လေဖြတ်ခြင်းအကြောင်း သိသင့်သည်များ

လေဖြတ်ခြင်းအကြောင်း သိသင့်သည်များ

ရေးသားသူ Dr. Thant Zin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

လေဖြတ်ခြင်းအကြောင်း သိသင့်သည်များ

နှစ်တိုင်းမှာ လူဦးရေ ၈သိန်းခန့်ဟာ လေဖြတ်ခြင်းကို ခံစားနေရပြီး စက္ကန့်၄၀မှာ တယောက်နှုန်း ဖြစ်ပွားနေကြပါတယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်းရောဂါနဲ့ မတော်တဆထိခိုက်ခြင်းတို့ဟာ ပိုပြီးသေဆုံးမှု များပါတယ်။

လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေမှာ ပြသနာဖြစ်ခြင်းပါပဲ။ သွေးကြောပိတ်ခြင်းကြောင့် ဖြစ်စေ၊ သွေးကြောပေါက်ခြင်းကြောင့်ဖြစ်စေ ဦးနှောက်ဆဲလ်တွေကို သေစေနိုင်ပါတယ်။   လေဖြတ်ခြင်းဟာ အရေးပေါ်အခြေအနေဖြစ်ပြီး ကုသမှု အမြန်ဆုံးခံယူဖို့ လိုပါတယ်။လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြော ရပ်တန့်သွားတာ၊ လျော့ကျသွားတာကြောင့် ဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဦးနှောက်ကလိုအပ်တဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ မရတော့ဘဲ ဆဲလ်တွေကို သေသွားစေပါတယ်။ လေဖြတ်ခြင်းဟာ အဓိကအားဖြင့် ၃မျိုး ရှိပါတယ်။   သွေးကြောပိတ်လေဖြတ်ခြင်း၊ သွေးကြောပေါက် လေဖြတ်ခြင်းနဲ့ ယာယီလေဖြတ်ခြင်းတို့ ဖြစ်ပါတယ်။ဒီဆောင်းပါးမှာ သွေးကြောပိတ် လေဖြတ်ခြင်းနဲ့ သွေးကြောပေါက်လေဖြတ်ခြင်းကို အဓိကထား ပြောသွားပါမယ်။

အမေရိကန်မှာ လေဖြတ်ပြီးသေဆုံးသူများရဲ့ ၄၀%ဟာ အမျိုးသားများဖြစ်ပြီး ၆၀%ဟာ အမျိုးသမီးများ ဖြစ်ပါတယ်။ အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့ အဆိုအရ လူမည်းများဟာ လူဖြူများထက် ပထမအကြိမ် လေဖြတ်ခြင်းကို ၂ဆကြုံနိုင်ခြေရှိပြီး လေဖြတ်ခြင်းကြောင့် သေဆုံးမှုနှုန်းလည်း မြင့်ပါတယ်။

၂၀၀၉ ခုနှစ် အမေရိကန်မှာ လေဖြတ်ခြင်းကြောင့် သေဆုံးသူပေါင်း ၁၂၈၈၄၂ ဥိးရှိခဲ့ပြီး အသက်အရွယ်နဲ့ ဆိုင်တဲ့နှုန်းထားအရ လူတသိန်းမှာ ၃၈.၉ ယောက် ဖြစ်ပါားပါတယ်။ ဟစ်ပန်းနစ်မဟုတ်တဲ့ လူမည်းတွေမှာ ၂ဆခန့် (၁သိန်းမှာ ၇၃.၆) ရှိပါတယ်။ လေဖြတ်ခြင်းကြောင့် အရွယ်မတိုင်မီသေဆုံးမှုဟာ ဟစ်ပန်းနစ်မဟုတ်တဲ့ လူမည်းတွေမှာ ရွယ်တူ လူဖြူတွေထက် များပါတယ် (၂၅ ဆနှင့် ၁၀.၂ ဆ)

လေဖြတ်ခြင်းဟာ ကိုယ်အလေးချိန်ပိုသူများ၊ အသက် ၅၅နှစ်ထက် ကြီးသူများ၊ မိသားစုတွင်း လေဖြတ်ရောဂါ ရာဇဝင်ရှိသူများ၊ ကိုယ်လက်လှုပ်ရှား မလုပ်သူများ၊ အရက်အလွန်အကျွံသောက်သူများ၊ ဆေးလိပ်သောက်သူများ၊ မူးယစ်ဆေးသုံးသူများမှာ ပိုဖြစ်တတ်ပါတယ်။

သွေးကြောပိတ်လေဖြတ်ခြင်း

အဖြစ်အများဆုံး လေဖြတ်ခြင်းအမျိုးအစားဖြစ်ပြီး အားလုံးရဲ့ ၈၀% ရှိပါတယ်။ ဒီလေဖြတ်ခြင်းဟာ သွေးခဲခြင်းကြောင့်ဖြစ်တတ်ပြီး ဦးနှောက်ကိုသွားတဲ့ သွေးလွှတ်ကြောထဲမှာ   ဖြစ်တတ်ပါတယ်။   သွေးခဲကြောင့် ဦးနှောက်အတွင်း သွေးရောက်တာ လျော့နည်းသွားနိုင်ပါတယ်။

သွေးကြောပိတ်ဆို့ခြင်းဟာ ဦးနှောက်သွေးကြောတွေ ထဲမှာ ဖြစ်တတ်သလို တခြားသွေးကြောထဲမှာ ဖြစ်ပေါ်လာပြီး ဦးနှောက်ထဲ ရောက်လာတာမျိုးလည်း ရှိတတ်ပါတယ်။ သွေးခဲများဟာ   သွေးလွှတ်ကြောအတွင်း အဆီဓာတ်များ အနည်ကျဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။

သွေးကြောပေါက်လေဖြတ်ခြင်း

သွေးကြောပေါက်လေဖြတ်ခြင်းဟာ ဦးနှောက်အတွင်းက သွေးကြောတွေ ပေါက်သွားခြင်းကြောင့် ဖြစ်ပါတယ်။ ပေါက်သွားတဲ့ သွေးကြောဟာ ဦးနှောက်ဆဲလ်တွေကို ဖိအားပေးပြီး ပျက်စီးစေပါတယ်။ ဦးနှောက်အလယ်ပိုင်းနဲ့ မျက်နှာပြင်ပိုင်းမှာ သွေးကြောပေါက်တတ်ပြီး သွေးများဟာ ဦးနှောက်နဲ့ ဦးခေါင်းခွံကြားကို ရောက်သွားပါတယ်။

သွေးကြောပေါက်ခြင်းဟာ သွေးတိုးခြင်း၊ ဒဏ်ရာရခြင်း၊ သွေးကျဲခြင်းနဲ့ သွေးကြောဖောင်းခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။

ဦးနှောက်အတွင်း သွေးယိုခြင်းဟာ အဖြစ်အများဆုံးဖြစ်ပြီး ဦးနှောက်သွေးကြောပေါက်သွားပြီး ဦးနှောက် တစ်သျှူးများဟာ သွေးနဲ့ပြည့်သွားရင် ဖြစ်တတ်ပါတယ်။ ဦးနှောက်အမြှေးပါးအောက် သွေးယိုခြင်းကတော့ ဒုတိယအမျိုးအစားဖြစ်ပြီး တွေ့ရနည်းပါတယ်။ ဒီအမျိုးအစားမှာ သွေးယိုခြင်းဟာ ဦးနှောက်နဲ့ဦးနှောက်အမြှေးပါးကြားမှာ ဖြစ်တတ်ပါတယ်။

ယာယီလေဖြတ်ခြင်း

ယာယီလေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးစီးဆင်းမှု မကောင်းကြောင်းပြတဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်ပါတယ်။ သူဟာ သွေးခဲနဲ့ အနည်အနှစ်တွေကြောင့် ဖြစ်တဲ့ သွေးကြောပိတ် လေဖြတ်ခြင်းနဲ့ ဆင်တူပါတယ်။

ယာယီလေဖြတ်ခြင်းမှ သွေးကြောဟာ ခဏတာပဲ ပိတ်ပေမယ့် တခြားလေဖြတ်ခြင်းတွေလိုပဲ အရေးပေါ်ကိစ္စ မှတ်ယူရပါမယ်။ နောင်မှာ တခြားလေဖြတ်ခြင်းတွေ ဖြစ်နိုင်တဲ့ သတိပေးခြင်းဖြစ်ပြီး တစိတ်တပိုင်းပိတ်နေတဲ့ သွေးကြော၊ ဒါမှမဟုတ် နှလုံးထဲမှာ သွေးခဲဖြစ်စေတဲ့ အရင်းအမြစ် တခုခု ရှိနိုင်ကြောင်း ပြနေပါတယ်။

ရောဂါထိန်းချုပ်ကာကါယ်ရေးဌာနရဲ့ အဆိုအရ ယာယီလေဖြတ်ခြင်း ဖြစ်ဖူးသူတွေရဲ့ သုံးပုံတပုံခန့်ဟာ ကုသမှုမခံယူရင် တနှစ်အတွင်း လေဖြတ်ခြင်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ၁၀ ကနေ ၁၅%ခန့်ဟာ ယာယီလေဖြတ်ခြင်းဖြစ်အပြီး ၃နှစ်အတွင်း လေဖြတ်တတ်တယ်လို့ သိရပါတယ်။

လေဖြတ်ခြင်းလက္ခဏာများ

လေဖြတ်ခြင်းဟာ တခါတရံမှာ ကြိုတင်မသိနိုင်ဘဲ လျင်မြန်စွာ ဖြစ်ပေါ်လာတတ်ပါတယ်။

အဓိကလက္ခဏာတွေကတော့

  •      စိတ်ရှုပ်ထွေးခြင်း၊ စကားပြောခက်ခဲခြင်း၊ သူတပါးပြောသည်ကို နားလည်ရန်ခက်ခဲခြင်း
  •      ခေါင်းကိုက်ခြင်း၊ အန်ခြင်း
  •      ကိုယ်ခန္ဓာတဖက်တည်းရှိ မျက်နှာ၊ လက်နှင့် ခြေများထုံခြင်း
  •      မျက်လုံးတဖက် သို့ နှစ်ဖက်စလုံးတွင် အမြင်အာရုံ မကောင်းခြင်း
  •      လမ်းလျှောက်ရန်ခက်ခဲခြင်း၊ မူးဝေခြင်း၊ မထိန်းနိုင်ခြင်း

စသဖြင့် ဖြစ်ပါတယ်။

လေဖြတ်ခြင်းဟာ ရေရှည်ပြသနာဖြစ်ပါတယ်။ လေဖြတ်ခြင်းနောက်ပိုင်းမှာ မစွမ်းမသန်ခြင်းဟာ ယာယီဖြစ်သွားမလား၊ အမြဲတမ်းဖြစ်သွားမလား ဆိုတာဟာ ဘယ်လောက်မြန်မြန် ရောဂါရှာတွေ့လဲ၊ ကုနိုင်လဲ ဆိုတာကို မူတည်ပါတယ်။ အထက်ပါပြသနာတွေအပြင် အောက်ပါအခြေအနေ များလည်း တွေ့ကြုံနိုင်ပါတယ်။

  •      ဆီးနှင့်ဝမ်းထိန်းရာတွင် ပြသနာရှိခြင်း
  •      စိတ်ဓာတ်ကျခြင်း
  •      လက်များနာပြီး လှုပ်ရှားလျှင် အပူအအေးပြောင်းလဲလျှင် ပိုဆိုးခြင်း
  •      ကိုယ်ခန္ဓာတဖက် သို့ နှစ်ဖက်လုံးတွင် ချည့်နဲ့ခြင်း၊ အားနည်းခြင်း
  •      စိတ်ခံစားမှုထိန်းချုပ်ရာတါင်၊ ဖော်ပြရာတါင် ပြသနာရှိခြင်း

လေဖြတ်ခြင်းအတွက်ကုသမှုများ

ကုသမှုတွေမှာ သွေးခဲကိုပျော်စေပြီး ထပ်မံဖြစ်ပေါ်ခြင်းကနေ တားမြစ်ပေးပါတယ်။ Asprin ပေးနိုင်ပြီး TPA ဆေးထိုးနိုင်ပါတယ်။

TPA ဆေးဟာ သွေးခဲပျော်စေတဲ့ အာနိသင်ရှိပြီး လေဖြတ်ခြင်းလက္ခဏာ ဖြစ်ပေါ်ပြီး ၄-၅နာရီအတွင်း ထိုးနိုင်ဖို့လိုပါတယ်။

ကုသမှုဟာ ဥိးနှောက်အတွင်းဖိအားကို ကျစေတဲ့ ဆေးများ၊ သွေးတိုးကျစေတဲ့ဆေးများ၊ အတက်ရောဂါ ကာကွယ်ဆေးများ၊ သွေးကြောကျုံ့ခြင်းကို ကာကွယ်တဲ့ဆေးများနဲ့လည်း စတင်နိုင်ပါတယ်။ လူနာဟာ Warfarin နဲ့ Clopidogrel စတဲ့ သွေးကျဲဆေးများ သောက်နေရရင် ဆေးအာနိသင်ကို တန်ပြန်ဖို့ ဆေးပေးတာ၊ သွေးသွင်းတာ လုပ်ရပါတယ်။နေထိုင်မှုပုံစံပြောင်းသလို နောင်လေဖြတ်ခြင်းကနေ ကာကွယ်နိုင်ဖို့ ဆရာဝန်ဟာ သွေးမခဲစေတဲ့ဆေးများ ညွှန်နိုင်ပါတယ်။ ဒါ့အပြင် သွေးကြောခွဲစိတ်ခြင်းကိုလည်း လေဖြတ်ခြင်းဖြစ်ပွားနိုင်ခြေကို လျှော့ချဖို့ သုံးနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly