ကိုးရီးယားနှင့် စင်ကာပူတို့မှ မြန်မာ့သရက်သီးကို ကြိုတင်ဝယ်ယူနေ

ကိုးရီးယားနှင့် စင်ကာပူတို့မှ မြန်မာ့သရက်သီးကို ကြိုတင်ဝယ်ယူနေ

မြန်မာ့သရက်သီး ရာသီပေါ်ချိန်ထက် ၅လခန့်စော၍ တောင်ကိုးရီးယားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ  ဝယ်လက်များသည် သရက်ခြံများထိဆင်း၍ သရက်ပင်အခြေအနေကို မူတည်ပြီး ကြိုတင်ဈေးဖြတ်ဝယ်ယူနေကြောင်း သရက်တောင်သူများထံက သိရသည်။

သရက်သီးသည် ဧပြီလဆန်းပိုင်းမှသာ အသီး သီးမည်ဖြစ်ရာ လက်ရှိအချိန်တွင် သရက်ပင်များ၌ အရွက်သစ်ထွက်ချိန်ဖြစ်နေပြီး အပွင့် ပွင့်ချိန်ပင်မရောက်သေးရှိသေးသော်လည်း ဝယ်လက်များက  ကြိုတင်လာရောက်ဝယ်ယူခြင်း ဖြစ်သည်။

'' အရင်နှစ်တွေကဆိုရင် အနည်းဆုံးသီးကင်းစအချိန်မှ လာဝယ်တာ။ ခုသူတို့က အရွက်ထွက်တဲ့ အခြေအနေ လောက်ကို ကြည့်ပြီး ဝယ်တယ်။ အများဆုံးလာဝယ်နေတာ တောင်ကိုးရီးယားနဲ့ စင်ကာပူတွေပဲ။ တရုတ်ကတော့ သူတို့ အရင်တည်းက ငွေကြိုပေးထားတာရှိသေးတော့ လာဝယ်တာ မတွေ့သေးဘူး။''ဟု မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိင်က ပြောသည်။

ပြီးခဲ့သည့် သရက်ရာသီက အသီးအရည်အသွေးကျ၍ ဈေးကောင်းမရသည့် တောင်သူများရှိခဲ့ပြီး ယခုနှစ်တွင် တောင်သူများက အပင်များကို ဂရုတစိုက်ပြုစုမှု များလာပြီးနောက် ဝယ်လက်များက အပင်များ၏ အနေအထားကို ကြည့်ကာ ဝယ်ယူနေခြင်းဖြစ်သည်။

'' ကျွန်တော်တို့ကလည်း ဒီနှစ်ဈေးကောင်းရဖို့ အဆင်ပြေဖို့မျှော်လင့်ထားတာ။ သူတို့ကလည်းအ ပင်ကိုကြည့်ပြီး ဈေးဖြတ်နေတယ်။ အပင်က အသီးထွက်မှပဲ အသီးအရည်အသွေးပေါ်မူတည်ပြီး ရတဲ့ဈေးနဲ့ရောင်းမယ်။'' ဟု မတ္တရာမြို့နယ်အတွင်းမှ သရက်စိုက်တောင်သူတစ်ဦးက ပြောသည်။

၂၀၁၇ခုနှစ် သရက်ရာသီက မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက သရက်သီးတန်ချိန် ၁ သိန်း ၉ သောင်း တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မူဆယ်၁၀၅မိုင် သစ်သီးဝလံကုန်စည်ဒိုင်၏ ကုန်သွယ်စာရင်းများ အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly