လိင်တူစိတ်ဝင်စားသူအဖြစ် ပွင့်ပွင့်လင်းလင်း ဘယ်လိုဝန်ခံမလဲ

လိင်တူစိတ်ဝင်စားသူအဖြစ် ပွင့်ပွင့်လင်းလင်း ဘယ်လိုဝန်ခံမလဲ

ရေးသားသူ Yun Sandi Nan Mon 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe. 

လိင်တူစိတ်ဝင်စားသူတွေအတွက်တော့ ကိုယ့်အနေအထားကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ဖို့က အကြီးမားဆုံး စိန်ခေါ်မှုအခက်အခဲပါပဲ။ ဒီသတင်းကို ကြားရရင် ကိုယ့်မိသားစုနဲ့အသိမိတ်ဆွေတွေက ဘယ်လိုတုံ့ပြန်လာ လေမလဲဆိုတာ စိုးရိမ်မိတာ သဘာဝကျပါတယ်။ လူမှုရေး လောကရဲ့ဝေဖန်ပြောဆိုမှုတွေကို ကြောက်တာနဲ့ပဲ သင့်အနေအထားကို ပြန်ဖုံးကွယ်မိစေပါတယ်။ ဒါပေမယ့် ကိုယ့်အနာဂတ်အတွက် ပြန်စဉ်းစားသင့်ပါတယ်။ ဖွင့်ဟ ဝန်ခံလိုက်တာကပဲ သင့်ရဲ့ချစ်ခင်ရသူတွေအပေါ် မလိမ်ညာ၊ မကွယ်ဝှက်ဘဲ ရိုးရိုးသားသားဆက်ဆံနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။

ဒီလိုဝန်မခံခင်မှာ အရင်ဆုံးလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် နားလည်အောင်လုပ်ဖို့ပါပဲ။ တချို့က အရမ်းငယ်ရွယ်သေးတဲ့အချိန်ကတည်းက ကိုယ့်ရဲ့လိင်အမျိုးအစားကို သိထားတာတောင် ကိုယ်ဟာ ကျားလား၊ မလား အချိန်ကြာလာတဲ့အမျှ ခံစားချက် ဇဝေဇဝါ ရှုပ်ထွေးနေဆဲ ဖြစ်နေနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်သိခြင်းဟာ အပြစ်မကင်းစိတ်၊ ငြင်းပယ်ခံရမှာကြောက်ရွံ့စိတ်တို့လို ကိုယ့်ခံစားချက်တွေကို ကျော်ဖြတ်အောင်မြင်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒီအခြေအနေကို မဖြေရှင်းနိုင်ရင် ဆွေးနွေးတိုင်ပင် လို့ရမယ့်လူကို ရှာပါ။ ကိုယ့်မှာဖြစ်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိသူ ပညာရှင်တွေနဲ့ ဆွေးနွေးအကြံပြုချက် တောင်းသင့်ပါတယ်။

ဖွင့်ထုတ်ဝန်ခံလိုက်တဲ့ စစချင်းအချိန်မှာတော့  အခက်ခဲဆုံးအချိန်ဖြစ်နေနိုင်ပါတယ်။ တစ်လောကလုံးကို အသိမပေးခင်မှာ ကိုယ်နဲ့အရင်းနှီးဆုံးသူတွေနဲ့ အရင်ပြောဆိုကြည့်ဖို့ ကြိုးစားသင့်ပါတယ်။ မိဘ ဒါမှမဟုတ် ဝမ်းကွဲဆွေမျိုးတစ်ဦးဦးဖြစ်ဖြစ်၊ သူငယ်ချင်း ဒါမှမဟုတ် ဆရာ၊ဆရာမဖြစ်ဖြစ် ကိုယ်ယုံကြည်ရသူလည်း ဖြစ်၊ ကိုယ့်ကိုအကူအညီပေးမယ့်သူလည်းဖြစ်တဲ့ လူတစ်ယောက်ယောက်ကို ရွေးပါ။ မေးလာနိုင် မယ့်မေးခွန်းတွေလည်း ကြိုစီထားဖို့လိုပါတယ်။ သင်ပြောပြလိုက်တဲ့လူတွေက သင့်ရဲ့ဘဝသစ်အကြောင်းကို ပိုသိချင်ကြပါလိမ့်မယ်။ ဒါ့ကြောင့် တတ်နိုင်သလောက် အချက်အလက်တွေစုပြီး အရာအားလုံးကိုအစွမ်းကုန်ရှင်းပြလိုက်ပါ။ ဒါပေမယ့် သူတို့ရဲ့တုံ့ပြန်မှုက မကောင်းခဲ့ရင် ဒီကိစ္စကို လက်ခံပေးနိုင်ဖို့ သူတို့ကို အချိန်ပေးလိုက်ပါ။ သူတို့အနေနဲ့ လက်ခံပေးဖို့ကို အတင်းမတိုက်တွန်းပါနဲ့။ ဒီလိုမှမဟုတ်ရင် ပိုလို့တောင် ခါးခါးသီးသီးငြင်းပယ်ခံရနိုင်ပါတယ်။

ကိုယ့်ရဲ့နာမည် ဒါမှမဟုတ် ဝတ်ပုံစားပုံကို ပြောင်းလဲဖို့ ရည်ရွယ်ထားတယ်ဆိုရင် ပိုပြီးစိတ်ရှည်ဖို့လိုပါတယ်။ လူတွေက သင့်ကို သိလာခဲ့တာကြာပြီမို့ သင့်ရဲ့ဘဝသစ် ကို လိုက်နားလည် လက်ခံပေးဖို့ မလွယ်လှပါဘူး။ သင်တောင်မှ ကိုယ့်ကိုယ်ကိုယ်နားလည်ဖို့ အချိန် အတေ်ာယူခဲ့ရတာမဟုတ်လား။ စိတ်ရှည်ပါ ၊ဇွဲရှိပါ။ လူတွေက သင့်ကို နာမ်စားမှားခေါ်နေတဲ့အခါ သူတို့ကို သတိပေးပြီးပြင်ခေါ်ခိုင်းဖို့ မဝံ့မရဲဖြစ်မနေပါနဲ့။ ရိုးသားတဲ့ အမှားလည်းဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်က နာမည်ပြောင်းထားတဲ့အတွက် နောက်ပိုင်း ဥပဒေနဲ့ ပတ်သက်ပြီးပြဿနာဖြစ်မလာစေဖို့ ဥပဒေရေးရာ စာရွက်စာတမ်းတွေကို အသစ်ပြင်ဆင်ဖို့ မမေ့ပါနဲ့။

စနစ်တကျ အစီအစဉ်ရေးဆွဲတာက သင့်အတွက် ဝန်ခံနိုင်ဖို့ပိုလွယ်စေနိုင်ပါတယ်။ အလောတကြီးလုပ်ဖို့ မလိုပါဘူး။ အချိန်ယူပြီး သေချာပြင်ဆင်ပါ။ အားလုံးပြီးသွားရင်တော့ ဖြစ်လာတာက သင့်ရဲ့ဘဝပါပဲ။ ကိုယ်မှန်တယ်ထင်တဲ့အရာကို ကိုယ်လုပ်ခွင့်ရှိပါတယ် (ဥပဒေနဲ့တော့ညီတဲ့အလုပ်ဖြစ်ရပါမယ်)။ သင်က ထုတ်ဖော်ဝန်ခံသည်ဖြစ်စေ ဝန်မခံသည်ဖြစ်စေ ကိုယ့်ကို အမှန်တကယ်မေတ္တာမှန်ကန်သူတွေဟာ သင်က ဘာပဲဖြစ်နေပါစေ ဆက်ပြီးချစ်ခင်နေဦးမှာပဲဆိုတာ မမေ့ပါနဲ့။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly