တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်ဖို့ မြောက်ကိုရီးယားတို့ ပြင်ဆင်နေဟု သတင်းထွက်ပေါ်

တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်ဖို့ မြောက်ကိုရီးယားတို့ ပြင်ဆင်နေဟု သတင်းထွက်ပေါ်

အောက်တိုဘာ ၁၄ ။                    ။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့အကြား ပူးတွဲရေကြောင်းစစ်ရေးလေ့ကျင့်မှုကြီးတစ်ခု မတိုင်ခင် မြောက်ကိုရီးယားတို့ဘက်က ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်လာနိုင်တယ်လို့ ယုံကြည်ရကြောင်း တောင်ကိုရီးယားသတင်းဌာနတစ်ခုက ထုတ်ဖော်လိုက်ပါတယ်။

လာမယ့်သီတင်းပတ်အတွင်း စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်လေယာဉ်တင်သင်္ဘောကြီးတစ်စီး ဦးဆောင်ပါဝင်မယ်ဆိုပြီး အမေရိကန် ရေတပ်က ပြောထားပါတယ်။ နိုင်ငံတကာရဲ့ ဝိုင်းဝန်းတားမြစ်မှုတွေအကြားကပဲ လက်နက်ပရိုဂရမ်တွေကို ဆက်လက်လုပ်ဆောင်နေတဲ့ မြောက်ကိုရီးယားအပေါ် အင်အားပြသတဲ့အနေနဲ့ ယခု အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ရှိနေတာဖြစ်ပါတယ်။

ယခင်ကတည်းက ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေအပေါ် ပြုံယမ်းအာဏာပိုင်တွေဘက်က ဒေါသတကြီး တုန့်ပြန်ထားပြီးဖြစ်တဲ့အတွက် ယခုတစ်ကြိမ် လေ့ကျင့်မှုကလည်း ယင်းနိုင်ငံရဲ့ ဒေါသကို ထပ်မံနှိုးဆွသလို ဖြစ်လာစေဦးမယ်လို့လည်း သိရပါတယ်။

ဂြိုဟ်တုကနေတဆင့် ဖမ်းယူရရှိတဲ့ ပုံရိပ်တွေအရ မြောက်ကိုရီးယားတို့အနေနဲ့ ဒုံးကျည်တစ်ချို့ကို ဒုံးကျည်ပစ်စင်တွေဆီ ရွှေ့ပြောင်းသယ်ယူနေတာကို တွေ့ရကြောင်း အစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး တောင်ကိုရီးယားသတင်းဌာန Donga Ilbo daily က ဖော်ပြပါတယ်။

ယခုတစ်ကြိမ်မှာတော့ မြောက်ကိုရီးယားတို့အနေနဲ့ အမေရိကန်နယ်မြေထိ ရောက်နိုင်တဲ့ ဒုံးကျည်တွေကို ပစ်လွှတ်ဖို့ ပြင်ဆင်လာနိုင်တယ်လို့ ဝါရှင်တန်နဲ့ ဆိုးလ်တို့က သံသယရှိနေပါတယ်။

ယခု တစ်ကြိမ် ပစ်လွှတ်လာခဲ့မယ်ဆိုရင် ယင်းဒုံးကျည်ဟာ တိုက်ချင်းပစ် ဒုံးကျည်အမျိုးအစားတစ်ခု ဖြစ်လာနိုင်တယ်လို့လည်း Donga Ilbo daily က ဖော်ပြပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly