အပူပိုင်းမုန်တိုင်း အိုဖီလီယာ အိုင်ယာလန်ကို ၀င်ရောက်တိုက်ခတ်၊ သုံးဦး သေဆုံး

အပူပိုင်းမုန်တိုင်း အိုဖီလီယာ အိုင်ယာလန်ကို ၀င်ရောက်တိုက်ခတ်၊ သုံးဦး သေဆုံး

 

အောက်တိုဘာ ၁၇ ။                   ။ အိုင်ယာလန်နိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်က ကြုံတောင့်ကြုံခဲ အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး ယခုအခါ သုံးဦး သေဆုံးကာ လူပေါင်း သုံးသိန်းကျော် လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

မုန်တိုင်းဝင်ရောက်တိုက်ခတ်စဉ် ယင်းနိုင်ငံမှာ ကျောင်းများ၊ အစိုးရ ရုံးများ ပိတ်ထားရပြီး အန္တရာယ်သတိပေးချက်များ ထုတ်ပြန်ထားခဲ့ရပါတယ်။

၁၉၃၉ ခုနှစ်နောက် အတ္တလန္တိတ်သမုဒ္ဒရာ အရှေ့ပိုင်းနဲ့ မြောက်ခြမ်းတို့မှာ ဝင်ရောက်ထားခဲ့သမျှထဲမှာ အကြီးဆုံးသော ဟာရီကိန်းအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ယခု အိုဖီလီယာ မုန်တိုင်းဟာ ယခုအခါ အိုင်ယာလန်ကမ်းရိုးတန်းကို မဝင်ရောက်ခင်ကတည်းက အပူပိုင်းမုန်တိုင်းအဖြစ် အဆင့်လျော့ကျခဲ့တာဖြစ်ပါတယ်။

မုန်တိုင်းတိုက်ခတ်စဉ် မိုးသည်းထန်စွာ ရွာသွန်းမှုကနေတဆင့် ရုတ်တရက် ရေလွှမ်းမိုးလာနိုင်မှုနဲ့ပတ်သက်လို့ သတိပေးချက်ထုတ်ပြန်ထားခဲ့ရကြောင်း အိုင်ယာလန် အမျိုးသား မိုလေဝသ ဌာနက ထုတ်ပြန်ပါတယ်။

ယင်းနိုင်ငံသို့ မုန်တိုင်းဝင်ရောက်စဉ် အများဆုံးလေတိုက်နှုန်းဟာ တစ်နာရီ ၉၇ မိုင်အထိ ရှိခဲ့ကြောင်း သိရပါတယ်။

ယခုလက်ရှိအချိန်ထိတော့ ယင်း အိုဖီလီယာမုန်တိုင်းကြောင့် ဝေးလ်တွင် လေပြင်းများ ကျရောက်နေလျက်ရှိကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly