ငြိမ်းချမ်းရေးဂီတပွဲတော် ပထမအဆင့်တွင် ဒေသ လက်ရွေးစင် ၃၆ ဦး အပြီးသတ် ရွေးချယ်ခဲ့၊ ဒုတိယအဆင့် အောက်တိုဘာ ၂၁ ရက်တွင် စတင်မည်

ငြိမ်းချမ်းရေးဂီတပွဲတော် ပထမအဆင့်တွင် ဒေသ လက်ရွေးစင် ၃၆ ဦး အပြီးသတ် ရွေးချယ်ခဲ့၊ ဒုတိယအဆင့် အောက်တိုဘာ ၂၁ ရက်တွင် စတင်မည်
(ဓာတ်ပုံ - စိုးသူရ/မဇ္ဈိမ)

ငြိမ်းချမ်းရေးဂီတပွဲတော် Level(1)ကို မြို့ကြီး ၁၁ မြို့မှာ ဇူလိုင်လမှစတင် ကျင်းပခဲ့ရာ ဒေသ လက်ရွေးစင် ၃၆ ဦးကို အပြီးသတ် ရွေးချယ်နိုင်ခဲ့ပြီး  ရွေးချယ်ခံရသူတွေဟာ Level(2) မှာ အဖွဲ့ လေးဖွဲ့ခွဲ ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။

ငြိမ်းချမ်းရေးဂီတပွဲတော် Level(2) ရဲ့ ပွဲစဉ်(၁)ကို အောက်တိုဘာ ၂၁ရက် နှင့် ပွဲစဉ်(၂)ကို အောက်တိုဘာ ၂၂ ရက်တို့မှာ မန္တလေး မြို့မှာ ကျင်းပမှာဖြစ်ပြီး ပွဲစဉ်(၃) ကို အောက်တိုဘာ ၂၈ ရက်နှင့် ပွဲစဉ်(၄)ကို အောက်တိုဘာ ၂၉ ရက်တို့မှာ နေပြည်တော်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်များ အနေဖြင့် ပြဋ္ဌာန်း ထားတဲ့ သီချင်း ၅၇ ပုဒ်ထဲမှ မိမိ ကြိုက်နှစ်သက်တဲ့ မြန်မာသံနှင့်ခေတ်ပေါ် တေးသီချင်း အမျိုးအစားများကို သတ်မှတ်ထားတဲ့ ပြိုင်ပွဲဝင် အစဉ်လိုက် မဲနှိုက်ပြီး ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဂီတပွဲတော် Level(2) မှာ ပရိသတ် Voting ၆ဝရာခိုင်နှုန်း နှင့် ဒိုင်အဖွဲ့မှ ၄ဝ ရာခိုင်နှုန်းဖြင့် ဆုံးဖြတ် မှာဖြစ်ပြီး ပရိသတ် Voting SMS ပေးပို့ရာမှာလည်း ယခင်နှုန်းထားများထက် သက်သာစေရန် ညှိနှိုင်းဆောင်ရွက် နေကြောင်း သိရပါတယ်။

Level(2) ပြိုင်ပွဲ များကို MRTV မှ တိုက်ရိုက် ထုတ်လွှင့်သွားမှာဖြစ်ပြီး Level(3) ပွဲစဉ်အတွက် ၁ဝ ဦးရွေးချယ် သွားမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ဂီတပွဲတော် Level(3) ပွဲစဉ်များကို နေပြည်တော်မှာ ပွဲစဉ်(၁)အဖြစ် နိုဝင်ဘာ ၅ ရက်၊ ပွဲစဉ်(၂)ကို ရန်ကုန်မှာ နိုဝင်ဘာ ၁၂ ရက်၊ ပွဲစဉ်(၃)ကို နိုဝင်ဘာ ၁၉ရက်နှင့် ပွဲစဉ် (၄)ကို နိုဝင်ဘာ ၂၆ ရက် တို့မှာ ကျင်းပသွားမှာဖြစ်ပြီး အပတ်စဉ် မဲအနည်းဆုံး ပြိုင်ပွဲဝင်နှစ်ဦးကို ပြိုင်ပွဲမှ ထုတ်ပယ်သွားမှာဖြစ်ကာ နောက်ဆုံး ပွဲစဉ်(၄)မှာ တစ်ဦးတည်းသာ ထုတ်ပယ်သွားမှာဖြစ်ပါတယ်။

နောက်ဆုံး Grand Final ပွဲစဉ်ကို ဒီဇင်ဘာ ၁ဝ ရက်မှာ ရန်ကုန်မြို့မှာ အပြီးသတ်ရွေးချယ်ကာ ပထမဆု ငွေကျပ် သိန်း ၃ဝဝ၊ ဒုတိယဆု ငွေကျပ် သိန်း၂ဝဝ၊ တတိယဆု ငွေကျပ် သိန်း ၁ဝဝနှင့် နှစ်သိမ့်ဆု ခုနစ်ဆုကို တစ်ဆုလျှင် ငွေကျပ် သိန်း ၃ဝ စီ ချီးမြှင့်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref; MOI Webportal Myanmar

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly