လျှို့ဝှက်အေးဂျင့်များ အသုံးပြုခြင်းအပေါ် တရုတ်ကို အမေရိကန်သတိပေး

လျှို့ဝှက်အေးဂျင့်များ အသုံးပြုခြင်းအပေါ် တရုတ်ကို အမေရိကန်သတိပေး

ဝါရှင်တန်၊ သြဂုတ် ၁၇ ။    ။ တရုတ်ပြည်ပြေးများကို ဖိအားပေးရန် အမေရိကန်မြေပေါ်တွင် လျှို့ဝှက်အေးဂျင့်များ အသုံးပြုခြင်းနှင့် ပတ်သက်၍ အိုဘားမားအစိုးရအဖွဲ့က တရုတ်ကို သတိပေးလိုက်ကြောင်း နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။

တရုတ်ပြည်ပြေးများကို တရုတ်သို့ပြည်လာစေကာ ၎င်းတို့ထံမှ တရားမဝင်ငွေကြေးများပြန်လည်ရရှိရေးအတွက် တရုတ်က ကမ္ဘာလုံးဆိုင်ရာစစ်ဆင်ရေးတစ်ခု ဆင်နွဲနေသည်ဟု အမည်မဖော်သည့် အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ယင်းသတင်းစာက ဖော်ပြခဲ့သည်။ ယင်းအပြုအမူများနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက တရုတ်အရာရှိများအား သတိပေးခြင်းကိုသာ အဓိကလုပ်ဆောင်လျက်ရှိသည်ဟု သတင်းကဖော်ပြခဲ့သည်။ တရုတ်သမ္မတ ရှီကျင်းပင်းသည် နောက်လထဲတွင် အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်သည်။

ပေကျင်းက Operation Fox Hunt ဟုလျှို့ဝှက်အမည်ပေးထားသော ယင်းအစီအစဉ်မှာ အမေရိကန်ကို ထောက်လှမ်းသော ပုံမှန်သူလျှိုလုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိဟု ဆိုသည်။

ယခုအစီအစဉ်အရ ဆောင်ရွက်နေသော လျှို့ဝှက်အေးဂျင့်များမှာ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဋ္ဌာနအောက်တွင်လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့သည် ခရီးသွားသို့မဟုတ် ကုန်သွယ်ရေးဗီဇာတို့ဖြင့် အမေရိကန်သို့ ဝင်ရောက်နိုင်ဖွယ်ရှိသည်ဟုလည်း နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။

လျှို့ဝှက်အေးဂျင့်တို့၏ နည်းဗျူဟာမှာ တရုတ်နိုင်ငံတွင် ကျန်ရစ်သော မိသားစုဝင်များကို ခြိမ်းခြောက်မှုပါဝင်သည်ဟု သိရသည်။ အစီအစဉ်အရ လွန်ခဲ့သည့် နှစ်ကတည်းက သံသယရှိသူ ၉၃၀ကျော်ကို တရုတ်သို့ ပြန်လာစေရန် လုပ်ဆောင်နိုင်ခဲ့သည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်ကို ကိုကား၍ သတင်းစာက ဖော်ပြခဲ့သည်။

Operation Fox Hunt အစီအစဉ်အရ ရှာဖွေခံရသော တိမ်းရှောင်သူများမှာ စီးပွားရေးအရခြစားမှု သို့မဟုတ် နိုင်ငံရေးပြစ်မှုကျူးလွန်သည်ဟု တရုတ်က ယူဆသည့် ထင်ရှားသည့် တိမ်းရှောင် သူများဖြစ် သည်ဟု ယုံကြည်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly