ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများအား ပြန်လည်လက်ခံရေးအား ကုလသမဂ္ဂနှင့် ဆွေးနွေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများအား ပြန်လည်လက်ခံရေးအား ကုလသမဂ္ဂနှင့် ဆွေးနွေး

ရန်ကုန်၊ အောက်တိုဘာ ၁၆ ။           ။ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသိန်းဆွေနှင့် ကုလသမဂ္ဂမှ တာဝန်ရှိသူတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့   ရောက်ရှိနေသူများအား ပြန်လည်လက်ခံရေးအတွက် နေပြည်တော်တွင် ဆွေးနွေးခဲ့ကြသည်ဟု အစိုးရဘက်မှ သတင်းထုတ်ပြန်သည်။

ကုလသမဂ္ဂနိုင်ငံရေးရာ ဌာနအကြီးအကဲ Under Secretary - General Mr. Jeffrey Feltman နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးနှင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာဌာန ညှိနှိုင်းရေးမှူးရုံးမှ ညှိနှိုင်းရေးမှူး Ms. Renata Dessallien တို့ ဦးဆောင်သည့် အဖွဲ့အား အောက်တိုဘာ(၁၆) ရက် နံနက် (၉)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေ သူများအား ပြန်လည် လက်ခံနိုင်ရေး အတွက် ဆောင်ရွက်မှု လုပ်ငန်းအဆင့်ဆင့်နှင့် ပြန်လည် ရောက်ရှိလာ သူများ အား နေရာချထားရေးနှင့် နိုင်ငံသား စိစစ်ရေး လုပ်ငန်း ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကိုဆွေးနွေးခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်စာမှ သိရသည်။

ထို့အပြင် နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား(NV Card) ထုတ်ပေးဆောင်ရွက်မှုကိစ္စ အပြင် အထောက်အထား ပြည့်စုံစွာတင်ပြနိုင်ခြင်း မရှိသူများကို လူဝင်မှုကြီးကြပ်ရေးဌာန၌ ရှိပြီးဖြစ် သည့် စာရင်းဇယား မှတ်တမ်းမှတ်ရာများဖြင့် တိုက်ဆိုင် စိစစ်လက်ခံဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းလုပ်ငန်း များအောင်မြင်ရေး အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပူးပေါင်း ကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေများ အပြင် တည်ငြိမ်အေးချမ်းရေး၊ ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်း အခြေအနေများကိုလည်း တင်ပြ ဆွေးနွေးခဲ့ကြကြောင်း အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly