ပြင်သစ်စစ်တပ်မှ စင်းလုံးငှားလာသည့် လေယာဉ်ပျက်ကျမှုကြောင့် ၄ ဦးသေဆုံး

ပြင်သစ်စစ်တပ်မှ စင်းလုံးငှားလာသည့် လေယာဉ်ပျက်ကျမှုကြောင့် ၄ ဦးသေဆုံး

အာဘစ်ဂျန်၊ အိုင်ဗရီကို့စစ်၊ အောက်တိုဘာ ၁၅ ။          ။ ပြင်သစ်စစ်တပ်မှ စင်းလုံးငှားလာသည့် သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီး အိုင်ဗရီကို့စ်ကမ်းခြေ၌ စနေနေ့ က ပျက်ကျခဲ့သောကြောင့် လေယာဉ်ပေါ်၌လိုက်ပါလာသည့် ပြင်သစ်စစ်သားများထဲမှ ၃ဦး ဒဏ်ရာရရှိခဲ့ပြီး မော်လ်ဒိုဗာနိုင်ငံသား ၄ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

အခင်းဖြစ်ပွားသည့်မနက်အစောပိုင်းက အာဘစ်ဂျန်ဆိပ်ကမ်းမြို့၌ မုန်တိုင်းတစ်ခုရှိနေခဲ့သော်လည်း လေယာဉ် ပျက်ကျမှုမှာ ရာသီဥတုဆိုးရွားခြင်းကြောင့်လားဆိုတာ ရှင်းရှင်းလင်းလင်းမဖြစ်သေးကြောင်း သိရသည်။

ပြင်သစ်စစ်တပ်မှ ထုတ်ပြန်ခဲ့သောသတင်းများအရ ၎င်းတို့စင်းလုံးငှားရမ်းလာသော လေယာဉ်သည် ဂျီဟတ်ဝါဒီ များကို တိုက်ဖျက်နှိမ်နင်းသည့် ဘာခါနီစစ်ဆင်ရေးအတွက် အင်အားဖြည့်သည့်အနေဖြင့် စစ်သားများပို့ဆောင် ဖို့အတွက်ဖြစ်ကြောင်း သိရသည်။ အာဖရိကတိုက်မှ ဆာဟယ်လ်ဒေသတွင် လက်ရှိအချိန်၌ ဂျီဟတ်ဝါဒီများကို တိုက်ဖျက်မည့် ပြင်သစ်စစ်သားအင်အား ၄၀၀၀ ခန့်ရှိသည်။ ဘာခါနီစစ်ဆင်ရေးသည် ဆာဟယ်လ်နိုင်ငံများ၌ အသေခံဗုံးခွဲမှုများ၊ ပစ်ခတ်မှုများနှင့် ပြန်ပေးဆွဲမှုများကို ကျူးလွန်နေကြသော အစ္စလာမ်မစ်စစ်သွေးကြွများကို နှိမ်နင်းရန်ဖြစ်သည်။

ယခုလိုလေယာဉ်ပျက်ကျမှုကြောင့် မော်လ်ဒိုဗာနိုင်ငံသားနှစ်ဦးနှင့် စစ်သား ၃ဦးအပါအဝင် ပြင်သစ်နိုင်ငံသား ၄ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ပြင်သစ်စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

“လေယာဉ်ပေါ်မှာ ပြင်သစ်နဲ့မော်လ်ဒိုဗာနိုင်ငံသားများအပါအဝင် စုစုပေါင်း ၁၀ဦးခန့် လိုက်ပါခဲ့ကြပါတယ်။ သေဆုံးသွားခဲ့တဲ့ လူ ၄ဦးဟာ မော်လ်ဒိုဗာနိုင်ငံသားများ ဖြစ်ကြပါတယ်” ဟု မီးသတ်ဌာနမှ ဗိုလ်မှူးကြီး အစ်ဆာဆာခိုက ဒေသတွင်း ရုပ်သံသတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါလေယာဉ်သည် ဘာကီနာဖာဆိုနိုင်ငံမြို့တော် Ouagadougou မြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး အာဘစ်ဂျန်မြို့အနီးရှိ ပင်လယ်ပြင်ထဲသို့ လေယာဉ်ဝမ်းဖြင့်ရှပ်ဆင်းခဲ့ချိန်တွင်    နှစ်ပိုင်းပြတ်သွားခဲ့ကြောင်း သူက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly