မတ္တရာမြို့နယ်တွင် ဆည်ရေဝင်ရောက်မှုကြောင့် ကွမ်းခြံ ၅၀၀ခန့် ရေနစ်မြှုပ်ဆုံးရှုံး

မတ္တရာမြို့နယ်တွင် ဆည်ရေဝင်ရောက်မှုကြောင့် ကွမ်းခြံ ၅၀၀ခန့် ရေနစ်မြှုပ်ဆုံးရှုံး

မတ္တရာ၊အောက်တိုဘာ ၁၆ ။           ။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းတွင် မိုးရွာသွန်းမှုများနှင့် ဆည်တော်ကြီးရေလှောင်တမံမှ ရေလွှတ်ခဲ့ခြင်းကြောင့် ကွမ်းခြံပေါင်း ၅၀၀ခန့် ရေနစ်မြှုပ်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

ဇီးဖြူကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက"ကျွန်တော့်အုပ်စုမှာတင် ကွမ်းခြံ ၂၀၀ ကျော် ပျက်စီးဆုံးရှုံးတယ်။ကျွန်တော်တို့အနေနဲ့ကတော့ ဆည်တော်က ရေလွှတ်မယ်ဆို အခုလို အလုံးအရင်းနဲ့ မလွှတ်ဘဲ စိုးရိမ်ရေအမှတ်မကျော်လွန်ခင် ဖြေးဖြေးခြင်းလွှတ်ပေးရင်တော့ အခုလို မဆုံးရှုံးဘူးပေါ့။"ဟု ပြောသည်။

ထိုသို့ဆုံးရှုံးမှုမျိုးကို ၂၀၁၀ခုနှစ်ခန့်ကလည်း ယခုလိုဆည်ရေလွှတ်မှုကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုမျိုး ကြုံတွေ့ခဲ့ရဘူးပြီး ၂၀၁၀ခုနှစ်နောက်ပိုင်း၊၂၀၁၇ခုနှစ်တွင် သြဂုတ်လနှင့် ယခုအောက်တိုဘာလ အပါအဝင် နှစ်ကြိမ်ထပ်မံ ဆည်ရေဝင်ရောက်မှုကြောင့် ကွမ်းတောင်သူများမှာ ဆက်တိုက်ဆုံးရှုံးမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။

ချောင်းရိုးကြီးကွက်သစ်ကျေးရွာမှ ကွမ်းစိုက်တောင်သူတစ်ဦးဖြစ်သူ ဦးဇော်ဇော်အောင်က "ဝင်ပြီး ပြန်ကျသွားတဲ့ ကွမ်းခြံကတော့ ပျက်စီးမှုနည်းတယ်။ဒါပေမယ့် ရေကျန်နေတာက များတယ်။ တစ်နယ်လုံးဆိုတော့ ဆုံးရှုံးမှုများတာပေါ့။ ပြန်စိုက်ဖို့ အတော်အားယူရဦးမယ်။"ဟုပြောသည်။

မတ္တရာမြို့နယ်အတွင်းတွင် အဓိကကွမ်းခြံပျက်စီးခဲ့သည့်ကျေးရွာအုပ်စုများမှာ ဆိပ်သာအုပ်စု၊ ကရက်မက် ကျေးရွာအုပ်စု၊ အုတ်တိုက်အုပ်စု၊ ကွေ့ကြီးအုပ်စုနှင့် ကျွဲကျကျေးရွာအုပ်စုတို့ဖြစ်ပြီး လက်ရှိ အဆိုပါ ကျေးရွာအုပ်စုများထဲမှ ဇီးဖြူကုန်းကျေးရွာ၊ ပုဂံစု၊ ချောင်းတော်၊ ကျွဲတပ်၊ ညာကိုင်း၊ ဆည်ကြီးစု၊ ထန်းတောကုန်း၊ အင်းပက်လက်၊ ချောင်းရိုးကြီးကွက်သစ် စသည့်ကျေးရွာတို့မှာ ကွမ်းအဓိကစိုက်ပျိုးခြင်း ဖြစ်ကာ ပျက်စီးဆုံးရှုံးမှုလည်း အများဆုံးဖြစ်ကြောင်း ကွမ်းစိုက်တောင်သူများက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက"ပျက်စီးဆုံးရှုံးမှုကတော့ရှိတယ်။ ဒါတွေကို ကူညီပေးသွားမှာပါ"ဟု ပြောသည်။

ဒေသခံများအနေဖြင့် ယခုလိုမဖြစ်ပွားစေရန်အတွက် ဆည်တော်ကြီးရေလှောင်တမံမှ စိုးရိမ်ရေမှတ်ကျော်မှ ရေများလွှတ်ခြင်းထက် စိုးရိမ်ရေမှတ်မရောက်ခင် ဖြည်းဖြည်းချင်းလွှတ်ပေးရန် လိုလားလျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly