NCA ပါ အချက်များကို မိမိတို့ဘက်မှ ချိုးဖောက်မည်မဟုတ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

NCA ပါ အချက်များကို မိမိတို့ဘက်မှ ချိုးဖောက်မည်မဟုတ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

အောက်တိုဘာ ၁၆ ။          ။ အပစ်ရပ်စာချုပ် NCA တွင်ပါရှိသည့် အာမခံချက်များကို မိမိတို့ဘက်မှ မည်သည့်အခါမှ ချိုးဖောက်မည်မဟုတ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ အောက်တိုဘာလ ၁၆ ရက်တွင် ပြောကြားလိုက်သည်။

ကရင် အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သည့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST) မှ အဖွဲ့ဝင်များအား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ NCA တွင် အဓိကအားဖြင့် ပေးထားသည့် ကတိကဝတ် များတည်ရန်လိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားသည့် အာမခံချက်များ၊ NCA တွင်ပါရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းထားသော အာမခံချက်များကို မိမိတို့ဘက်မှ မည်သည့်အခါမှ ချိုးဖောက်မည်မဟုတ်ကြောင်း” ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NCA ၂ နှစ်ပြည့် အခမ်းအနားတွင် ငြိမ်းချမ်းရေး ကိုလိုလားသူ၊ ဆက်လက်လုပ်ဆောင်လိုသူများ စုံညီစွာ တက်ရောက်ခဲ့မှုအတွက် ဝမ်းမြောက်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး အမှန်တကယ်ရယူလိုကြောင်းကို ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး စတင်ကမ်းလှမ်းစဉ်ကပင် ပြောကြားခဲ့ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

ယမန်နေ့က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)  ၂ နှစ်ပြည့်အခမ်းအနားကို နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့အကြား ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ကစတင်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

PPST အဖွဲ့ ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့်အဖွဲ့ဝင်များဘက်က ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် NCA မှလွဲ၍ အခြားလမ်းကြောင်းမရှိကြောင်း၊ NCA အားအကောင်အထည်ဖော်မှုအပေါ် ပြန်လည်သုံးသပ်ပြီး NCA ပါအချက်များကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ ပြန်လည်ပြောဆိုခဲ့သည်။

ထို့ပြင် “ PPST နေဖြင့် တစ်ဦး အပေါ်တစ်ဦး အသာစီးရယူလိုစိတ်မရှိဘဲ ရိုးရိုးသားသားဖြင့် တိုင်းပြည်တွင် ဖြစ်နေသည့် ပဋိပက္ခများကိုဖြေရှင်းလိုသည့် သဘောထားတစ်ခုသာရှိကြောင်း၊ ငြိမ်းချမ်းရေးတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အားလုံးပါဝင်လာရန်လိုလားပါကြောင်း” ထည့်သွင်းပြောဆိုခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team-PPST) ဥက္ကဋ္ဌ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/ SSA) ဥက္ကဋ္ဌ ဦးရွက်ဆစ်၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာ၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ လျှံမှုန်းဆာခေါင်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA (PC)) ဗဟိုကော်မတီဝင် နော်ကပေါ်ထူး၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ဦးသံခဲနှင့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(KKO) ဥက္ကဋ္ဌ စောမူရှေးတို့ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံမှုတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က NCA ပါ အကြောင်းအရာများကို အမြန်အကောင်အထည် ဖော် ဆောင်ရွက်ရေးအတွက် တပ်မတော်အနေဖြင့် အထူးလိုလားပြီး အသင့်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags