ဝက်ခြံကုသရာမှာ ပြုလုပ်တတ်ကြတဲ့ အမှား(၇)ချက်

ဝက်ခြံကုသရာမှာ ပြုလုပ်တတ်ကြတဲ့ အမှား(၇)ချက်

ရေးသားသူ Dr. Thiha Phyo Myint 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe.

ဝက်ခြံကုသမှုဟာ ရှုပ်ထွေးပါတယ်။ဒါကြောင့် ဝက်ခြံကုသနည်းတွေကို ရှင်းလင်းသေချာစွာ သိရှိပြီး မှန်မှန်ကန်ကန် ပြုလုပ်နိုင်ဖို့ အရေးကြီးလှပါတယ်။ သင့်မှာ အရေပြားဆရာဝန်ကောင်းကောင်း ရှိသည့်တိုင် ဝက်ခြံကို မိမိဖာသာ အိမ်မှာ ကုသတဲ့အခါ အချို့သော အမှားလေးတွေကို ကျူးလွန်မိလေ့ ရှိပါတယ်။

ဟုတ်ပြီ။ ဒါဖြင့် သင်ပြုလုပ်မိနိုင်တဲ့ အမှား (၇)ချက်နဲ့ ဒီအမှားတွေကို ဘယ်လိုရှောင်ရှားရမလဲဆိုတာကို လေ့လာကြည့်ကြစို့။

၁။အလွန်အကျွံလုပ်ခြင်း

သင့်အနေနဲ့ ကုသမှုတခုကို ပြုလုပ်လိုက်လို့ အကျိုးသက်ရောက်မှု ကောင်းတယ်ဆိုရင် ဒါကို တတ်နိုင်သမျှ များများလုပ်တော့မယ် ဒါမှမဟုတ် နည်းလမ်း နှစ်မျိုး၊သုံးမျိုးပေါင်းပြီး ကုသမယ်ဆိုရင် မြန်မြန်ပျောက်မယ် စသဖြင့် ထင်မြင်ယူဆတတ်ပါတယ်။ဒါဟာ မှားပါတယ်။တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံဟာ အလကားမဟုတ်ပါဘူး။အလွန်အကျွံကုသခြင်းဟာ သင့်အရေပြားအတွက် မကောင်းပါဘူး။ဆရာဝန်က အထူးတလည် ညွှန်ကြားထားတဲ့ အခြေအနေမျိုးမှတပါး ယေဘုယျအားဖြင့် ကုသနည်းတမျိုးတည်းကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။

၂။ကုသမှုနည်းလမ်းတမျိုးတည်းကို စွဲစွဲမြဲမြဲ အသုံးမပြုခြင်း

ကုသမှုအများစုဟာ သင့်အရေပြားအပေါ် သိသာထင်ရှားတဲ့ အာနိသင်ပြသဖို့အတွက် အချိန်ယူရလေ့ ရှိပါတယ်။သင့်အရေပြား မူလအတိုင်းပြန်လည်ကောင်းမွန်ဖို့အတွက် အချိန်အတိုင်းအတာတခုတော့ ကြာမှာဖြစ်တဲ့အတွက် အပြောင်းအလဲကို မြင်ရဖို့ အချိန်ကြာပါမယ်။တချို့ကုသမှုနည်းလမ်းတွေဟာ ကနဦးမှာ ဘေးထွက်ဆိုးကျိုးလေးတွေ ဒါမှမဟုတ် ဓာတ်မတည့်တာလေးတွေ ဖြစ်လေ့ရှိပါတယ်။မစိုးရိမ်ပါနဲ့။ဘေးထွက်ဆိုးကျိုးအများစုဟာ မကြာခင်သက်သာသွားမှာဖြစ်ပြီး ဒီလိုသက်သာသွားတဲ့အခါ သိသာထင်ရှားတဲ့ အကျိုးရလဒ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

၃။အရေပြားကို အလွန်အကျွံ ပွတ်တိုက်သန့်စင်ခြင်း

သင့်အနေနဲ့ ဂျီးများများ တွန်းပေး၊သန့်စင်ပေးမယ်ဆိုရင် ဝက်ခြံတွေ ပျောက်သွားမယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဝက်ခြံတွေဟာ အရေပြား ညစ်ပတ်လို့ ဖြစ်လာတာ မဟုတ်တဲ့အတွက် အလွန်အကျွံပွတ်တိုက်သန့်စင်လိုက်လို့လည်း ဘာမှထူးလာမှာ မဟုတ်တဲ့အပြင် သင့်အရေပြားအစိုဓာတ်ကို ထိန်းပေးတဲ့ အဆီတွေကိုပါ ဖယ်ရှားပစ်မှာ ဖြစ်ပါတယ်။ဝက်ခြံပေါက်တဲ့အခါ သင့်အရေပြားဟာ ထိရှလွယ်နေတဲ့အတွက် အလွန်အကျွံပွတ်တိုက်သန့်စင်ခြင်းဟာ အရေပြားကို ပိုလို့သာ ထိခိုက်စေပါတယ်။ဒါကြောင့် ရေနဲ့ ဆပ်ပြာကို သုံးပြီး
သင့်အရေပြားကို တနေ့နှစ်ကြိမ် အသာအယာ ဆေးကြောသန့်စင်ပေးပါ။

၄။မှားယွင်းတဲ့ အလှကုန်ပစ္စည်းကို သုံးစွဲမိခြင်း

ဝက်ခြံစပေါက်တဲ့အချိန်မှာ သင့်အနေနဲ့ ဆပ်ပြာ အပြင်းစားကို သုံးပြီး အလွယ်တကူ ဖယ်ရှားပစ်နိုင်ပါတယ်။ဒါပေမယ့် အဆိုပါ ဆပ်ပြာ အပြင်းစားတွေဟာ အယ်လ်ကိုဟောပါဝင်တဲ့အတွက် သင့်ဝက်ခြံတွေကို ပိုဆိုးစေပါလိမ့်မယ်။ဒါကြောင့် သင့်အနေနဲ့ မွေးညှင်းပေါက်တွေကို မပိတ်ဆို့စေတဲ့ ဆပ်ပြာ ဒါမှမဟုတ် မျက်နှာသစ်ဆေးတွေကို အသုံးပြုသင့်ပါတယ်။အဆီပါတဲ့ အလှကုန်တွေနဲ့ နေလောင်ခံခရင်မ်တွေဟာ မွေးညင်းပေါက်တွေကို ပိတ်စေနိုင်တဲ့အတွက် ဝက်ခြံဖြစ်စေပါတယ်။ဒါ့အပြင် အချို့သော အလှကုန်အကောင်းစားတွေဟာ ဈေးလည်းကြီးတဲ့အတွက် သင့်အနေနဲ့ လက်တွန့်ပြီး ဈေးပေါတာတွေကို ရွေးချယ်မိတတ်ပါတယ်။ဒီလို ဈေးပေါတာတွေကို သုံးတာဟာ စီးပွါးရေးအရ တွက်ချေကိုက်တာ မှန်ပေမယ့် အပေါစားပစ္စည်းကနေ အပေါစားအာနိသင်ပဲ ရပါလိမ့်မယ်။

၅။ဝက်ခြံကို ဆိတ်ဆွခြင်း သို့မဟုတ် ညှစ်ခြင်း

သင့်အနေနဲ့ လက်ဆော့ပြီး ဝက်ခြံကို ဆိတ်ဆွနေမယ်ဆိုရင် ဝက်ခြံတွေပျောက်ဖို့ အချိန်ပိုကြာသွားပါလိမ့်မယ်။ညှစ်ပြီးတဲ့အခါ၊လက်နဲ့ဖဲ့ပြီးတဲ့အခါ ဝက်ခြံဟာ ပိုပြီးနီရဲရောင်ရမ်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ဘက်တီးရီးယားတွေဟာ ဝက်ခြံအနာထဲဝင်ပြီး သင့်မျက်နှာပေါ်မှာ ပျော်ပွဲရွှင်ပွဲကြီး ကျင်းပတော့မှာ ဖြစ်ပါတယ်။

၆။ဆေးဝါးသုံးစွဲတာ နည်းလွန်း/များလွန်းခြင်း

ဆရာဝန်ညွှန်ကြားချက်တွေအကုန်လုံးကို သင့်အနေနဲ့ မမှတ်မိတာမျိုး ဒါမှမဟုတ် ညွှန်ကြားတဲ့အတိုင်း သုံးစွဲတဲ့အခါ ဝက်ခြံကပိုဆိုးလာတာမျိုး ဖြစ်တတ်ပါတယ်။ဒါပေမယ့် အရေပြားဆရာဝန်ဟာ သင့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် ကုသမှုကို လမ်းညွှန်ပေးလိုက်တာ ဖြစ်တဲ့အတွက် အဆိုပါ လမ်းညွှန်ကုသမှုကို တသွေမတိမ်း လိုက်နာဖို့ လိုအပ်ပါတယ်။တကယ်လို့ ပုံမမှန်တာ တခုခုကို တွေ့မယ် ဒါမှမဟုတ် ဆေးညွှန်းနဲ့ ပတ်သက်ပြီး ပြောင်းလဲချင်တာ တခုခုရှိတယ်ဆိုရင် သင့်အရေပြားဆရာဝန်နဲ့ ဦးစွာတိုင်ပင်ဆွေးနွေးရမှာ ဖြစ်ပါတယ်။

၇။အရေပြားဆရာဝန်နဲ့ ပုံမှန်မပြသခြင်း

သင့်အရေပြားဆရာဝန်က ရက်ချိန်းပေးတဲ့အခါ သင့်အနေနဲ့ မပျက်မကွက် သွားရောက်ပြသသင့်ပါတယ်။ဆရာဝန်အနေနဲ့ သင့်ကို အကြံဉာဏ်ပေးတာ ဒါမှမဟုတ် အခြေအနေပေါ်မူတည်ပြီး ကုသမှုကို ပြောင်းလဲတာတွေကို ပြုလုပ်ပါလိမ့်မယ်။ဆေးပမာဏကိုလည်း သင်နဲ့သင့်တော်အောင် ပြောင်းလဲကောင်း ပြောင်းလဲပါလိမ့်မယ်။တချို့လူနာတွေဟာ အခြေအနေ အတော်ဆိုးလာတော့မှပဲ အရေပြားဆရာဝန်ဆီ ရောက်လာတတ်ကြတဲ့အတွက် ကုသမှုဟာ ပိုပြီးရှုပ်ထွေးခက်ခဲလာရပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အမှား၇ချက်ဟာ ဝက်ခြံကုသရင်း ကြုံတွေ့ရလေ့ရှိတဲ့ အမှားတွေပဲ ဖြစ်ပါတယ်။မှားတတ်တာ လူ့သဘာဝပါ။ဒါပေမယ့် ဒီအမှားတွေကို အချိန်မီ သိရှိပြီး အမြန်ဆုံး ပြုပြင်ပြောင်းလဲပစ်ဖို့က အရေးကြီးပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly