လွန်ဆွဲစိုးရိမ်စိတ်၊ ရခိုင်ပဋိပက္ခ၊ အနာဂတ်ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာ့စီးပွားရေးအပေါ်သက်ရောက်မှု

လွန်ဆွဲစိုးရိမ်စိတ်၊ ရခိုင်ပဋိပက္ခ၊ အနာဂတ်ရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာ့စီးပွားရေးအပေါ်သက်ရောက်မှု

 

"ဥရောပကုမ္ပဏီတွေဟာ နိုင်ငံရေးတည်ငြိမ်တာကို နှစ်သက်ပါတယ်။ သူတို့ကပဋိပက္ခနဲ့ဆက်နွယ်တဲ့ ပုံရိပ်ဆိုးတွေကိုမကြိုက်ကြပါဘူး"လို့ ဥရောပကုန်သည်လုပ်ငန်းရှင်များအသင်း(မြန်မာ)ရဲ့ အမှုဆောင် ညွှန်ကြားရေး မှူး FilipA.Lauwerysenက မဇ္ဈိမကိုပြောပါတယ်။

ရခိုင်ပြည်နယ်စပ်မှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုနဲ့ပဋိပက္ခတွေဟာ နိုင်ငံတကာအသိုင်း အဝိုင်းအကြားမှာ ပြောစရာတစ်ခုဖြစ်နေပါတယ်။

ပြည်ပက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်တွေအနေနဲ့တော့ သူတို့ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်မယ့် တိုင်းပြည်၊ ဒေသရဲ့ တည်ငြိမ်မှုကိုလိုလားကြပါတယ်။

ဒါကြောင့် ရခိုင်အရေးဟာအလားအလာကောင်းတွေနဲ့ မျှော်လင့်ချက်တွေရှိနေတဲ့ မြန်မာ့စီးပွားရေးတိုးတက်မှုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေ အပေါ်မှာသက်ရောက်မှုတွေ ရှိလာမလားဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။

တည်ငြိမ်မှုကအရေးကြီး

အခုလိုအခြေအနေတွေအပေါ် ဥရောပလုပ်ငန်းရှင်တွေရဲ့ အမြင်ကိုတော့ "ဥရောပကုမ္ပဏီတွေဟာ နိုင်ငံရေးတည်ငြိမ်တာကို နှစ်သက်ပါတယ်။ သူတို့ကပဋိပက္ခနဲ့ဆက်နွယ်တဲ့ ပုံရိပ်ဆိုးတွေကိုမကြိုက်ကြပါဘူး"လို့ဥရောပကုန်သည်လုပ်ငန်းရှင်များအသင်း(မြန်မာ)ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး FilipA.Lauwerysenက မဇ္ဈိမကိုပြောပါတယ်။

ဥရောပကုန်သည်လုပ်ငန်းရှင်များအသင်း(မြန်မာ)ဟာဥရောပရင်းနှီးမြှုပ်နှံသူတွေကို မြန်မာနိုင်ငံမှာရင်းနှီး မြှုပ်နှံဖို့ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီးမဇ္ဈိမကမေးမြန်းတဲ့ ရခိုင်အရေးဟာ မြန်မာ့ရင်းနှီး မြှုပ်နှံမှုအပေါ်မှာသက်ရောက်မှုတွေ ရှိနိုင်မလားဆိုတဲ့ မေးခွန်းအပေါ်မှာသူက ပြန်လည်ဖြေကြားခဲ့တာပါ။

" ပုံရိပ်ဆိုးတစ်စုံတစ်ရာရှိရင် ကုမ္ပဏီတွေ ဆုံးဖြတ်ချက်ချတဲ့အခါ မကောင်းတဲ့သက်ရောက်မှုတွေ ဖြစ်စေနိုင်ပြီးတော့ ကောင်းမွန်တဲ့ပုံရိပ်တွေဆိုရင်တော့ ရင်းနှီးမြှုပ်နှံသူတွေကြားမှာ   ကောင်းသတင်းတွေ ပေးနိုင်မှာ ဖြစ်ပါ တယ်။ စဉ်းစားတာက ရိုးရိုးလေးပါပဲ။ ဒါကြောင့် ဘယ်လိုမျိုးသတင်းဆိုးတွေနဲ့   နိုင်ငံရေးမတည်ငြိမ်မှုတွေဟာ ရင်းနှီးမြှုပ်နှံမှုကိုဂယက်ရိုက်စေနိုင်မှာဖြစ်ပါတယ်" လို့ သူကဆက်လက်ပြောပါတယ်။

ရခိုင်အဖြစ်အပျက် ရင်းနှီးမြှုပ်နှံမှုအပေါ် သက်ရောက်မှုရှိနိုင်

ယခုအောက်တိုဘာလအတွင်းကမ္ဘာ့ဘဏ်ကထုတ်ပြန်ထားတဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာမှာလည်း  မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂၀၁၆ ခုနှစ်မှာ ၅ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ရာကနေယခုနှစ် မှာ ၆ ဒသမ ၄ ရာခိုင်နှုန်းအထိတိုးတက်လာမယ်လို့ ခန့်မှန်းထားပေမယ့် လတ်တလောရခိုင် ပြည်နယ်မှာ ဖြစ် ပွားနေတဲ့ ပဋိပက္ခအခြေအနေများကြောင့် ရင်းနှီးမြှုပ်နှံမှုအပေါ် အတိုင်းအတာတစ်ခုအထိထိခိုက်မှုရှိနိုင်မယ် လို့တော့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်းတစ်ဦးဖြစ်သလို တာဝန်သိစီးပွားရေးလုပ်ငန်းများ မြန်မာဗဟိုဌာန-MCRBရဲ့ ညွှန်ကြားရေးမှူး Vicky Bowman က အခုဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်ကပဋိပက္ခပြသနာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု တွေအပေါ်မှာသက်ရောက်မှုရှိစေနိုင်မယ်လို့ ထင်ကြောင်းမဇ္ဈိမကိုအောက်တိုဘာလအတွင်းကပြောဆိုခဲ့ဖူးပါတယ်။

“ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေဟာဆက်လက်ဖော်ဆောင်ဖို့ လိုအပ်နေတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု တစ်ချို့ကို ဖျက်ဆီးနိုင်တာကြောင့်   ပြည်တွင်း၊   ပြည်ပရင်းနှီးမြှုပ်နှံမှု ၂ ခုစလုံးမှာသက်ရောက်မှု ရှိမယ်လို့ထင်ပါတယ်”

စီးပွားရေးတစ်ခုလုံးအပေါ်မှာ မထိခိုက်နိုင်

ဒါပေမယ့်မြန်မာ့စီးပွားရေးတစ်ခုလုံးအပေါ်မှာတော့ တိုက်ရိုက်သက်ရောက်မှု အများကြီး ဖြစ်လာမှာမဟုတ်ဘူးလို့ပါ ဖြည့်စွပ်ပြောဆိုထားပါတယ်။

“ရေနံနဲ့ ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းစတဲ့ ရှိပြီးသားရေရှည်ရင်းနှီးမြှုပ်နှံမှုတွေအပေါ်မှာသက်ရောက်မှုရှိလာမယ်လို့ မထင်ဘူး”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLDရဲ့ စီးပွားရေးအကြံပေးဖြစ်သူ Professor Sean Turnellကလည်းအောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့တဲ့ “ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေးသတင်းထောက်များ၏ အခန်းကဏ္ဍ” ဖိုရမ်မှာပဋိပက္ခပြသနာများဖြေရှင်းဖို့နဲ့ ရခိုင်ပြည်နယ်အခြေအနေကိုပြေလည်အောင်လုပ်ကိုင်ဖို့က မြန်မာ့စီးပွားရေးရေရှည်တိုးတက်ဖို့အတွက်ဆက်လက်အကောင်အထည်ဖော်သွားရမယ့် အချက်ဖြစ်ကြောင်းကိုတင်ပြသွားခဲ့ပါတယ်။

အခုလို နိုင်ငံတကာသတင်းတွေပေါ်ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်ကပဋိပက္ခအခြေအနေတွေကြောင့် တိုင်းပြည် ရဲ့ စီးပွားရေးမှာ ကြီးမားတဲ့သက်ရောက်မှုမျိုးတော့ ပြည်တွင်းလုပ်ငန်းရှင်အသိုင်းအဝိုင်းကတော့ သုံးသပ်ကြပါ တယ်။

မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းရဲ့ တွဲဖက်အတွင်းရေးမှူး ဦးတင်လှိုင်က " ဒီကိစ္စကအခက်အခဲတစ်ခု၊ ပြသာနာတစ်ခုဖြစ်တာလူမျိုးရေး ပြသာနာမဟုတ်ဘူး။ ဘာသာရေးပြသာနာမဟုတ်ဘူး။ သို့သော် ပြည်ပတိုင်းပြည်တွေမှာသူတို့ရဲ့အသွင်သဏ္ဍန် ဖန်တီးမှုကြောင့် ရိုက်ခတ်မှုတော့ ရှိနိုင်တယ်။ သို့သော် ကြီးမားသောဆုံးရှုံးသောနစ်နာစေသောရိုက်ခတ်မှုမျိုးတော့ မပေါ်နိုင်ဘူးလို့ ယုံကြည်ပါတယ်"လို့ ဆိုပါတယ်။

လက်ရှိပြည်တွင်းရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုလုပ်ငန်းတွေဟာလည်း  ပုံမှန်အတိုင်းဆက်လက်လည်ပတ်နေတယ်လို့ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းရဲ့ ပြောကြားချက်အရသိရပါတယ်။

ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက" ရေရှည်တော့ မပြောတက်ဘူး။ လက်ရှိအခြေအနေတော့ ရင်းနှီးမြှုပ်နှံမှုကျဆင်းတာကိုသိပ်တော့မတွေ့ရသေးဘူး။ နောက်ပြီးဟိုတစ်နေ့က နိုင်ငံခြားကကုမ္ပဏီအကြီးကြီးတစ်ခုလာပါတယ်။ သူတို့အနေနဲ့ We don't have any exit plan တဲ့။ exit plan ဆိုတော့ ပြန်လည်သွားဖို့ လုံးဝမရှိဘူးတဲ့ ဆိုတော့ ပြန်လည်ရုတ်သိမ်းသွားမယ့် စီမံချက်မရှိဘူးဆိုတဲ့ သတင်းကောင်းလေးကြားရပါတယ်" လို့မဇ္ဈိမမီဒီယာကိုပြောပါတယ်။

NLD အစိုးရရဲ့ ပထမနှစ်သက်တမ်းမှာ ပြည်ပရင်းနှီးမြှုပ်နှံမှု(FDI) ဟာ ၆ ဒသမ ၆ ဘီလီယံသာ ဝင်ရောက်ခဲ့ပြီးလက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိအမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံနီးပါးအထိရှိနေတဲ့ အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်လာဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ စီးပွားရေးလုပ်ငန်း ရှင်အသိုင်းအဝိုင်းက သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly