တူရကီရဲတပ်ဖွဲ့ဘတ်စ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ၁၂ဦးခန့် ဒဏ်ရာရရှိ

တူရကီရဲတပ်ဖွဲ့ဘတ်စ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ၁၂ဦးခန့် ဒဏ်ရာရရှိ

အီစတန်ဘူလ်၊ တူရကီ၊ အောက်တိုဘာ ၁၈  ။            ။ တူရကီနိုင်ငံတောင်ပိုင်းရှိ မြေထဲပင်လယ်ကမ်းရိုးပေါ်မှ မာဆင်မြို့၌ အင်္ဂါနေ့က ရဲတပ်ဖွဲ့ဘတ်စ်ကားတစ်စီးကို ပစ်မှတ်ထားသော ဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၂ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းရှိ မီဒီယာများက ဖော်ပြခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ်များနှင့် မီးသတ်ကားများလျင်မြန်စွာ ရောက်ရှိလာခဲ့ကြောင်း အစိုးရ သတင်းဌာန အန်နာဒိုလူမှ ဖော်ပြခဲ့ပြီး အဖြူရောင်မီးခိုးလုံးများ အလိပ်လိုက်ထွက်ပေါ်လာသည်ကို ရုပ်သံမှတ် တမ်းများ၌ မြင်တွေ့ရသည်။

အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်ခဲ့သည်ဟု ရှင်းရှင်းလင်းလင်းမပြောနိုင်သေးကြောင်း နှင့် ဗုံးကိုအဝေးထိန်းကရိယာဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း စီအဲန်အဲန်တာ့ခ် ရုပ်သံလိုင်းမှ တင်ပြခဲ့သည်။

ဒိုဂန်သတင်းဌာနမှ ထုတ်ပြန်ခဲ့သော ဓာတ်ပုံများထဲ၌ အဖြူရောင်ဘတ်စ်ကားတစ်စီးသည် ပြတင်းပေါက်များ ကွဲကြေနေပြီး ကားနောက်ဘတ်ခြမ်း၌ မီးလောင်ကျွမ်းနေကာ မှန်ကွဲစများ လမ်းမပေါ်သို့ လွင့်စင်နေသည်ကို မြင်တွေ့ရသည်။

တူရကီနိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေပြီး ပြီးခဲ့သော ၂၀၁၆ ခုနှစ်က လူရာပေါင်းများစွာသေဆုံးခဲ့သည့် တူရကီသမိုင်းတစ်လျှောက် လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ထိုတိုက်ခိုက်မှုကို IS အဖွဲ့က ကျူးလွန်ခဲ့သည်ဟု ပြောဆိုကြသလို တူရကီတို့နှင့် တိုက်ခိုက်လျက်ရှိသည့် PKK သူပုန်အဖွဲ့မှ ကျူးလွန်ခဲ့သည်ဟုလည်း ပြောဆိုလျက်ရှိသည်။

ပြီးခဲ့သောနှစ်သစ်ကူးအကြိုနေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ နိုက်ကလပ်တစ်ခု တိုက်ခိုက်ခံရမှုကြောင့် နိုင်ငံခြားသားများအပါအဝင် လူပေါင်း ၃၉ ဦးခန့် သေဆုံးခဲ့ရသည်။ ထိုကဲ့သို့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော ကြောင့် နိုင်ငံတွင်း၌ တင်းမာမှုများ မြင့်တက်လာခဲ့ပြီး လုံခြုံရေးများကို တင်းကြပ်စွာ ချထားလျက်ရှိသည်။

တူရကီနိုင်ငံအရှေ့တောင်ပိုင်းအရပ်တွင် PKK အဖွဲ့သည် မကြာခဏဆိုသလို တူရကီလက်နက်ကိုင်တပ်ဖွဲ့များ ကို ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly