မန္တလေးတိုင်းအတွင်းရှိ ရေဘေးသင့်အိမ်ခြေ တစ်ထောင်ကျော်အား ကျပ်သိန်း ၆၀ကျော် လက်တလော ထောက်ပံ့ထား

မန္တလေးတိုင်းအတွင်းရှိ ရေဘေးသင့်အိမ်ခြေ တစ်ထောင်ကျော်အား ကျပ်သိန်း ၆၀ကျော် လက်တလော ထောက်ပံ့ထား

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ခဲ့သည့် အိမ်ခြေ ၁၃၉၈ အိမ်အား မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက လက်တလော လိုအပ်ချက်အခြေအနေများ အပေါ်မူတည်၍ ငွေကျပ်သိန်း ၆၀ ကျော်နှင့် ရေသန့်များ၊ ရေသန့်ဆေးများ ထောက်ပံ့ပေးထားကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ   အောက်တိုဘာလ ၁၆ ရက်နေ့စာရင်းအရ သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် အောက်တိုဘာလ ဒုတိယအပတ်က စံချိန်တင်ရွာသွန်းခဲ့သောမိုးကြောင့် မန္တလေးတိုင်းအတွင်းရှိ ၆ မြို့နယ်တွင် လူနေအိမ်ခြေများ အတွင်းရေဝင်ရောက်ခြင်း တောင်ကျရေများ ကျဆင်းခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး စုစုပေါင်းအိမ်ခြေ ၁၃၉၈ လုံး၊ အိမ်ထောင်စု ၁၄၁၂ စု၊ လူဦးရေ ၅၂၀၄ ဦး တို့ ရေဘေးသင့်ခဲ့ပြီး လိုအပ်သည်များကို ကူညီထားကြောင်း ကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဦးစီး ဌာနမှ စာရင်းအရသိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတားဦးမြို့နယ်တွင် အိမ်ခြေ အများဆုံးထိခိုက်ခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်နေ့က ၁၄ ရက်နေ့ထိ ပန်းလောင်မြစ်ရေဝင်ရောက်မှုကြောင့် အိမ်ခြေ ၄၂၈ လုံး၊ လူဦးရေ ၁၈၄၄ ဦး ရေဘေးသင့်ခဲ့ပြီး ဆန်ရိက္ခာဖိုး ၁၆ သိန်းကျော် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ပန်းလောင်မြစ်ရေဝင်ရောက်မှုကြောင့် အိမ်ခြေ ၄၀၅ လုံး၊ လူဦးရေ ၁၃၇၅ ဦး၊ ဆန်ရိက္ခာဖိုး ၁၃ သိန်းကျော်ထောက်ပံ့ထားပြီး မြစ်သားမြို့နယ်တွင် အိမ်ခြေ ၃၄၆ လုံး၊ ၁၁၆၃ ဦး တို့မှာ ပျက်စီးသည့် အနေအထားမရှိသဖြင့် ထောက်ပံ့ထားခြင်းမရှိကြောင်း စာရင်းများအရ သိရသည်။

ဆက်လက်၍ စဉ့်ကူးမြို့နယ်တွင် တောင်ကျချောင်းရေကြောင့် အိမ်ခြေ ၂၃လုံး ပျက်စီခဲ့ပြီး လူဦးရေ ၉၇ ဦး ရေဘေးသင့်ကာ ဆန်ရိက္ခာဖိုး ၂ သိန်းကျော်၊ အိမ်ဆောက်ပစ္စည်းဖိုး ၂၃ သိန်း ထောက်ပံထားကြောင်း သိရသည်။ မတ္တရာမြို့နယ်တွင် ကမ်းပြိုဘေးနှင့် ဆည်ရေဖောက်ချမှုကြောင့် အိမ်ခြေ ၁၉၅ လုံး၊ လူဦးရေ ၆၂၀ ဆန်ရိက္ခာဖိုး ၅၅၈၀၀၀ကျပ်၊ ရေသန့်ဆေး ၂ ဖာနှင့် ရေသန့် ၂၄ခုပါ ကဒ် ၆၀၊သပိတ်ကျင်းမြို့နယ်တွင် အိမ် ၁ လုံး ပျက်စီးခဲ့ပြီး အိမ်ဆောက်ပစ္စည်း ၁ သိန်းဖိုး ထောက်ပံ့ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly