ဆိုက်ကားနင်းရင်း ချမ်းသာပြီ

.

ဆိုက်ကားနင်းတဲ့ ငမွဲကောင် မိုးညိုမြ၊ ဒီကနေ့ ချမ်းသာပြီ။

ကဲ…..ဆင်းရဲတာနဲ့ ချမ်းသာတာ ဘာကွာသလဲတဲ့။ ပိုက်ဆံမရှိတာနဲ့ ပိုက်ဆံရှိတာ ကွာတာပေါ့ဗျာ။ ဒါတော့ မင်း ပြောမှလား၊ ကလေးတောင် သိတယ်။ ဒါနဲ့များ စာရေးစားနေသေးလားလို့ အပြစ်မတင်နဲ့။
အရက်ကြောင်းမသိဘဲ အရက်ဆိုးကျိုးတွေ လျှောက်ရေးနေတဲ့ စာရေးဆရာ ရှိတယ်။ မြန်မာနိုင်ငံက မာဆတ်တွေ မရောက်ဖူးဘဲနဲ့ ရောက်ဖူးခဲ့တဲ့ နိုင်ငံခြားက မာဆတ်တွေလိုထင်ပြီး ခပ်တည်တည်လျှောက်ရေးနေတဲ့ စာရေးဆရာ ရှိတယ်။

မြန်မာစကားပုံတွေ၊ ဆိုရိုးစကားတွေကို တလွဲလျှောက်ရေးနေတဲ့ စာရေးဆရာတွေ၊ စာပိုဒ်ခွဲရမှန်းမသိ ထူလပျစ် ကြီး တောက်လျှောက်ရေးသွားတတ်တဲ့ စာရေးဆရာ၊ ပုဒ်ဖြတ်၊ ပုဒ်မ မှန်အောင် မချတတ်တဲ့ စာရေးဆရာတွေ လည်း ရှိတယ်။ သူတို့ထက်တော့ မိုးညိုမြက သာပါသေးတယ်။

ကဲ…..ထားပါ။ မင်း ချမ်းသာပါပြီတဲ့။ ဘာလုပ်မှာတုန်းလို့ မေးလာခဲ့ရင် မိုးညိုမြ လုပ်ချင်တာတွေက အများသား။

အလုပ်ခန်းကို အကျယ်ကြီးချဲ့ပြီး ကိုယ်နင်းခဲ့တဲ့ ဆိုက်ကားကို အုံနာဆီကနေ ကြိုက်ဈေးပေးဝယ်မယ်။ ပြီးတော့ အဲဒီ အခန်းကျယ်ကြီးအလယ်မှာ ချိတ်ဆွဲထားလိုက်မယ်။ ဟဲ…ဟဲ…ဘဝ မမေ့အောင်လို့။ ကိုယ် ချမ်းသာလာ အောင် လုပ်ပေးတဲ့ ကျေးဇူးရှင်မို့လို့။

မျက်နှာကျက်ကနေ သံကြိုးနဲ့ ဆိုင်းပြီး ချိတ်ဆွဲထားမယ့် ဆိုက်ကားက အသေမဟုတ်ရဘူး၊ အရှင်ဖြစ်နေရမယ်။ ဒါမှ နေ့လယ်နေ့ခင်း အနားယူတဲ့အခါ အရင် ဆိုက်ကားဆရာဘဝက မောလို့ပဲဖြစ်ဖြစ်၊ မူးလို့ပဲဖြစ်ဖြစ် ဆိုက်ကား ပေါ်အိပ်တဲ့ ပုံစံမျိုး အိပ်နိုင်မယ်။ ခြားနားသွားမှာက အရှင်ချိတ်ဆွဲထားတာမို့ လွှဲလို့ ရနေမယ်။ ဒါမှ ပိုပြီး ဇိမ်ရှိ မယ်လေ။ ဇိမ်ကလည်း ခံချင်သေးတာကိုးဗျ။ မနက်အိပ်ရာနိုးလို့ ကိုယ်လက်သန့်စင်ပြီး လေ့ကျင့်ခန်း (Exercise) ယူ၊ Breakfast (မနက်စောစာလို့  မြန်မာလို ရေးလို့ ရရဲ့သားနဲ့ ဗိုလ်လိုမှုတ်ရတာက သူများ အထင်ကြီးအောင်လို့၊ ဒါတောင် စာလုံးပေါင်း မမှားအောင် ဒစ်ရှင် နာရီ…..အဲ…..အဘိဓာန် လှန်လိုက်ရသေး…..အဟက်)စား၊ အလုပ်ခန်းထဲသွား၊ ငွေတိုးချထားတာတွေ စာရင်း တွက်ပေါ့လေ။

ကိုယ့်နိုင်ငံ သည်လောက် ဆင်းရဲမွဲတေနေတာ သိရဲ့သားနဲ့ ချမ်းသာအောင် ကုန်ထုတ်လုပ်ငန်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ပါလား။ ကိုယ်တွေ နိုင်ငံခြားထွက်ပြီး ပညာရှင်လို အလုပ်မျိုး မဟုတ်ဘဲ သာမန်အလုပ်သမားဘဝနဲ့ တချို့များဆို နှိပ်စက်ညှဉ်းပန်းခံရတဲ့ ဘဝနဲ့ လုပ်ကိုင်နေကြရတာ မသိတော့ဘူးလား။

ကုန်းပိတ်နိုင်ငံဖြစ်တဲ့ လာအိုဆို အရင်က ဆင်းဆင်းရဲရဲ မွဲမွဲတေတေနဲ့ ရှိခဲ့ရာကနေ ကုန်ထုတ်လုပ်ငန်းတွေ ထွန်းကားပြီး အခု နိုင်ငံခြားကနေ အလုပ်သမားငှားရမ်းခွင့် ရဖို့ရာ အစိုးရကို တင်တာ ခွင့်ပြု လိုက်ပြီတဲ့။ နောက်ဆို လာအိုကိုတောင် ဒီက အလုပ်သမားတွေ သွားလုပ်ကြရဦးမှာလား၊ မင်းမစဉ်းစားမိဘူးလားလို့ အပြစ်တင် မစောပါနဲ့။

မိုးညိုမြ စဉ်းစားမိပါတယ်။ ဒီထက်မက လုပ်စရာတွေ ရှိတာလည်း သိပါတယ်။
ဒါပေမယ့်…..ငွေတိုးချေးစားတဲ့ အလုပ်က ငွေဝင် လွယ်တယ်ဗျာ။ ဝန်ကြီးဌာနတစ်ခုကတောင် ငွေတိုး ချေးစားတဲ့ အလုပ်ကို ကြီးကြီးကျယ်ကျယ် နိုင်ငံခြားနဲ့ဆက်သွယ်၊ ဟိုက ယူ၊ ဒီမှာ ချေးနဲ့ ဟန်ကို ကျလို့။

ကျွန်တော့်လုပ်ငန်းမှာက အချိန်တန်ရင် လာပေးတဲ့သူက ပေးတယ်။ သွားယူရတာလည်း ရှိတယ်။ မြေကွက် ပိုင်ရှင်နဲ့ ညှိနှိုင်းစကားဆို၊ တိုက်ကို တစ်ယောက် တစ်ခြမ်းယူ၊ ငွေအမ်းတာ အမ်းပြီး တိုက်တွေ ဆောက်နေကြ တဲ့ဆီမှာ ငွေချေးထားတာမျိုးကလည်း ရှိသေးတယ်။

ငွေဆုံးမှာ မပူရဘူး။ တိုက်ခန်းကို ကြိုပွိုင့်ဝယ်ထားတဲ့ ပုံစံမျိုး စာချုပ်တစ်ခါတည်း ချုပ်ထားလိုက်တယ်။ တကယ်လို့….ငွေပြန်မဆပ်ဘူးနော်…..ချစ်တီးနော်…..အဲ…..မိုးညိုမြနော်…..သိမ်းလိုက်တာပဲ။
အဲဒီလို တိုက်ခန်းမျိုး ခုဆို ငါးခန်း ရှိနေပြီ။ လေးခန်းကို တစ်လ သိန်းဂဏန်းယူပြီး ငှားစားထားလိုက်တယ်။

ကျန်တဲ့တစ်ခန်းကလား၊ မာဆတ်က ကောင်မလေးတစ်ယောက်ကို ထားတယ်။ အံ့သြမသွားပါနဲ့ ရှင်းပြပါ့မယ်။ ရာဇဝင်နဲ့ချီ ရှင်းလင်းပါ့မယ်။

ဆိုက်ကားဆရာ ဘဝတုန်းက အိမ်ရောက်ပြီဆို ညောင်းလိုက်တာဗျာ။ တစ်ကိုယ်လုံးကို ကိုက်ခဲနေတာပဲ။ ဘယ်သူ့နင်းခိုင်းရမလဲ။ မာဆတ်ဆိုတာတွေကို သိတာပေါ့။ ဆိုက်ကားစီးတဲ့သူတွေ သွားချင်ရင် လိုက်ပို့ ပေး နေရတာပဲ။ တချို့နေရာကများဆို ကိုယ့်ကို ဖောက်သည် ခေါ်လာပေးလို့ အပိုကြေးလေး ၅၀၀ ကျပ်လောက် ဆုချလိုက်သေး။ ဒါပေမယ့် ဆိုက်ကားဆရာဗျာ၊ ဘယ်မှာသွားပြီး အနှိပ်ခံနိုင်ပါ့မလဲ၊ မတတ်နိုင်ပါဘူး။

အိမ်က မိန်းမက တစ်ခါတလေ နင်းပေးရှာပါတယ်။ စိတ်ကြည်နေတဲ့အခါမျိုး မှာပေါ့လေ။ ဒါကလည်း အသပြာ၊ ဒင်္ဂါး၊ ငွေကြေး၊ ပိုက်ဆံ Money နဲ့ ဆက်စပ်နေသဗျ။ ဖောက်လာပြန်ပြီ။ တစ်ခုပြောလိုက်ရင် ရပါတယ်ကွာ မလုပ်နဲ့။ ခုက ဘာပဲဖြစ်ဖြစ် ရှည်ရှည်နဲ့ လုံးထပ်တွေ ရေးမှ ရတယ်၊ ကောင်းတယ်၊ မိုက်တယ် ထင်နေတဲ့ ခေတ်။ ဘာတဲ့၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအမှု ပြုသတဲ့။

လုပ်ကိုင်ဆောင်ရွက်ခြင်းအမှုကို အကောင်အထည် ဖော်ဦးမလား မသိ။ဆေးရုံသွားပြီး ဆရာဝန်ပြသခြင်း၊ ဆေးစစ်ခြင်းအမှု ခံယူခြင်းများ ပြုပြီးနောက်ဆေးထိုးခြင်း အမှု ပြုရသည့် အပြင်ဆေးစားခြင်းအမှု ကို ပြုနိုင်ရန်ပါ သောက်ဆေးများ ဝယ်ယူခြင်းအမှု ပြုပြီးသကာလ အိမ်သို့ ပြန်ခဲ့ရာ ရောက်ရောက် ချင်း ဆေးလိမ်းခြင်းအမှု ပြုသည့်တိုင် တင်ပါးနှစ်ဘက်မှ ဝဲစိုများက ယားယံခြင်းအမှု ထ ထ ပြုကြသောကြောင့်နောက်ဆုံးအနေနဲ့ အားရပါးရ ကုတ်ကာ ကုတ်ကာနဲ့ ဇိမ်ခံခြင်း အမှုပြုရလေတော့သည်လို့ သူတို့ ရေးသလို တုပရေးရမလိုတောင် ဖြစ်လာပြီ။

အော်….မိန်းမဆီ ပြန်ဆက်ရဦးမယ်။ ဘာတဲ့ အသပြာ ရရင်လား၊ မြိုးမြိုးမြက်မြက်လေး ရလိုက်တဲ့အခါ သူ့လင် ငနွားကောင် ခြေသလုံးတောင့်အောင် နင်းခဲ့ရပြီဆိုတာ ချက်ဆို ဗိုက်ကပ်….အဲ သိလိုက်ပြီ။
ကိုမိုး…..နင်းပေးရဦးမလား၊ နှိပ်ပေးရဦးမလားနဲ့ပေါ့။ အဲဒီအခါမျိုးပဲ ငမိုးညိုမြ အနှိပ်အနင်း ခံရတတ်ပါတယ်ဗျာ။ ကျန်တဲ့ အချိန်များတော့ အနားတောင် ကပ်တယ် မရှိပါဘူး။

ကဲ…..အခုတော့ မိုးညိုမြ ချမ်းသာလာပြီလေ။ ဟိုတုန်းက ညောင်းခဲ့သမျှတွေ မာဆတ်သွားတာပေါ့ဗျာ။ ဟိုဘောစိကြီးတွေလိုတော့ တစ်ခါဝင် ကောင်မလေး သုံးလေးယောက် မခေါ်နိုင်ပါဘူး။ စွဲစွဲမြဲမြဲ “ဝင်နေကျ ကောင်မလေး” တစ်ယောက်နဲ့ပဲ အနှိပ်ခံပေါ့လေ။

အဲ…..တိုတိုပဲပေါ့ဗျာ။ စပွန်ဆာ ပေးနိုင်တော့ အဲသည်ကောင်မလေး ကိုယ်တစ်ယောက်တည်း နှိပ်ဖို့ (အဲ….မြန်မာ စကားများ ခက်တယ်နော်၊ ကိုယ့် တစ်ယောက်တည်းကို နှိပ်ဖို့၊ ဒါမှမဟုတ် ကိုယ်တစ်ယောက်တည်း အနှိပ်ခံဖို့…လို့ ရေးရမှာ) အင်း… အနှိပ်ခံဖို့ ဆွဲထားလိုက်တာပေါ့ဗျာ။

ဘယ်လို ထားသတဲ့လား။ ဟိုအိမ်ခန်းမှာ ထားတယ်လေ။ ကျွန်တော့် “ဆင်းရဲသား ကောင်းကျိုးပြု” ကုမ္ပဏီ လီမိတက်မှာ ငွေစာရင်းအရာရှိ ခန့်ထားတယ်လေ။ သူလည်း ပေါင်းတာ နုတ်တာလောက်ပဲ တတ်တာပါ။ ဒါက ကိုယ်လည်း ကူညီလို့ ရပါတယ်။ အရေးမကြီးပါဘူး။ အရေးကြီးတာက…..ဟဲ…..ဟဲ …..ကိုယ့်အနားမှာ ရှိနေဖို့လေ။ အညောင်းဖြေဖို့လေ။

ဟာ…..တွက်ရင်း ချက်ရင်း ငွေက ကွာနေပြီ၊ ပေါင်းရမှာ နုတ်ထား၊ နုတ်ရမှာ ပေါင်းထားနဲ့၊ ကောင်မလေးကလည်း အခန်းထဲ မရှိဘူး။ ဘယ်သွားပါလိမ့်။ ထွက်သွားတာ ကြာလိုက်တာနော်။ကဲ…..လှမ်းခေါ်ဦးမှ ဆိုပြီး လူခေါ်ခေါင်းလောင်း…..အဲ…..ဆိုက်ကားကနေ ဖြုတ်ထားတဲ့ ဘဲလ်ကို တီး လိုက်တာ ချက်ချင်းပဲ ဝင်လာပါပြီ။

“အောင်မလေး…..ကျုပ်မပြောချင်လို့ ကြည့်နေတာ ကြာပြီ။ ဟိုက ဆိုက်ကားနင်းပြီး……ဇောတိက သူဌေးဖြစ် အောင် လုပ်နိုင်တယ် ဆိုတာနဲ့…. ဘာလဲ သူဌေးအိပ်မက် မက်နေပြန်ပလား။
“ရှင်စဉ်းစား ပါတော်။ အာဏာရှိတဲ့ ဆိုက်ကားဆရာ ဆိုရင်တော့ အာဏာသုံးပြီး ချမ်းသာအောင် လုပ်လို့ရရင် ရမယ်။ ရှင့်လို သူများဆိုက်ကား အုံနာခ ပေးပြီး နင်းနေတဲ့ လူက ချမ်းသာလာနိုင်ပါ့မလား။
“ဒီမှာ အိမ်မှာ ဆန်မရှိတော့ဘူး။ ရှင်ပြန်လာမှ ချက်မယ်၊ ဆန်ပါ ဝယ်ခဲ့။ သွား….သွား….အချိန်ရှိတုန်းလေး ဆန်ဖိုးလေးရအောင် ဘာတဲ့… ဖေ့သား…ယောက်ျားဘသား…နင်းလိုက်ပါဦး။
“ညကျမှ ‘ဆိုက်ကားနင်းပြီး ချမ်းသာပြီ’ ဆိုတဲ့ အိပ်မက်ဆက်မက်။ ထပါ….သွားပါ…ဆိုက်ကား နင်းစမ်းပါ” တဲ့လေ။
ကဲ…ကောင်းရော။ ဆိုက်ကားနင်းပြီး ချမ်းသာနိုင်တယ်ဆိုတာ တကယ်တော့ အိပ်မက်ကြီးပါလားဗျာ။