ဖြိုးကိုကိုတင့်ဆန်းအမှု ကွင်းဆက်အဖြစ် ၃ရက်မြောက်နေ့အထိ လက်နက်များထပ်မိ၊ ဥပဒေချိုးဖောက်မှုအားလုံးကို ဖော်ထုတ်မည်ဟု ပြည်ထဲရေးဒုဝန်ကြီး ပြော

ဖြိုးကိုကိုတင့်ဆန်းအမှု ကွင်းဆက်အဖြစ် ၃ရက်မြောက်နေ့အထိ လက်နက်များထပ်မိ၊ ဥပဒေချိုးဖောက်မှုအားလုံးကို ဖော်ထုတ်မည်ဟု ပြည်ထဲရေးဒုဝန်ကြီး ပြော
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၁၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ အောက်တိုဘာ ၁၅ရက်ညပိုင်းက နေပြည်တော်လေဆိပ်တွင် လက်နက်ခဲယမ်းများ၊ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးခံထားရသည့် ဖြိုးကိုကိုတင့်ဆန်းအမှုနှင့်ပတ်သက်ပြီး အမှုကွင်းဆက်အဖြစ် ၃ရက်မြောက်နေ့အထိ ရဲတပ်ဖွဲ့က လက်နက်များ သိမ်းဆည်းရမိလျက် ရှိသည်။

ယနေ့ ထပ်မံ သိမ်းဆည်းရမိသည့် သေနတ် ၈လက် အပါအဝင် ဆိုပါက စုစုပေါင်း သေနတ် ၂၁လက် သိမ်းဆည်းရမိထားပြီ ဖြစ်သည်။ အမှုနှင့်ပတ်သက်ပြီး ဥပဒေချိုးဖောက်မှုအားလုံးကို ဖော်ထုတ်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

“ပထမနေ့မှာတော့ အားလုံးပေါင်း ၁၃လက် သိမ်းဆည်းရမိပါတယ်။ ဒီကနေ့တော့ လက်နက် ၈လက် သိမ်းဆည်းရမိပါတယ်။ ဒီကနေ့အထိတော့ တရားခံ ၁၂ယောက် ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။ ကွင်းဆက်တရားခံတွေလည်း ဆက်လက် ဖော်ထုတ်နေပါတယ်” ဟု အောက်တိုဘာ ၁၇ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် ဗိုလ်ချုပ်အောင်စိုးက မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။

လက်ရှိအချိန်တွင် ဖြိုးကိုကိုတင့်ဆန်းနှင့် ကွင်းဆက်တရားခံများဟု ရဲတပ်ဖွဲ့က ယူဆပြီး ဖမ်းဆီးထားသူ အားလုံးကို နေပြည်တော်နှင့် ရန်ကုန်ရှိ ရဲစခန်းများတွင် လက်နက်ပုဒ်မ ၁၉(စ)၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/၂၁ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“အဓိကကတော့ ကျန်ရှိနေတဲ့ လက်နက်တွေနဲ့ ကွင်းဆက်တရားခံတွေအားလုံးကို အမြန်ဆုံး ဖမ်းဆီးရမိဖို့၊ သိမ်းဆည်းရမိဖို့ ဒါက အရေးကြီးတဲ့အတွက် ဒါကို ကျွန်တော်တို့ ဦးစားပေးလုပ်နေပါတယ်” ဟု ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။

လက်ရှိတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာနတို့၏ ဝန်ကြီးဟေင်းဖြစ်သူ ACE ကုမ္ပဏီဥက္ကဌ ဦးတင့်ဆန်း၏သား ဖြိုးကိုကိုတင့်ဆန်းနှင့်ဆက်စပ်နေသည့် လုပ်ငန်းအားလုံးကို စိစစ်နေသည်ဟုလည်း ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

စိစစ်မှု အချက်အလက်များကို အသေးစိတ်ပြောဆိုခြင်းမရှိသော်လည်း ဆောင်ရွက်ချက်အားလုံးကို သမ္မတဦးထင်ကျော် ဦးဆောင်သည့် ပြည်ထောင်စုအစိုးရထံ အချိန်နှင့်တပြေးညီ တင်ပြလျက်ရှိသည်ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ဖြိုးကိုကိုတင့်ဆန်းအား နေပြည်တော်တွင်ပင် ထိန်းသိမ်းစစ်ဆေးလျက်ရှိပြီး ယခုလကုန်ပိုင်းအတွင်း ရုံးထုတ်နိုင်ချေရှိသည်ဟု သတင်းရင်းမြစ်တစ်ချို့ထံမှ မဇ္ဈိမက စုံစမ်းသိရှိရသည်။

ဆက်စပ်သတင်းများ >>> http://www.mizzimaburmese.com/article/33144

                           >>> http://www.mizzimaburmese.com/article/33160

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly