘုရားပွဲတော်တွင် ယခင်နှစ်များထက် ယခုနှစ်၌ လုံခြုံရေး ပိုမိုတိုးမြှင့်သွားမည်ဟု ဘုရားဂေါပကအဖွဲ့မှ ဘဏ္ဍာရေးမှူး ဦးရဲမြင့်က ပြောသည်။

"ဒီနှစ်လုံခြုံရေးကို အထူးအလေးပေး ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ ပွဲတော်ကို မြန်မာပြည်အနှံ့က လာရောက်တာဖြစ်တဲ့ အတွက် ပိုပြီးသတိထားရပါတယ်။ ကျွန်တော့်တို့ ဂေါပက အဖွဲ့လုံခြုံရေးအပြင် ပြင်ပက လုံခြုံရေးအဖွဲ့တွေကိုလည်း ငှားရမ်းသွားပါမယ် "ဟု ဦးရဲမြင့်က ပြောသည်။

ပွဲတော်အတွင်းတွင် ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့၊ တောင်ဘီရပ်ကွက်၊ ပုဂံရပ်ကွက်၊ ကျန်စစ်သားရပ်ကွက်နှင့် ဘုရင့်နောင်ရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မီးသတ် စသည့်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ လုံခြံရေးယူသွားမှာဖြစ်ပြီး ဆရာတော်၊ သံဃာတော်များကိုလည်း လုံခြုံရေးအတွက် အကူအညီပေးရန် လျှောက်ထား ထားကြောင်း ဦးရဲမြင့်ကဆိုသည်။

ပွဲတော်သို့ ပုံမှန်လာရောက် ဈေးရောင်းချသည့်ဆိုင်ပေါင်း ၁၄၀၀ရှိပြီး ၎င်းဆိုင်များအနေဖြင့် ဂေါပကအဖွဲ့ထံ ပါရှိမည့် လူဦးရေစာရင်းများ ပေးပို့ရမည်ဖြစ်သလို သူစိမ်းများမပါဝင်ရန်အတွက် ကန့်သတ်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

"ဆိုင်တစ်ဆိုင်ရဲ့လူဦးရေပေါ့။ ဘယ်သူတွေပါတယ်ပေါ့။ ကျွန်တော်တို့က ဧည့်စိမ်းမခေါ်ဖို့ မသိတဲ့သူ မခေါ်ဖို့နဲ့ သူတို့ဆိုင်က လူတွေကို တာဝန်ယူဖို့ ဒါတွေကိုပြောထားတယ်။ ပွဲတော်ကာလ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ဆိုင်တွေကို စစ်ဆေးသွားမှာပါ။"ဟုဦးရဲမြင့်ကပြောသည်။

ပွဲတော်သို့ လာရောက်ရောင်းချသည့် ဆိုင်များ အနေဖြင့် အရက်၊ ဘီယာ၊ မရောင်းချရန်နှင့် လောင်းကစားများ မပြုလုပ်ကြရန် တားမြစ်ထားကြောင်းလည်း သိရသည်။

လက်ရှိတွင် ဘုရားဖူးပြည်သူများ လုံခြုံရေးအတွက် CCTV ၈၂လုံး တပ်ဆင်ထားပြီး နေ့၊ ည လုံခြုံရေးဝန်ထမ်း ၁၃ ဦးဖြင့်ဆောင်ရွက်နေကြောင်း သိရသည်။

ပွဲတော်ကို ပြာသိုလ တစ်လလုံးကျင်းပသွားမှာဖြစ်ပြီး ဖျော်ဖြေရေးအနေဖြင့် ဇာတ်ပွဲများ၊ အငြိမ့်ပွဲများ၊ မြန်မာ့ရိုးရာ အလှပြ ခြင်းခတ်ကစားခြင်းများ ပါဝင်ဝင်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly