သောက်ရေသန့်လုပ်ငန်းများအား ထိရောက်စွာ အရေးယူမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ကြေညာ

သောက်ရေသန့်လုပ်ငန်းများအား ထိရောက်စွာ အရေးယူမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ကြေညာ
မင်္ဂလာဒုံမြို့နယ်ရှိ ရေသန့်လုပ်ငန်း ၆ ခုအား သြဂုတ်လ ၂၁ ရက်က FDA မှ စစ်ဆေးနေစဉ်။ ဓာတ်ပုံ-YGN FDA

အောက်တိုဘာ ၁၅ ။           ။ သောက်ရေသန့်ထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ လုပ်ငန်းထောက်ခံချက်မရရှိဘဲ ရောင်းချခြင်းပြုပါက အမျိုးသားအစားအသောက် ဥပဒေအရ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ကြေညာလိုက်သည်။

အဆိုပါကြေညာချက်တွင် သောက်ရေသန့်လုပ်ငန်းရှင်များအနေဖြင့် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိပြီး သက်တမ်းရှိမှသာ ထုတ်လုပ်ရောင်းချရန်၊ လုပ်ငန်းသစ် ထောက်ခံချက်   လျှောက်ထားဆဲ ကာလအတွင်း ရောင်းချခြင်း မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထုတ်လုပ်သည့်နေရာအထိ စစ်ဆေးဖော်ထုတ်၍ အမျိုးသားအစားအသောက်ဥပဒေအရ ထိရောက်စွာအရေးယူမည်ဖြစ်သည်ဟု ပါရှိသည်။

ထို့ပြင် ဈေးကွက်အတွင်း၌ အရည်အသွေး အာမခံချက်မရှိဘဲ ထုတ်လုပ်ရောင်းချနေသော သောက်ရေသန့် လုပ်ငန်းများကို ရှာဖွေဖော်ထုတ်ရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ညွန်ကြားချက်များ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီးဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း အောက်တိုဘာလ ၁၃ ရက် ရက်စွဲဖြင့် ဝန်ကြီးဌာနအဆင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်က ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ ရေသန့်လုပ်ငန်း ၆ ခုအား FDA မှ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခဲ့ပြီး ထောက်ခံချက်   လျှောက်ထားခြင်းမရှိသော   သောက်ရေသန့် လုပ်ငန်း(၃)ရုံ၊ စီစစ်ဆဲ(၂)ရုံနှင့် ထောက်ခံချက်ရရှိပြီး သက်တမ်း(၃)နှစ် ကုန်ဆုံးနေသော စက်ရုံ(၁)ရုံအား FDA မှ သြဂုတ်လ ၂၁ ရက်က ရှောင်တခင် စစ်ဆေးခဲ့ရာ ယင်းသို့ ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပိတ်သိမ်းအရေးယူခဲ့သော သောက်ရေသန့်များမှာ ဝတီ၊ အာသီသ၊ ရူပါဦး၊ A 10 mile၊ Clever နှင့် Rex တံဆိပ်များဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေဖြင့် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ စနစ်တကျ အမြန်ဆုံးထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ကြောင်း ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ထုတ်လုပ်မှုအရည်အသွေးနှိမ့်ကျနေသည့် သောက်ရေသန့်စက်ရုံ ၁၃ ခု ကို ပိတ်သိမ်းခဲ့ပြီး လှည်းကူး၊လှိုင်နဲ့မင်္ဂလာဒုံမြို့နယ်တွေမှာရှိတဲ့ ရေသန့်စက်ရုံများအား FDA မှ စစ်ဆေးရာတွင် စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သောက်ရေသန့်ထုတ်လုပ်ရာတွင် အရည်အသွေးမပြည့်မီခြင်း၊ ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်နေခြင်းတို့အား အများဆုံး တွေ့ရပြီး ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်တို့တွင် FDAမှ စစ်ဆေးရာတွင် တွေ့ရှိနေရသည်။

မှော်ဘီမြို့နယ်ရှိ ထောက်ခံချက်မရှိသော စီစစ်ဆဲ 99 အမှတ်တံဆိပ်သောက်ရေသန့် လုပ်ငန်း(၁)ခုနှင့် သက်တမ်းလွန်နေသော B.I.O အမှတ်တံဆိပ်သောက်ရေသန့် လုပ်ငန်း(၁)ခုတို့အား   အောက်တိုဘာလ  ၃ ရက်တွင်  FDA မှ ရှောင်တခင် စစ်ဆေးခဲ့ပြီး ပိတ်သိမ်းအရေးယူခဲ့ပြီး  အဆိုပါ သောက်ရေသန့်လုပ်ငန်း (၂)ခုအနေဖြင့် အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်နှင့် သက်တမ်းတိုးထောက်ခံချက်ရရှိခြင်းတို့ ရရှိမှသာ ပြန်လည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခွင့် ရရှိမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly