တိုက်ကြီးမှာ တောဆင်ရိုင်းများ ဖျက်ဆီးမှုကြောင့် ကြံစိုက်ဧက ၄ဝ ကျော်နှင့် နေအိမ်တစ်လုံး ပျက်စီး

တိုက်ကြီးမှာ တောဆင်ရိုင်းများ ဖျက်ဆီးမှုကြောင့် ကြံစိုက်ဧက ၄ဝ ကျော်နှင့် နေအိမ်တစ်လုံး ပျက်စီး
(ဓာတ်ပုံ - MOI)

တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာအုပ်စု ကွမ်းသီးမြောင်းကျေးရွာမှာ အောက်တိုဘာ ၁၄ ရက် နံနက် ၃ နာရီခန့်မှာ တောဆင်ရိုင်းအုပ်စုက ကြံစိုက်ဧက ၄ဝ ကျော်နှင့် နေအိမ် တစ်လုံး ဖျက်ဆီးသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ တောဆင်ရိုင်းများဟာ နေ့စဉ် ညနေ ၄ နာရီမှာ အစာရှာထွက်လေ့ရှိပြီး အုပ်စုလိုက်သွားလာတတ်ကြပြီး လူနေအိမ်များအတွင်း ဆန်၊ စပါးနှင့် ဆားများအား ရှာဖွေစားတတ်ကြသလို ဒေသခံတောင်သူများနှင့် ထိပ်တိုက်တွေ့ရှိပါက ရန်မူတတ်လို့ သိရပါတယ်။

တိုက်ကြီးမြို့နယ်အတွင်း တောဆင်ရိုင်းအကောင်ရေ ၄ဝ ကျော် အုပ်စုဖွဲ့ သွားလာတတ်ပြီး ဆောင်းရာသီ စပါးပေါ်ချိန်နှင့် နွေရာသီများတွင် တိုက်ကြီး မြို့နယ် အရှေ့ဘက်၊ ပဲခူးရိုးမအနောက်ခြမ်းတို့ရှိ ကျေးရွာများမှာ သွားလာ အစာရှာထွက်ကြပါတယ်။ ဆောင်းဦးပေါက် ကြံရာသီပေါ်ချိန်များမှာ စမ်းရွာကျေးရွာ၊ ကင်းမတီကျေးရွာ၊ ကွမ်းသီးမြှောင်ရွာ၊ လဟာမငယ်ကျေးရွာနှင့် အောင်ချမ်းသာကျေးရွာရှိ စပါး၊ ကြံခင်းများမှာ တောဆင်ရိုင်းများ ဝင်ရောက်စားတတ်လို့ မြိုင်ဟေဝန်ဆင်စခန်းရှိ ဆင်ဦးစီးတစ်ဦးက ပြောပါတယ်။

ယခုအခါ ဆင်စားကျက်များမှာ လူတို့ဝင်ရောက်လာကြပြီး စိုက်ပျိုးရေးများ ပြုလုပ်တာ၊ သစ်တောများ ထူ ထောင်တာ၊ လူနေအိမ်များ နေထိုင်တာကြောင့် တောဆင်ရိုင်းများ စားကျက် ပျောက်ကာ စပါး၊ ကြံခင်းများ ဝင်ရောက် စားသောက်တာ၊ လူနှင့် ထိပ်တိုက်တွေ့ဆုံလျှင် ပဋိပက္ခဖြစ်ခြင်းများ ကြုံတွေ့လျက်ရှိတယ်လို့ ဒေသခံများအရ သိရပါတယ်။

Ref; MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly