NCA ကို မသိကျိုးကျွန်ပြုခြင်းက ‘သူတစ်လူ၊ ငါတစ်မင်း’ စနစ်ကို တည်ထောင်လိုခြင်းဟု တပ်ချုပ်ပြော

NCA ကို မသိကျိုးကျွန်ပြုခြင်းက ‘သူတစ်လူ၊ ငါတစ်မင်း’ စနစ်ကို တည်ထောင်လိုခြင်းဟု တပ်ချုပ်ပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၁၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးက လက်မှတ်ရေးထိုးရန် လိုအပ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

“ဒီ(NCA)စာချုပ်မှာပါတဲ့ကိစ္စတွေဟာ တိုင်းရင်းသား ပြည်သူလူထုရဲ့အခွင့်အရေးကို ကန့်သတ်ထားတာ၊ ချုပ်ချယ်ထားတာ၊ ပိတ်ပင်ထားတာ တစ်ခုမှမပါပါဘူး” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နေပြည်တော်ရှိ MICC-1 တွင် ၂၀၁၇ခုနှစ်၊ အောက်တိုဘာ ၁၅ရက်က ကျင်းပပြုလုပ်သည့် NCA လက်မှတ်ရေးထိုးခြင်း (၂)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားမိန့်ခွန်းတွင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး NCA လက်မှတ်ရေးထိုးကြရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခိုင်အမာ ပြောကြားလိုက်ခြင်း ဖြစ်သည်။

NCA ကို မသိကျိုးကျွန်ပြုနေပါက “ပြည်သူလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဆန့်ကျင်ခြင်း၊ ဒီမိုကရေစီစနစ်ကိုဆန့်ကျင်ခြင်း၊ လက်နက်ကိုင်ပြီး ‘သူတစ်လူ၊ ငါတစ်မင်း’ စနစ်ကို တည်ထောင်လိုခြင်းနှင့် ပြည်ထောင်စုနဲ့ ပြည်သူလူထုအကျိုးကို မျက်ကွယ်ပြုလိုခြင်းလို့ ယူဆရမှာဖြစ်ပါတယ်” ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုသည်။

နှစ်ဖက် တပ်များအကြား ပစ်ခတ်တိုက်ခိုက်မှုမရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကပါ NCA တွင် လက်မှတ်ရေးထိုးရန် လိုအပ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ထပ်လောင်း ပြောဆိုသည်။

“NCA ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုမရှိလို့ လက်မှတ်ထိုးစရာမလိုဘူးလို့ပြောနေတဲ့ အဖွဲ့အချို့ရှိပါတယ်။ NCA ဟာ အမည်နာမအားဖြင့်သာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ဖြစ်ပါတယ်။ အနှစ်သာရအားဖြင့် ကတော့ ဒါ့ထက် ပိုမိုကျယ်ပြန့်ပါတယ်။ နက်ရှိုင်းပါတယ်။ ဒါ့ကြောင့် NCA ကိုလက်မှတ်ထိုးဖို့လိုအပ်ကြောင်း အခိုင်အမာ ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကမူ NCA လက်မှတ် ရေးထိုးရန် မလိုလားသေးကြောင်း ပြောဆိုခဲ့ဖူးသည်။

“လောလောဆယ် ကျွန်တော်တို့ NCA ထိုးဖို့ မလိုလားသေးဘူး။ ဘာကြောင့်လည်းဆိုတော့ လက်ရှိမှာလည်း တိုက်ပွဲ မရှိသေးဘူး။ NCA ဟာ တိုက်ပွဲတွေနဲ့ပဲ ဆိုင်တယ်။ ကျွန်တော်တို့နဲ့ မဆိုင်သေးဘူး” ဟု UWSA ၏ ပြင်ပဆက်ဆံရေးဌာနခွဲ အကြီးအကဲဖြစ်သူ ဦးကျောက်ကော်အန်းက နေပြည်တော်သို့ ရောက်ရှိစဉ် ပြီးခဲ့သည့် မေလ ၂၅ရက်တွင် မီဒီယာများကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း “တိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ အခွင့်အရေးကို အပြည့်အဝ အာမခံချက်ပေးထားတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုတဲ့ ဘောင်ထဲကသာ မကြည့်ဘဲ ပိုမိုကျယ်ပြန့်တဲ့အမြင်နဲ့ ကြည့်ပြီး အချိန်မဆိုင်းဘဲ အားလုံးပါဝင်ဆောင်ရွက်သွားကြပါ” ဟု ယနေ့ အခမ်းအနားမိန့်ခွန်းတွင် နိဂုံးချုပ်အနေဖြင့် တိုက်တွန်းပြောဆိုသည်။

ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၁၅ရက်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် (၈)ဖွဲ့တို့အကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခဲ့သည်။

သို့သော် ၂နှစ်ပြည့်မြောက်သည့် ယနေ့အချိန်အထိ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် အဖွဲ့အစည်း တစ်ခုတလေမျှ ထပ်မံရေးထိုးခြင်း မရှိသေးပေ။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly