ဦးဖြိုးကိုကိုတင့်ဆန်း၏ နေပြည်တော်ရှိ Hotel ACE တွင် သေနတ်များ သိမ်းဆည်းရမိ

ဦးဖြိုးကိုကိုတင့်ဆန်း၏ နေပြည်တော်ရှိ Hotel ACE တွင် သေနတ်များ သိမ်းဆည်းရမိ

နေပြည်တော်(အောက်တိုဘာ ၁၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သော နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ Hotel ACE တွင် ယမန်နေ့ညပိုင်းက သေနတ်များ သိမ်းဆည်းရမိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က မဇ္ဈိမကို အတည်ပြုသည်။

နေပြည်တော်မှ ရန်ကုန်သို့ MNA လေကြောင်းဖြင့် လိုက်ပါမည့် ဦးဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါ(၂)ဦးထံမှ သေနတ်များ၊ ကျည်ဆံများနှင့် မူးယစ်ဆေးဝါးတစ်ချို့ကို အောက်တိုဘာ ၁၅ရက်၊ ညဦးပိုင်းက နေပြည်တော်လေဆိပ်တွင် ဖမ်းမိပြီးနောက် ၎င်းပိုင်ဆိုင်သည့် ဟိုတယ်အား ဆက်လက်ရှာဖွေစဉ် သေနတ်များ ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထူးခြားချက်အနေဖြင့် သေနတ်များ သိမ်းဆည်းရမိသည့် အဆိုပါ Hotel ACE တွင် ဧည့်သည်များ တည်းခိုနေထိုင်ခြင်းမရှိဘဲ ဝန်ထမ်းများနှင့် ဦးဖြိုးကိုကိုတင့်ဆန်းသာ နေထိုင်သည်ဟု ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။

“သူက မြန်မာနိုင်ငံမြှားပစ်အသင်းမှာ ဥက္ကဌတာဝန်ယူထားတယ်။ အလားတူပဲ သေနတ်ပစ်အသင်းမှာလည်း ဒုဥက္ကဌလို့ ပြောတယ်။ တိတိကျကျတော့ မသိသေးဘူး။ အဲ့တော့ ဒါကို Crazy ဖြစ်လို့ သေနတ်တွေ စုဆောင်းထားသလား မသိဘူး။ ဒါပေမယ့် ဒါကြီးက တရားဝင် ကိုင်ဆောင်ခွင့်မှ မရှိတာ” ဟု ရဲမှူးကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် သာမန်အရပ်သားများက တရားဝင် လက်နက်ကိုင်ဆောင်ခွင့် မရှိသော်လည်း “ကိုယ့်ကိုယ်ကို ကာကွယ်ပိုင်ခွင့်ပေါ့။ တစ်ချို့ဆိုရင် သိပ်ပြီးတော့ နာမည်ကျော်ကြားတဲ့သူတွေ၊ လူကြီးတွေ၊ ဝန်ကြီးဟောင်းတို့၊ နိုင်ငံတော်သမ္မတတို့ဆိုရင် ပါမစ်နဲ့ကိုင်တာ ရှိပါတယ်။ လိုင်စင်နဲ့ကိုင်တာ ရှိပါတယ်။ အဲ့ဒီ ပါမစ်တွေ၊ လိုင်စင်တွေ ထုတ်ပေးတာကတော့ ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပေးတာ” ဟု ရဲမှူးကြီးက ရှင်းပြသည်။

ထို့ကြောင့် ဦးဖြိုးကိုကိုတင့်ဆန်းအား သေနတ်ကိုင်ဆောင်မှုနှင့်ပတ်သက်သည့် စာရွက်စာတမ်းရှိ၊ မရှိ၊ ပါမစ် ရှိ၊ မရှိနှင့် လိုင်စင် ရှိ၊ မရှိတို့ကို ရဲတပ်ဖွဲ့က စစ်ဆေးလျက် ရှိသည်။

လေဆိပ်တွင် သေနတ်များနှင့်အတူ ဖမ်းမိစဉ် ဦးဖြိုးကိုကိုတင့်ဆန်းမှာ မူးယစ်ဆေးဝါးသုံးစွဲထားသည့် လက္ခဏာ တွေ့ရှိရသည်ဟုလည်း ရဲမှူးကြီးက ဆိုသည်။

“ဖြိုးကိုကိုတင့်ဆန်းကတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လက္ခဏာရှိတယ်။ မနေ့ကညက ဆေးစစ်တာတို့၊ ဘာတို့ လုပ်ပါတယ်။ ကုတင်တစ်ထောင်မှာ ဆေးသွားစစ်တယ်။ ပစ္စည်းတွေသိမ်း၊ ဆေးစစ်ပြီးတော့ အခုလောလောဆယ်တော့ သူ့ကို ထိန်းသိမ်းပြီးတော့ စစ်ကြောနေတုန်းပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးဥပဒေ ပုဒ်မ ၂၂(ခ)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly