မောင်တောရှိ ယာယီကယ်ဆယ်ရေးစခန်းအချို့ ပိတ်သိမ်း

မောင်တောရှိ ယာယီကယ်ဆယ်ရေးစခန်းအချို့ ပိတ်သိမ်း
မောင်တောမြို့ အတွင်းရှိ ဒုက္ခသည် စခန်းတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ-စိုးသူရ
 

ရန်ကုန် ၊ အောက်တိုဘာ ၁၆ ။          ။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပဋိပက္ခဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာရှောင်ပြေးလာသည့် သူများအတွက် မောင်တောမြို့ ပေါ်၌  ဖွင့်လှစ်ထားရှိသည့် ယာယီစခန်းအချို့ ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

"စခန်းအနေနဲ့ သတ်မှတ်ထားတယ်တော့ မဟုတ်ပါဘူး။ အခု နယ်မြေက နည်းနည်းငြိမ်တော့ ကိုယ့်နယ်ကို ပြန်သွားကြတာပါ"ဟု မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက ဆိုသည်။

မောင်တောမြို့ပေါ်၌ ပိတ်သိမ်းသည့် စခန်းအချို့သည် စာသင်ကျောင်းများတွင် ခတ္တဖွင့်လှစ်ထားရှိသည့် စခန်းများဖြစ်ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ပိတ်သိမ်းခြင်းဖြစ်သည်ဟု မောင်တောရှိ ဒုက္ခသည်များကို ကူညီကယ်ဆယ်ရေး စောင့်ရှောက်ရေးလုပ်ဆောင်နေသည့် ကိုဝေဟင်အောင်က ပြောသည်။

"ဘုန်းကြီးကျောင်းတွေတော့ ရှိနေသေးတယ်။ စာသင်ကျောင်းတွေပဲ ရုတ်သိမ်းလိုက်တာ" ဟု ကိုဝေဟင်အောင်က ဆိုသည်။

နယ်မြေတည်ငြိမ်အေးချမ်း၍ မိမိရပ်ရွာပြန်လည်နေထိုင်ကြသူများ ရှိနေသော်လည်း နေအိမ်များ မီးရှို့ဖျက်ဆီးခံရပြီး ပြန်စရာနေရာ မရှိသေးသည့် ဒုက္ခသည်များလည်း မောင်တောမြို့ပေါ်တွင် ကျန်ရှိနေသေးကြောင်း ကိုဝေဟင်အောင်၏ ပြောဆိုချက်အရ သိရသည်။

သြဂုတ်လ ၂၅ ရက်နေ့မှ စတင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ပဋိပက္ခဖြစ်စဉ်များပြန်လည်ဖြစ်ပွားခဲ့ပြီး ဘူးသီးတောင် ၊ ရသေ့တောင် နှင့် မောင်တောဒေသရှိ ဒုက္ခသည်အများအပြားသည် နေအိမ်များကို စွန့်ခွာပြီး မြို့ပေါ်သို့ တိမ်းရှောင်ခိုလှုံခဲ့ရသည်။

အဆိုပါ ယာယီရွေ့ပြောင်းသူများအတွက် မောင်တောမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း စာသင်ကျောင်းများတွင် ယာယီ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး ကူညီပေးခဲ့ကြောင်း လူမှုရေးအဖွ့ဲအစည်းများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly