အီရန်နှင့်ပတ်သက်၍ တင်းမာသည့် မဟာဗျူဟာသစ်တစ်ရပ် ထရမ့် ချမှတ်

အီရန်နှင့်ပတ်သက်၍ တင်းမာသည့် မဟာဗျူဟာသစ်တစ်ရပ် ထရမ့် ချမှတ်

 

အောက်တိုဘာ ၁၄ ။           ။ အီရန်နိုင်ငံဟာ အနောက်အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ နျူကလီးယားစာချုပ်ပါအချက်တွေအတိုင်း လိုက်နာဆောင်ရွက်နေခြင်းမရှိဘူးဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြစ်တင်ပြောကြားလိုက်ပြီး ယင်းနိုင်ငံအပေါ် ပိုမိုတင်းမာတဲ့ မဟာဗျူဟာတစ်ရပ် ချမှတ်လုပ်ဆောင်မယ်ဆိုတဲ့အကြောင်း အောက်တိုဘာ ၁၃ ရက်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ယခုဆိုရင် အီရန်နဲ့ အကြား ရရှိထားတဲ့ သမိုင်းဝင် နျူသဘောတူညီချက်စာချုပ်ဟာလည်း အချိန်မရွေး ဆုံးခန်းတိုင်သွားနိုင်ကြောင်းလည်း ထရမ့်က သတိပေးသွားပါတယ်။

အီရန် သဘောတူညီချက်ဟာ အမေရိကန် သမိုင်းမှာ အဆိုးရွားဆုံး စာချုပ်တစ်ရပ်ဖြစ်ခဲ့တယ်ဆိုပြီးတော့လည်း ထရမ့်က ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

အိမ်ဖြူတော်ကနေတဆင့် ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာတော့ ထရမ့်က ၂၀၁၅ အီရန် သဘောတူစာချုပ်ကနေ အမေရိကန်နှုတ်ထွက်မယ်ဆိုပြီး ထပ်ပြောမလာခဲ့ပေမယ့်လည်း ယင်းစာချုပ်အပေါ် ၎င်းအနေနဲ့ ထောက်ခံမှု မရှိတော့ဘူးဆိုတာကိုတော့ ပြသခဲ့ပါတယ်။ ယခုအခါ ယင်းစာချုပ်ရဲ့ အလားအလာဟာ မရေးမရာဖြစ်စေခဲ့ပြီး ကွန်ဂရက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်နေခဲ့ပြီ ဖြစ်ပါတယ်။

အီရန်အာဏာပိုင်တွေအနေနဲ့ သဘောတူထားတဲ့ နျူစာချုပ်ပါ အချက်တွေကို ချိုးဖောက်နေလျက်ရှိကြောင်း၊ အကြမ်းဖက်ဝါဒကို ပံ့ပိုးပေးနေကြောင်း၊ အရှေ့အလယ်ပိုင်းဒေသမှာရော တစ်ကမ္ဘာလုံးကိုပါ ယင်းရဲ့ ရန်လိုမှုကို ဆက်လက်ပြသနေလျက်ရှိကြောင်း ထရမ့်က စွပ်စွဲသွားပါတယ်။

ယင်းအတွက်ကြောင့် ယခုအခါ အီရန်အစိုးရအပေါ် ရည်ရွယ်တဲ့ တင်းမာတဲ့ မဟာဗျူဟာချပြရာမှာတော့ အီရန်ရဲ့ တော်လှန်ရေးအစောင့်တပ်တွေနဲ့ ယင်းရဲ့ ပဲ့ထိန်းဒုံးစမ်းသပ်မှုအစီအစဉ်တွေအပေါ် တင်းမာတဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ဖို့လည်း ပါဝင်နေပါတယ်။

ဒါ့အပြင် စာချုပ်နဲ့ပတ်သက်လို့ အီရန်တို့ရဲ့ လိုက်နာဆောင်ရွက်နေမှုတွေအပေါ် ထပ်မံအကဲဖြတ်လေ့လာမှုတွေ လုပ်ဖို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေကိုလည်း ထရမ့်က အမိန့်ပေးသွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly