ကြေးများတဲ့ကလေးကို ဘယ်လိုကျွေးမလဲ

ကြေးများတဲ့ကလေးကို ဘယ်လိုကျွေးမလဲ

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

အထူးသဖြင့် အစာရွေးတဲ့ ကလေးငယ်တွေမှာ အစာကျွေးချိန်တွေဟာ မိဘတွေအတွက် အိပ်မက်ဆိုးတွေပဲ ဖြစ်ပါတယ်။ ကလေးငယ်ဟာ အသက်ကြီးလာတဲ့အခါ သူတို့ လုပ်ချင်တာနဲ့ စားချင်တဲ့အစာတွေနဲ့ ပတ်သက်ပြီး အမှီအခို ကင်းလာကြပါတယ်။

အစမှာတော့ ဒါဟာ အလွန် စိတ်ရှုပ်စရာကောင်းပါတယ်။ အစာရွေးခြင်းဟာ ကလေးငယ်ရဲ့ အစပထမနှစ်တွေမှာ အဖြစ်များပါတယ်။ ဒါဆို ဒီလို အစာရွေးတဲ့ ကလေးငယ်ကို အစာကျွေးစဉ်မှာ ဘာတွေ သိထားသင့်သလဲ ကြည့်လိုက်ကြရအောင်။

ဖြစ်နိုင်ရင် ကလေးငယ်ကို အခြားမိသားစုဝင်တွေနဲ့ အတူပေးစားပါ။

မိဘအများစုဟာ ကလေးငယ်ကို မိသားစု ထမင်းဝိုင်းမှာ ပေးစားမယ်ဆိုရင် စိတ်တိုခြင်း၊ အာခံခြင်းမရှိပဲ ကလေးတွေ ကောင်းကောင်းစားတာကို တွေ့ရမှာပါ။ ဒါဟာ အစာစားရုံတင်သာမက မိသားစုအချင်းချင်း ရင်းနှီးမှုရတဲ့ အချိန်လည်းဖြစ်ပါတယ်။

သူတို့တစ်နေ့တာအကြောင်းကို မေးမြန်းခြင်းအားဖြင့် အစားအသောက်နဲ့ ပတ်သက်ပြီး ဂျီကျခြင်းကို မေ့အောင်ပြုလုပ်နိုင်ပါတယ်။ သူတို့ကို စားပွဲမှာထိုင်အောင် အတင်းပြုလုပ်မယ့်အစား ဒါဟာ သူတို့အစားအသောက်ကို ပျော်မွေ့စေမယ့် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

အရသာရှိပြီး စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ပါ။

လူတွေဟာ အစားအစာရဲ့ အရောင်၊ အရသာနဲ့ အခင်းအကျင်းကို စွဲမက်တတ်ကြပါတယ်။ ကလေးငယ်တွေဟာလည်း အတူတူပဲဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ ကလေးငယ်တွေအတွက် အစားပြုလုပ်ပုံတွေ ရှိပါတယ်။

ကလေးငယ်ကို အရသာရှိပြီး အာဟာရပြည့်ဝတဲ့ အစာကိုကျွေးပြီး အသီး၊ ကိတ်မုန့်၊ ဂျယ်လီအစရှိတဲ့ အချိုပွဲကို ဆက်ကျွေးနိုင်ပါတယ်။ နှစ်ခါ ကျွေးခြင်းဟာ ကလေးငယ်တွေကို လိုအပ်တဲ့ ကယ်လိုရီနဲ့ အာဟာရဓါတ်ကို အပြည့်ရစေပါတယ်။

သင့်ကလေးငယ် ပျင်းသွားခြင်းမဖြစ်ရအောင် အချိုပွဲကို တစ်နေ့တစ်မျိုး ပြောင်းသင့်ပါတယ်။ ဒါပေမယ့် အဓိကအစားအသောက်မှာ အာရုံလျော့မသွားအောင် ကလေးငယ်ကို အစာစားပြီးတိုင်း သကြားလုံးကျွေးခြင်းကို မပြုလုပ်သင့်ပါဘူး။

ချက်ပြုတ်ချိန်မှာ ကလေးငယ်တွေကို ပါဝင်စေပါ။

ကလေးငယ်တွေဟာ တစ်နေရာတည်းမှာ ထိုင်နေခြင်းကို ပျင်းရိတတ်ကြပါတယ်။ ကြီးလာတဲ့အချိန်ကျရင် သင့်ကလေးငယ်ကို အစားဝယ်ချိန်တွေမှာ ခေါ်သွားနိုင်ပါတယ်။ ကလေးငယ်ဟာ အစားအသောက်တွေ ရွေးခြင်းမှာ ကူညီရခြင်းကို စိတ်လှုပ်ရှားနိုင်ပါတယ်။

ပြီးရင်တော့ သူတို့ကို ပုံမှန်ရိုးရှင်းတဲ့ အစားအသောက်တွေကိုပြင်ဆင်စေခိုင်းသင့်ပါတယ်။ မစားသောက်ခင် အစားအသောက်လတ်လတ်ဆတ်ဆတ်တွေကို မြင်ရတာကြောင့် ပိုပြီး စားဝင်စေပါတယ်။ ပြီးရင်တော့ သူ့ကို စားပွဲပြင်ဆင်ခြင်းမှာ အကူအညီပေးစေသင့်ပါတယ်။

ဒီလိုသေးငယ်တဲ့ အပြုအမူလေးတွေဟာ ကလေးတွေရဲ့ အစာစားချင်စိတ်ကို တိုးတက်စေပါတယ်။

အစာစားချိန်ဟာ စားပွဲမှာပဲ ထိုင်နေရမယ်လို့ မဆိုလိုပါဘူး။

ဖြစ်နိုင်ရင် သင့်ကလေးငယ်ကို အပြင် ပစ်ကနစ်ခေါ်သွားခြင်း၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင် ခေါ်သွားခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

တခါတရံ သူတို့ကြိုက်နှစ်သက်တဲ့ အာဟာရပြည့်ဝတဲ့ မုန့်တွေကိုလည်း ကျွေးနိုင်ပါတယ်။

နိဂုံးချုပ်ရရင် အကောင်းမြင်တဲ့စိတ်ထားပြီး သင့်ကလေးကို အစာကျွေးရခက်ခြင်းကို ကျော်လွှားနိုင်ပါတယ်။ သင့်ကလေးငယ်က ဗိုက်ပြည့်သွားရင် သူတို့ကို အစာထပ်ကျွေးခြင်းပြုလုပ်ခြင်းဟာ

ဗိုက်နာစေနိုင်တာမို့ မပြုလုပ်သင့်ပါဘူး။

ကျန်းမာပြီး ဆွဲဆောင်မှုရှိတဲ့ အစားအစာတွေ လုပ်ကျွေးခြင်းဟာ ကလေးငယ်တွေကို ပျော်ရွှင်စေပြီး အစာစားဖို့ မျှော်နေစေပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly