ကြာကွက်ကြောက်ရောဂါ (Typophobia)

ကြာကွက်ကြောက်ရောဂါ (Typophobia)

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar.

တစ်စုံတစ်ခုကိုအကြောက်လွန်ခြင်း (phobia) ဆိုတာ

အကြောက်လွန်ခြင်းဆိုတာက အလွန်အမင်းကြောက်လန့်ပြီး ပြင်းပြင်းထန်ထန်နဲ့ တုံ့ပြန်လိုက်တဲ့ တုံ့ပြန်မှုတစ်ရပ်ဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ အကြောက်လွန်ရောဂါ ခံစားနေရမယ်ဆိုခဲ့ရင် သင့်အနေနဲ့ စိတ်ထဲကကြောက်နေတဲ့အရာနဲ့ ထိပ်တိုက်တွေ့ဆုံရတဲ့အခါမျိုးမှာ အရမ်းကို စိုးရိမ်ထိတ်လန်ပပြီး ကြောက်လန့်တကြားနဲ့တုံ့ပြန်မိတာမျိုးဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ အဆိုပါ အကြောက်လွန်တာမျိုးက တစ်စုံတစ်ခုအပေါ် (သို့) အခြေအနေတစ်ရပ်ရပ် (သို့) နေရာတစ်ရပ်ရပ်အပေါ်မှာသာဖြစ်တဲ့ ကြောက်လန့်မှုမျိုးပါ။ အခြားသော စိုးရိမ်ပူပန်မှုတွေနဲ့ မတူပါဘူး။ အကြောက်လွန်ရောဂါက တိကျတဲ့အကြောင်းအရင်းတစ်ခုခုနဲ့ ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ အခြေအနေတစ်မျိုးပါ။

အကြောက်လွန်ခြင်းရဲ့ အကျိုးသက်ရောက်မှုက စိတ်အနှောင့်အယှက်ဖြစ်တာမျိုးကနေစလို့ ဘာမှကို မလုပ်နိုင်တော့အောြင်ဖစ်တာမျိုးအထိ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အကြောက်လွန်ရောဂါရှိသူတွေဟာ တခါတလေမှာ သူတို့စိုးရိမ်ကြောက်လန့်နေတဲ့ ကိစ္စတွေက ဘာမှမဟုတ်မှန်းသိပေမယ့်လည်း သူတို့ကြောက်နေတဲ့ အကြောင်းအရာဲ့ပတ်သက်နေတဲ့ ကိစ္စတွေကို မလုပ်ဆောင်နိုင်ဘဲဖြစ်နေပါတယ်။ အဆိုပါ ကြောက်လန့်မှုတွေက အလုပ်ခွင်၊ ကျောင်းဝန်းကျင်နဲ့ လူမှုဆက်ဆံရေးတွေမှာပါထိခိုက်မှုတွေရှိလာစေနိုင်ပါတယ်။

Phobia ဖြစ်ရတဲ့အကြောင်းရင်းခံများ

  • မျိုးဗီဇ နဲ့ ပတ်ဝန်ကျင်အကြောင်းရင်းခံတွေကြောင့် အကြောက်လွန်ခြင်း (phobia) ဖြစ်နိုင်ပါတယ်။
  • ငယ်စဉ်ကတည်းက စိတ်ပူပန်မှုတွေအမြဲလိုလိုခံစားနေရတဲ့သူတွေ မှာလည်း အကြောက်လွန်ခြင်း (phobia) ဖြစ်နိုင်ပါတယ်။
  • ရေနစ်ပြီးမှာ ပြန်ဆယ်ခံရတာလိုမျိုး အရမ်းကိုဒုက္ခဖြစ်စေတဲ့ အနေအထားမျိုးနဲ့ ကြုံတွေ့ခဲ့ရမှုကလည်း အကြောက်လွန်ခြင်း (phobia) ဖြစ် စေနိုင်ပါတယ်။
  • အရမ်းကို ကျဉ်းမြောင်းတဲ့နေရာ၊ အရမ်းမြင့်လွန်းတဲ့နေရာတွေ၊တိရစ္ဆာန်တွေ (သို့) အင်းဆက်တွေကိုက်ခံရတာမျိုးကလည်း အကြောက်လွန်ခြင်း (phobia) ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံတွေပါ။
  • ဆေးကုသမှုခံယူနေရတာနဲ့ ဝေဒနာခံစားနေရသူတွေမှာလည်း အကြောက်လွန်ခြင်း (phobia) ဖြစ်နိုင်ပါတယ်။
  • မူးယစ်ဆေးသုံးစွဲတာ နဲ့ စိတ်ကျဝေဒနာ ခံစားနေရသူတွေမှာလည်း အကြောက်လွန်ခြင်း (phobia) ခံစားရနိုင်ပါတယ်။

အကြောက်လွန်ခြင်း (phobia) အမျိုးအစားများ

လူတော်တော်များများမှာ သူတို့မနှစ်သက်တဲ့ အခြေအနေတွေနဲ့ အရာဝတ္ထုတွေရှိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးမနှစ်သက်မှုတွေက နေ့စဉ်ဘဝကို ထိခိုက်စေလာပြီဆိုရင်တော့ ဒါဟာ အကြောက်လွန်ခြင်း (phobia) ဖြစ်နေပါပြီ။

Glossophobia (လူအများရှေ့မှာ စကားပြောရတာကိုကြောက်ရွံ့ခြင်း) – အများရှေ့မှောက်မှာထွက်ပြီး ပြောဆိုရတာကို ကြောက်ရွံ့ ခြင်း လိုပသိထားကြပါတယ်။ အဆိုပါ Glossophobia (လူအများရှေ့မှာ စကားပြောရတာကိုကြောက်ရွံ့ခြင်း) ခံစားနေရသူတွေဟာ လူအများရှေ့မှောက်မှာ စကားပြောဆိုရမယ်လို့တွေးလိုက်တာနဲ့ ဆိုးရွားတဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာရပ်တွေဖြစ်ပေါ်လာပါတယ်။

Acrophobia (အမြင့်ကြောက်ခြင်း) – အမြင့်ကြောက်ခြင်းလို့သိကြပါတယ်။ ဒီအမျိုးအစားခံစားနေရသူတွေအနေနဲ့ တောင်တွေပေါ်တက်တာ၊တံတားတွေနဲ့ အထပ်မြင့်အဆောက်အဦးတွေပါ်တက်တာမျိုးတွေရှောင်ကြဉ်သင့်ပါတယ်။ သူတို့မှာ အမြင့်ကနေ အောက်ကို ငုံ့ကြည့်ရင် မူးဝေတာ၊မူးနောက်နောက်ဖြစ်တာ၊ ချွေးထွက်တာ၊ တခါတလေမှာ သတိလစ်မေ့မြောတာတွေအထိဖြစ်ပေါ်ခံစားရနိုင် ပါတယ်။

Aviophobia (အမြင့်ပျံသန်းတာကိုကြောက်ခြင်း)- ပျံသန်းသွားလာရခြင်း (လေယာဉ်ပျံနဲ့သွားလာရခြင်း) ကိုကြောက်ခြင်းဖြစ်ပါတယ်။

Hemophobia (သွေး (သို့) ထိခိုက်ဒဏ်ရာရတာတွေကိုကြောက်ခြင်း) သွေး (သို့) ထိခိုက်ဒဏ်ရာရတာကိုကြောက်ခြင်း တစ်မျိုးပါ။ မိမိသွေကို ထိတွေ့မိရင်ပဲဖြစ်ဖြစ် အခြားသူရဲ့သွေးကိုထိတွေ့မိရင်ပဲဖြစ်ဖြစ် သတိလစ်မေ့မြောတာမျိုးဖြစ်ပါတယ်။

Arachnophobia (ပင့်ကူကြောက်ခြင်း) – ပင့်ကူတွေကိုကြောက်တဲ့ အကြောက်ရောဂါတစ်မျိုးပါ။

Cynophobia (ခွေးကြောက်ခြင်း) ခွေးတွေကိုကြောက်တဲ့ အကြောက်ရောဂါတစ်မျိုးဖြစ်ပါတယ်။

Ophidiophobia (မြွေကြောက်ခြင်း)– မြွေတွေကိုကြောက်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။

ကြာကွက်ကြောက်ရောဂါ (Tyrpophobia) 

ကြာကွက်ကြောက်ရောဂါ (Tyrpophobia) ဆိုတာက အပေါက်တွေကိုကြောက်တဲ့ရောဂါဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကြာကွက်ကြောက်ရောဂါ (Tyrpophobia) ရှိတဲ့သူတွေက အပေါက်တွေအများကြီးဖြစ်နေတာနဲ့ အရာဝတ္ထုတွေအပေါ်မှာ အပေါက်သေးသေးလေးတွေအများကြီးရှိနေတာကိုကြောက်တာဖြစ်ပါတယ်။

ကြာကွက်ကြောက်ရောဂါ (Tyrpophobia) ဖြစ်ရတဲ့အကြောင်းရင်းခံများ

ကြောက်စိတ်ရင်းခံရှိနေတာ – ကလေးဘဝတုန်းက ပျားတုပ်ခံရတာလိုမျိုး ခံစားခဲ့ရဖူးတာကြောင့် အပေါက်တွေတစ်စုတစ်ဝေးထဲ ရှိနေတဲ့အရာတွေကိုကြောက်တဲ့စိတ်ဖြစ်ပေါ်လာတာဖြစ်နိုင်ပါတယ်။ ကလေးဘဝ ပျားတုပ်ခံရစဉ်က အရေပြားတွင်းပေါက်ထဲကို ပျားစူးစိုက်ဝင်သွားပြီး အရေပြားရောင်ရမ်းမှုကိုခံစားခဲ့ရဖူးတာဖြစ်နိုင်ပါတယ်။

အပေါက်တွေတစ်စုတစ်ဝေးထဲရှိတာကိုကြောက်တဲ့စိတ်က တစ်စတစ်စကြီးထွားလာခြင်း – ချိုင့်ခွက်ရာတွေပွထနေတဲ့ အရာဝတ္ထုတွေနဲ့ ထိတွေ့မှုက ဦးနှောက်ကို အန္တရာယ်ရှိတယ်လို့ ခံစားရစေတာကြောင့် အပေါက်တွေတစ်စုတစ်ဝေးထဲရှိတာကိုကြောက်တဲ့စိတ်က တစ်စတစ်စကြီးထွားလာတာဖြစ်ပါတယ်။

အရေပြားပေါ်မှာဖြစ်တဲ့ အဖုအပိမ့်ထွက်တာမျိုးတွေခံစားရဖူးတာ – ဝက်သက်နဲ့ ကျောက်ပေါက်တာလိုမျိုး အရေပြားနဲ့ပတ်သက်တဲ့ရောဂါတွေခံစားရပြီးတဲ့နောက်အရေပြားပေါ်မှာ အဖုအပိမ့်တွေထွက်တာနဲ့ရေကြည်ဖုတွေထွက်တာလိုမျိုး တွေခံစားခဲ့ရတာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Trypophobia (ကြာကွက်ကြောက်ရောဂါ) လက္ခဏာတွေက ဘာတွေဖြစ်မလဲ

ကြာကွက်ကြောက်ရောဂါ (Tyrpophobia) မှာ အခြေခံကျတဲ့ လက္ခဏာတွေရှိတတ်ပါတယ်။ အခြားအေကြာက်လွန်ရောဂါတွေလိုပဲ ကြာကွက်ကြောက်ရောဂါ (trypohobia) ကလည်း ရေမြှုပ်၊ ချိစ်ခဲနဲ့ပျားအုံလိုမျိုးအရာတွေကိုတွေ့တဲ့အခါ ခန္ဓကိုယ်တစ်ခုလုံးက ယားယံလာတာ နဲ့စိတ်လက်မအီမသာဖြစ်တာမျိုးတွေခံစားရတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

ကြာကွက်ကြောက်ရောဂါ (Tyrpophobia) ရှိသူတစ်ဦးက အပေါက်သေးသေးလေးတွေအများကြီးပါတဲ့ အရာတွေကိုကြည့်ပြီးတဲ့အခါမျိုး မှာ –

  • အရေပြားပေါ်ကို တစ်ကောင်ကောင်တက်လာသလိုမျိုး ရွစိရွစိဖြစ်တာ
  • အော်ဂလီဆန်တာ
  • မအီမသာဖြစ်ပြီး ဒေါသဖြစ်လာတာ
  • ဆံပင်တွေဆွဲဆုပ်ခံထားရသလို တင်းတင်းနာနာကြီးဖြစ်လာတာ
  • မူးဝေတာ
  • Trypophobia (ကြာကွက်ကြောက်ရောဂါ) ရောဂါကြောင့် စိုးရိမ်ထိတ်လန့်မှုကိုခံစားရတာ

Trypophobia (ကြာကွက်ကြောက်ရောဂါ) ကိုဘယ်လိုကုသမလဲ

Behavioural Therapy – ကြောက်လန့်နေတဲ့အရာတွေကိုတွေ့ရင် ကြောက်တတ်တဲ့စိတ်ကို ထိန်းချုပ်နိုင်အောင် အထောက်အပံ့ဖြစ်စေမယ့် ကုသမှုတွေကို ဆက်တိုက်ခံယူတာမျိုးလုပ်ဆောင်ပေးဖို့လိုပါတယ်။ behavioural therapy ကလူနာတွေကို သူတို့ကြောက်ရွံ့ နေတဲ့အရာတွေနဲ့ ထိတွေ့စေတဲ့ကုထုံးတစ်ရပ်ပါ။

Cognitive Therapy – ဒီကုထုံးကတော့ လူနာကို အပျက်သဘောဆောင်တဲ့အကြောင်းအရာတွေဆီကနေ အာရုံပြောင်းပေးတဲ့ နည်းပါ။ လူနာကို ဘာကအစစ်အမှန်ဖြစ်ပြီး ဘာကအစစ်အမှန်မဟုတ်ဘူးလဲဆိုတာကို ခွဲခြားသိမြင်နိုင်စေမှာဖြစ်ပါတယ်။

Combination Therapy – အထက်ဖော်ပြပါ ကုထုံးနှစ်ရပ်ကို ပေါင်းစပ်ထားတဲ့ကုထုံးဖြစ်ပါတယ်။ ဒီကုထုံးမှာ လူနာကို အကြောက်တရားကို မတူညီတဲ့နည်းလမ်းတွေနဲ့ထိန်းချုပ်နိုင်အောင် လေ့ကျင့်ပေးမှာဖြစ်ပါတယ်။ သူတို့အနေနဲ့ အကြောက်တရားကို တွန်းလှန်နေရတယ်ဆိုရင်တောင်မှဘဝကိုပုံမှန်အတိုင်း ဖြတ်သန်းနေထိုင်သွားနိုင်မှာဖြစ်ပါတယ်။

Exposure Therapy  – အသုံးများတဲ့ကုထုံးတစ်ရပ်ပါ။  trypophobia (ကြာကွက်ကြောက်ရောဂါ) ကိုကုသရာမှာထိရောက်မှုရှိတဲ့ ကုထုံးတစ်ရပ်လည်းဖြစ်ပါတယ်။ ဒီကုထုံးမှာ လူနာက သူကြောက်နေတဲ့အရာတွေနဲ့ အကြိမ်ကြိမ်ထိတွေ့ရမှာဖြစ်ပါတယ်။ ကြောက်နေတဲ့အရာတွေကို အကြိမ်ကြိမ်ထိတွေ့တာက ကြောက်စိတ်လျော့ပါးစေမှာဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly