ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးနှင့် သဘောတူညီချက်ရပါက ထွက်ပြေးဘင်္ဂါလီများကို ချက်ချင်းလက်ခံမည်

ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးနှင့် သဘောတူညီချက်ရပါက ထွက်ပြေးဘင်္ဂါလီများကို ချက်ချင်းလက်ခံမည်
Photo-EPA
 

ရန်ကုန်၊ အောက်တိုဘာ ၁၃ ။            ။ အောက်တိုဘာ နောက်ဆုံးအပတ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ဖို့ရှိလာမည့် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အာဆက်ဒူဇာမန်းခန်းနှင့် ဆွေးနွေး ညှိနှိုင်ကာ သဘောတူညီချက်ရရှိပါက တစ်ဖက်နိုင်ငံသို့ထွက်ပြေးသူများကို ချက်ချင်းလက်ခံသွားမည်ဖြစ်ကြောင်း “ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာ မှု အကူအညီအထောက်အပံ့ပေးရေး ၊ ပြန်လည်နေရာချထားရေး ၊ ဖွံ့ဖြိုးရေးစီမံကိန်း “ ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေးကပြောဆိုလိုက်သည်။

ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဘင်္ဂလီများကိုပြန်လည်ခေါ်ယူရာတွင် ၉၂၊ ၉၃ သဘောတူညီ ချက်ဖြင့်လုပ်ဆောင်မည်ဖြစ်ကြောင်း   နှစ်နိုင်ငံ သဘောတူထားသည်။

ထိုသို့လုပ်ဆောင်ရာတွင် ဘင်္ဂဘားဒေ့ရှ်ဘက်မှ တချို့အချက်များကိုဆွေးနွေးလိုသည့်အတွက် ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီး အာဆက်ဒူဇာမန်းခန်း မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၂၃ ရက်နေ့တွင် လာရောက်ရန် စီစဉ်နေခြင်းဖြစ်သည်။

“ အဲ့ဒီ့ဟာတွေနဲ့ပက်သက်လို့ ပြန်လည်ညှိနှိုင်းတာတွေလုပ်ချင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်ကကိုယ်စားလှယ်တွေပို့ထားတယ်လို့လည်းကြားတယ်။ ဘာတွေပါလဲတော့မသိဘူးပေါ့နော်။   နောက်ဆုံးပတ်မှာဆွေးနွေးပြီးရင် ညှိနှိုင်းပြီးလို့အဖြေထွက်လာရင် ချက်ချင်းလက်ခံမှာလေ။ ညှိနှိုင်းပြီးလို့ သဘောတူညီချက်ရပြီးရင် လက်ခံမှာပဲ “  ဟု ဒေါက်တာဝင်းမြတ်အေးကဆိုသည်။

မည်သို့ သဘောတူညီချက်မျိုးထွက်လာမည်ကို ကြိုမသိနိုင်သော်လည်း မြန်မာအစိုးရအနေဖြင့် ဆွေးနွေး၍ သဘောတူညီချက်တစ်ခု ရရှိလာပါက ချက်ချင်းဆောင် ရွက်ရန်အသင့်ရှိကြောင်းလည်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ယခင်ရှိထားသည့်လူဦးရေအပြင် ထိုသို့ပြန်လည်လက်ခံရေးအတွက် တစ်ဖက်နိုင်ငံသို့သွားရောက်ကာ ဘင်္ဂလီဦးရေ စရင်းကို အတိအကျ သိရှိနိုင်ရန် ပြုစုလျက်ရှိကြောင်းသိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဘင်္ဂလီများကိုပြန်လက်ခံရာတွင် စီစစ်ရေးအခြေအနေများအပြင် ဘင်္ဂလားဒေ့ရှ်နှင့် ဆွေးနွေးသည့်အပေါ်တွင်လည်း မှုတည်နေကြောင်းပြောဆိုထားသည်။

အစောပိုင်းက မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဝန်ကြီးဦးကျော်တင့်ဆွေသည် ဒါကာမြို့သို့ သွားရောက်ခဲ့ သည့် ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ ဘင်္ဂါလီများကို ပြန်လည်ခေါ်ယူရန် သဘောတူ ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly