သွေးတိုးရောဂါအကြောင်း မေးခွန်းရှိနေပြီလား (အပိုင်း - ၄)

သွေးတိုးရောဂါအကြောင်း မေးခွန်းရှိနေပြီလား (အပိုင်း - ၄)

သမားတော်ကြီးဒေါက်တာဦးနေဝင်းက 4R Health Talk အစီအစဉ်ရဲ့ တိုက်ရိုက်ဖြေကြားမှု အပိုင်း( ၂ )

 

မေး။   ။ သွေးတိုးက ဆီးချိုတို့ လေဖြတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်နိုင်ခြေ များပါသလား ။သွေးတိုး ရှိခြင်းကို အသက် ဘယ်လောက် သွေးတိုး ဘယ်လောက်မှာ သွေးတိုးရှိသူလို့ သတ်မှတ်ပါသလဲခင်ဗျာ။ ဆရာကြီး ခုနက ပြောသွားတဲ့အထဲမှာ သွေးတိုး ဘယ်လောက်မှဆိုတာကတော့ နံပါတ်တွေတော့ ရှိပြီးသားပေါ့။ ခုနကမေးထားတဲ့ ပထမအပိုင်းကို ဆရာကြီး နည်းနည်းလေး ဖြေပေးလို့ရမလားမသိဘူး။

ဖြေ။   ။ မေးခွန်းက နှစ်ပိုင်းပါတယ်လေ။ တစ်ပိုင်းက ဆီးချိုနဲ့ ပတ်သက်တယ်။ တစ်ပိုင်းက အသက်ဘယ်လောက်ဆိုတော့ အဲဒါက ပြောဖို့လိုပါတယ်။ အသက်ဘယ်လောက်ဆိုတာ သွေးတိုးရောဂါမှာ သတ်မှတ်ချက် မရှိဘူး။ လူကြီးသွေးတိုးဆိုတာကတော့ အသက် ၁၈ နှစ်အထက်ဟာတွေ အခုပြောတဲ့ ၁၄၀-၉၀ တွေ အကျုံးဝင်တယ်။ အသက် ၁၉ နှစ်လည်းပဲ ၁၄၀-၉၀ ကျော်ရင် ခေါ်တာပဲ။ အသက် ၇၀ ကျော်လို့ ၁၄၀-၉၀ ဆိုရင် ခေါ်တာပဲ။ ဒါကြောင့် အသက် ဘယ်လောက်ရယ်လို့ မရှိဘူး။ ဒါပေမယ့် ဖြစ်ပွားမှုနှုန်းကတော့ ကွာသွားတယ်။ ကြီးလေဖြစ်လေ ကြီးလေဖြစ်လေ အသက် ၅၀ ကျော်သွားရင် ဖြစ်တဲ့ရာနှုန်းသာ ကွာသွားတယ် ။အသက်ဘယ်လောက် ကြောင့် ဘယ်လိုတို့ဆိုတာ မရှိဘူး။ ဒါဆိုရင်တော့ ဒုတိယမေးခွန်းပေါ့။ ပထမမေးခွန်းက ဆီးချို၊ သွေးတိုး၊ အဆီများ ၊ အဝလွန် ၊ ဆေးလိပ်ပါထည့်လိုက်ရင် ၅ မျိုးပေါ့။ ဒီ ၅ မျိုးက ဘာကိုဖြစ်စေ တာလဲဆိုတော့ ခုနကပြောတဲ့ နောက်ဆက်တွဲတွေကို ဖြစ်စေတာ။ လေဖြတ်တာ၊ နှလုံးသွေးကြော ပိတ်တာ၊ ကျောက်ကပ်ပျက်စီးတာ၊ မျက်စိကွယ်တာ လေးခုပေါ့ ။ ဒီထက်ချဲ့ရင်လည်း ရသေးတယ်။ အလွယ်ကူဆုံး အဖြစ်များတာကတော့ ဒီ ၄ ခုပေါ့။ ဒီငါးခုက ဒီလေးခုကို ဘယ်ဟာဆိုးတယ်လို့ဆိုရင် အကုန်လုံးဆိုးတယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ အဆိုးဆုံးက ဘာလဲဆိုရင် သွေးတိုးက လေဖြတ်တဲ့အတွက် အဆိုးဆုံးပဲ။ သွေးတိုးရော ၊ ဆီးချိုရော နှစ်ခုပေါင်းပြီး နှလုံးသွေးကြောပိတ်တာ၊ ကျောက်ကပ်ပျက်ဆီးတာဖြစ်တယ်။ အဲဒီတော့ အကုန်လုံးပေါင်းပြီး အကုန်လုံးကို ဆိုးစေတာဖြစ်တဲ့ အတွက်ကြောင့် ၊ သွေးတိုးက ဆီးချိုတို့ လေဖြတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်နိုင်လားဆိုတော့ ဖြစ်နိုင် တယ်။ ခုနကလည်း ပြောခဲ့ပြီးပြီ။ ထပ်ပြောရဦးမယ်ဆိုရင် အဲဒီငါးခု ဆုံလေလေ ၊ များလေလေ တစ်ခုတည်းရှိတာထက် သုံးခုရှိတာ များလေလေ ။ အဲဒီရောဂါတွေ ရှိတာ ကြာလေလေ တစ်လရှိတာ ကနေ တစ်နှစ် ရှိတာ၊ ဆယ်နှစ်ရှိတာ အဲဒီရောဂါတွေကို ကောင်းကောင်း မထိန်းနိုင်လေလေပဲ သုံးချက်ပေါ့။ အဲဒီသုံးချက် ရှိလို့ရှိရင် ခုနက နောက်ဆက်တွဲက ဖြစ်မှာ။ ဒါကြောင့်မို့လို့ တိုက်ရိုက်ဖြစ်နိုင်ခြေ များလားဆိုတော့ လုံးဝ များပါတယ်။

မေး။   ။ ဟုတ်ကဲ့ပါ။ Ko Ra Tu မေးသွားတဲ့ မေးခွန်းကို ဆရာကြီး ဖြေပေးသွားတာ ဖြစ်ပါတယ်။ အဲတော့ Ko Ra Tu အတွက်က တော်တော်ကို အသုံးဝင်မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ အချိန်လေးလည်း နည်းနည်း လင့်လာပြီဆိုတော့ နောက်ထပ် ၁၀ မိနစ်လောက် အချိန်ရပါဦးမယ်။ မေးခွန်းတွေကိုလည်း အရမ်းမေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် တချို့မေးခွန်း တွေကို တော့ ခြုံပြီးတော့ လူတိုင်းနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကို ကျွန်တော် မေးပေးနေတာဖြစ်ပါတယ်။ တချို့မေးခွန်းတွေကိုလည်း မမေးပေးနိုင်ခဲ့ရင်လည်း ခွင့်လွှတ်ပါ။ သေချာတာကတော့ မေးခွန်းတွေက တော်တော်များများ ကျန်ခဲ့မှာဖြစ်ပါတယ်။ ဆရာကြီးပြောသွားတဲ့အထဲမှာ အစားအသောက် နေထိုင်မှုပုံစံ တွေကိုလည်း ကျွန်တော်တို့ ပြောင်းရမယ်လို့ ပြောတယ်။ နောက်တစ်ခုက ကျွန်တော်တို့မှာ ဆိုကြပါစို့ မြန်မာ့ယဉ်ကျေးမှုမှာ အိမ်တိုင်းမှာ သွေးပေါင်ချိန်တဲ့ ကိရိယာ ရှိသင့်လား။ ဆရာကြီး ဘယ်လိုမျိုး အကြံပေးချင်လဲ။

ဖြေ။   ။ တိုတိုပြောမယ်ဆိုရင်တော့ ရှိသင့်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်အချက်ကတော့ သွေးတိုးလူနာ မရှိလဲပဲ ကိုယ့်မှာ သွေးတိုးရှိလား မရှိလားဆိုတာ အသိနိုင်ဆုံးကတော့ ဒီပစ္စည်းပဲ ဖြစ်ပါတယ်။ သွေးတိုးရှိတဲ့သူကလည်း နေ့စဉ်နေ့စဉ် နေ့ရောညရော အချိန်မရွေး အလွယ်တကူ ကိုယ်ဘာဖြစ်နေလဲ တိုင်းပြီး မှတ်ထားဖို့ လိုတဲ့အတွက်ကြောင့် အိမ်တိုင်းရှိသင့်တယ်။ သွေးတိုးရောဂါ မရှိတဲ့လူနာအိမ်မှာလည်း ရှိသင့်တယ်။ သွေးတိုးလူနာရှိတဲ့အိမ်မှာဆို ပိုတောင် ရှိသင့်သေးတယ်။ ဒီနေရာမှာ အရေးကြီးတာလေးတစ်ခုပေါ့ ဆရာဦးမျိုးသန့်မေးတာထက် ကျော်ပြီးတော့ ကျွန်တော် ဖြေပေးသွားချင်တယ်။ အဲဒီတော့ သွေးပေါင်ချိန်ကိရိယာ ဝယ်မယ်ဆိုရင် အဝယ်မမှားပါနဲ့။ သွေးပေါင်ချိန်ကိရိယာက သုံးမျိုးရှိတယ်။ တစ်ခုက တွေ့ဖူးမှာပေါ့ အရပ်အခေါ်ပေါ့ ဘီပီကပ်ပေါ့ ၊အရှည်။ နိုင်ငံတကာမှာ သိပ်မသုံးတော့ဘူး။ ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာက ဒီနေရာလေးမှာ ကျွန်တေ်ာ ပြောချင်တာက မာကျူရီ ပြဒါးတံနဲ့ ကော်လံတွေကို အိမ်မှာ ဖြစ်သလိုသိမ်းတယ်။ မာကျူရီက ဘေးကို စိမ့်ထွက်နေတယ်။ အဲဒါကို စက္ကူလေးနဲ့ လက်ကလေးနဲ့ ကိုင်ပြီးတော့ ပြန်ထည့်တယ်။ အင်မတန်မှ အန္တရာယ်များတယ်။ သူများနိုင်ငံမှာက အဲဒီမာကျူရီ အပြင်ထွက်ပြီ လက်နဲ့ထိရမှာ ကြောက်တယ်။ ဒါကြောင့်မို့ ဆေးရုံတွေမှာ အဲဒါကို သိပ်ပြီးတော့ မသုံးတော့ဘူး။ အဲဒါမသုံးတော့ ဘာသုံးလဲဆိုတော့ အဲဒါရဲ့ အားနည်းချက်က ဘာလဲဆိုတော့ ကိုယ်တိုင်တိုင်း လို့မရဘူး။ နားကျပ်လိုတယ်။ အသံကို နားထောင်ရတယ်။ နောက်ပြီးတော့ ဘာဖြစ်လဲဆိုတော့ နည်းစနစ်မှန်ဖို့လိုတယ်။ ဒါက မကောင်းတဲ့အချက်ပေါ့။ နောက်တစ်ခုကတော့ နှစ်ယောက်ရှိမှဖြစ် တယ်။ ခရီးသွားရင် သယ်ရတာ မလွယ်ဘူး။ နောက်တစ်ခုကတော့ တွေ့ဖူးမလားမသိဘူး ဒိုင်ခွက်လေးတွေနဲ့ အဲဒါက ဘာလဲဆိုတော့ စပရိမ်တွေ ထည့်ထားတာပေါ့။ အဲဒီကောင်က အမှားအများဆုံးပဲ။ သူက ပြုတ်ကျရင် စပရိမ်ချောင်သွားတယ်။ အဲဒါတော့ မသုံးသင့်ဘူးပေါ့နော်။ အသုံးသင့်ဆုံးကတော့Digital ပေါ့နော်။ သူကတော့ မျိုးစုံရှိတယ်။ သူများနိုင်ငံမှာတော့ လက်ထိပ်မှာ တိုင်းတာရှိတယ်။ ကျွန်တော်တို့မှာ မရှိဘူး။ လက်ကောက်ဝတ်မှာ တိုင်းတာရှိတယ်။ လက်မောင်းမှာ တိုင်းတာရှိတယ်။ အဲဒီနှစ်ခုကို စဉ်းစားမယ်ဆိုရင် လက်ကောက်ဝတ်မှာ တိုင်းတာက မှားတက်တယ်။ လက်လေး နည်းနည်းလှုပ်တာနဲ့ ပြောင်းသွားတယ်။ မဝယ်သင့်ပါဘူး။ ဝယ်သင့်တာကတော့ လက်မောင်းမှာ တိုင်းတဲ့ဟာပေါ့။ အဲဒါ ဝယ်တဲ့အခါကျတော့လည်း နိုင်ငံမျိုးစုံကနေ ကုမ္ပဏီမျိုးစုံက နေဆိုတော့ ကိုယ့်ရဲ့ အသက်နဲ့ ယှဉ်တဲ့ ပြဿနာ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျွန်တေ်ာတို့က မှန်ကန် တိကျတဲ့ ဟာတွေကိုပဲ ဝယ်စေချင်တော့ စိတ်ဝင်စားရင်တော့ website တွေရှိတယ်။ ကျွန်တော်လည်း သုံးတာရှိပါတယ်။ ပြောပြရင် ကြောငြာသလိုဖြစ်မှာစိုးလို့ မပြောတော့ပါဘူး။ ကိုယ်တိုင်ပဲ အမျိုးအစား ကို လေ့လာပါ။ ပစ္စည်းလည်းလိုတယ် တိုင်းတဲ့နည်းလည်း လိုတယ်ဆိုတော့ တိုင်းတဲ့နည်းကလည်း အရေးကြီးတယ်။ တည့်တည့်ထိုင်ရမယ်။ ကော်ဖီမသောက်ရဘူး။ စကားမပြောရဘူး။ ကော်ဖီ လက်ဖက်ရည်တွေ ကြိုပြီးတော့ မသောက်ထားရဘူး။ အသက်ကို ပုံမှန်ရှူရမယ်။

မေး။   ။ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ မေးခွန်းတွေလည်း တော်တော်များများ ဖြေပြီးသွားပြီ။ မေးခွန်းတွေ မေးမြန်းသွားတဲ့ မဇ္ဈိမ ပရိသတ်များကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီမှာမေးလာတဲ့ မေးခွန်းတွေကို ကျွန်တေ်ာ ခြုံပြီးတော့ ပြောရမယ်ဆိုရင် အဓိက သူတို့မေးထားတဲ့ ဟာက ဘယ်လိုမျိုး အဓိက နေထိုင်ရမလဲတဲ့။ ဘယ်လိုအစားအသောက်တွေကို ရှောင်ပြီးတော့ ဘယ်လိုအစားအသောက်တွေကို စားသုံးသင့်သလဲလို့ ထပ်မေးထားပါတယ်။ ဆရာကြီး အဲဒါလေး ကိုလည်း နည်းနည်းလေး အကျဉ်းခြုံးပြီးတော့ ဖြေပေးလို့ရမလားခင်ဗျ။ ထပ်ပြီးတော့ မေးလာလို့ပါ။

ဖြေ။   ။ ဒါကတော့ ကျွန်တော်ပြောထားသလိုပေါ့နော် ဝမ်းသာပါတယ်၊ သိချင်တာကိုမေးတာ ကျွန်တော်အနေနဲ့ ဘယ်လိုပြောရမလဲဆိုတော့ ဖြေရတာ ဝမ်းသာပြီးတော့ ပျော်နေတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သိစေချင်တာကို မေးတဲ့အတွက်ကြောင့်ပေါ့။ ခြုံပြီးတော့ ပြောရမယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်ပါ။ အရက်မသောက်ပါနဲ့။ အရက်လျော့သောက်ပါ။ အဆီလျော့စားပါ။ စားရင်လည်း တိရိစ္ဆာန်ဆီ မစားပါနဲ့။ စားအုန်းဆီ မစားပါနဲ့။ အဲလိုမျိုးကြီးလည်း မပြောချင်ပါဘူး။ စားအုန်းဆီက မသင့်တော်ဘူးပေါ့နော်။ တကယ်သင့်တော်တာကတော့ အသီးအရွက်ဆီပေါ့။ ဒါတွေကတော့ ဒီထက် ကျယ်ဝန်းပါတယ်။ နောက်တစ်ခုကတော့ အသီးအရွက် စားပေးပါ။ အသီးစားပေးပါ။ ငါးစားပေးပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ တစ်နေ့ကို နာရီဝက်ခန့် လမ်းလျှောက်ပါ။ ဖြေးဖြေးချင်းတော့ လျှောက်လို့ မရဘူးပေါ့။ နည်းနည်း မြန်မြန်လေး တစ်ပတ်ကို ၅ ရက်လောက် လျှောက်ပေးပါ။ အဲဒါဆိုရင်တော့ သွေးတိုး ရှိမှာမဟုတ်ဘူး။ မရှိတဲ့သူရော ကျန်တဲ့သူတွေရော ဆီးချိုရှိတဲ့သူရော အတွက်က ဒီအခြေခံ သဘောတရားအပေါ်မှာပဲ နေလို့ရပါတယ်။

မေး။   ။ မဇ္ဈိမ ပရိသတ်များ မေးခွန်းတွေ မေးမြန်းကြတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ အဲတော့ အစီအစဉ်လေးကို ကျွန်တော်တို့ မကြာခင်မှာပဲ ပြီးဆုံးပါရစေ။ ဆရာကြီးကိုလည်း ကျေးဇူးတင် ပါတယ်။ ကျွန်တော်တို့ အစီအစဉ် မပြီးဆုံးခင်မှာ ဆရာကြီး ဖြည့်ပြောချင်တာများရှိရင် ပြောပေးပါ။

ဖြေ။   ။ ပထမဆုံးကတော့ မေးခွန်းတွေကို စိတ်ဝင်တစား မေးတဲ့အတွက် ဒီမေးခွန်းတွေ မေးတဲ့သူ တစ်ဦးတစ်ယောက်ကိုသာ မကဘူး ကျန်တဲ့ နားထောင်တဲ့သူတွေပါ အကျိုးရှိစေပါတယ်။ ဒါကြောင့်မို့ မေးတဲ့သူတွေကိုလည်း အင်မတန် ကျေးဇူးတင်တဲ့အကြောင်း ပြောလိုပါတယ်။ နောက်တစ်ခုကတော့ နားထောင်တဲ့သူတွေပေါ့ ကိုယ့်ရဲ့ကျန်းမာရေးကို ကိုယ်တိုင်ရှာမှပဲ ကိုယ်ခံစားရမှာ ဖြစ်တယ်ဆိုတဲ့ အသိနဲ့ နားထောင်တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်း။ နောက်တစ်ခုကတော့ မြန်မာနိုင်ငံမှာ ဒီလို Live နဲ့ ဒီလိုလုပ်တာ ကျွန်တော်ထင်တယ် ဒါပထမဆုံးဖြစ်မယ်ထင်တယ်။ အဲဒီ ပထမဆုံးမှာမှ ဆက်လက်ပြီးတော့ စဉ်ဆက်မပြတ် လုပ်တဲ့အတွက်လည်းပဲ ကျွန်တေ်ာ မဇ္ဈိမ မီဒီယာ ဌာနကိုလည်း ကျွန်တော် အင်မတန်မှ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံက ဆရာဝန်တစ်ယောက်အနေနဲ့ အလားတူပဲ ဒီ Idea ကို အကြံပေးပြီး စတင်ပြီးတော့ ယူလာတဲ့သူကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

 ဟုတ်ကဲ့ပါ။ ဆရာကြီးကိုလည်း လာရောက်ပြီးတော့ဖြေကြားပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ မဇ္ဈိမ ပရိသတ်များခင်ဗျာ ဒီအစီအစဉ်လေးကို ဒီမှာပဲ အဆုံးသတ်ပါရစေခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။        ။

အပိုင်း ( ၁)ကို ကြည့်ရှုရန် - http://www.mizzimaburmese.com/article/33040

အပိုင်း ( ၂)ကို ကြည့်ရှုရန် - http://mizzimaburmese.com/article/33105

အပိုင်း (၃)ကို ကြည့်ရှုရန် - http://www.mizzimaburmese.com/article/33152

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly