ချောကလက်က သင့်စိတ်ခံစားမှုကို ဘယ်လိုကောင်းမွန်စေနိုင်သလဲ

ချောကလက်က သင့်စိတ်ခံစားမှုကို ဘယ်လိုကောင်းမွန်စေနိုင်သလဲ

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

ချောကလက်က ခေါင်းတခြမ်းကိုက်တာ ဒါမှမဟုတ် ရိုးရိုးခေါင်းကိုက်တာကို ဖြစ်စေနိုင်တယ်လို့လူအချို့က ယူဆထားကြပေမယ့် အများအားဖြင့်တော့ ချောကလက်ဟာ သင့်ရဲ့စိတ်ခံစားမှုအနေအထားကို တိုးတက်ကောင်းမွန်စေတယ်လို့သတ်မှတ်ထားကြပါတယ်။ ချောကလက်ဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုအပေါ် အကျိုးသက်ရောက်မှုရှိတယ်လို့ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားကြပေမယ့် ဒါကိုအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဒွိဟပွား ငြင်းခုန်နေကြတုန်းပါပဲ။ ဒီတော့ အခုဆောင်းပါးမှာ ချောကလက်ဟာ ကျွန်တော်တို့တွေရဲ့စိတ်ခံစားမှု၊ စိတ်အခြေအနေပေါ်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိတယ်ဆိုတာ လက်ရှိအများစုလက်ခံထားကြတဲ့အချက်အလက်နဲ့ယုံကြည်မှုတွေအပေါ်မူတည်ပြီး ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

ချောကလက်က ကျွန်တော်တို့ရဲ့ စိတ်အခြေအနေ၊ စိတ်ခံစားချက်ကို ဘယ်လိုမျိုးပြောင်းလဲစေနိုင်သလဲ။

ချောကလက်က ကောင်းလည်းကောင်းတယ်၊ မကောင်းလည်းမကောင်းဘူးလို့ပြောရမှာပါပဲ။ တချို့လူတွေဟာ ဝမ်းနည်းတဲ့အခါ၊ စိတ်ဓာတ်ကျတဲ့အခါ ချောကလက်ကို တမ်းတကြပြီး ချောကလက်လေးစားလိုက်တော့မှ စိတ်အခြေအနေပိုကောင်းလာတယ်၊ နေလို့ထိုင်လို့ကောင်းသွားတယ်လို့ပြောကြပါတယ်။ ဒါပေမယ့် ဒီလိုစိတ်တက်ကြွစေတဲ့ အာနိသင်ဟာ ခဏသာဖြစ်ပြီး အာနိသင်ကုန်ရင်တော့ ခုနကစိတ်ဖိစီး၊ စိတ်ဓာတ်ကျတဲ့အခြေအနေကို ပြန်လည်ရောက်ရှိသွားတတ်ပါတယ်။

ချောကလက်မှာ ကာဘိုဟိုက်ဒရိတ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် tryptophan ဓာတ်တွေ ဦးနှောက်ထဲဝင်ရောက်နိုင်တဲ့နှုန်းကို ပိုများစေ၊ မြန်စေပါတယ်။ အကျိုးဆက်အနေနဲ့ စိတ်ခံစားမှုကိုကောင်းစေ၊ အကောင်းမြင်စိတ်တွေကို ဖြစ်ပေါ်စေတဲ့ အာရုံကြောဆိုင်ရာ ပစ္စည်းတမျိုးဖြစ်သော serotonin ပမာဏကို များလာစေပါတယ်။ ဒါ့အပြင် နာကျင်မှုနဲ့စိတ်ဓာတ်ကျမှုတွေကို ယာယီတားဆီးပိတ်ဆို့ပေးနိုင်တဲ့ anandamide ဆိုတဲ့ ပစ္စည်းကိုလည်း ဦးနှောက်က ထုတ်လုပ်ပေးပါသေးတယ်။ anandamide ဆိုတာ သက္ကတဘာသာစကားနဲ့ “အနန္တ” ကို ဆိုလိုတာဖြစ်ပြီး အဆုံးမရှိသောပျော်ရွှင်မှုလို့အဓိပ္ပာယ်ရပါတယ်။

ချောကလက်ရဲ့ ကောင်းတဲ့အချက်က anandamide ကို ထွက်စေရုံသာမက သူရဲ့အာနိသင်ကို ကြာရှည်ခံစေတဲ့ပစ္စည်းတွေပါ ပါဝင်တာပဲ ဖြစ်ပါတယ်။

ချောကလက်မှာ ပါဝင်တဲ့ phenylethylamine နဲ့theobromine တို့ဟာ စိတ်ခံစားမှုအနေအထားကို ပြောင်းလဲစေတယ်လို့တချို့သိပ္ပံပညာရှင်တွေက ယူဆထားကြပါတယ်။
Phenylethylamine ဟာ သွေးပေါင်ချိန်နဲ့သွေးတွင်းသကြားဓာတ်ကို တက်စေတဲ့အပြင် “နိုးကြား” တဲ့ ခံစားချက်နဲ့ “ကျေနပ်နှစ်သိမ့်”တဲ့ ခံစားချက်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် လူဟာနေလို့ထိုင်လို့ကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် ခဏတာစိတ်တက်ကြွမှုအပြီးမှာ စိတ်ဓာတ်ကျဆင်းတဲ့ကာလကို ရောက်ရှိလာဦးမှာ ဖြစ်ပါတယ်။ Theobromine ဟာ ကိုကာသီးမှာ သဘာဝအလျောက်တွေ့ရှိရပြီး စိတ်ဓာတ်ကျတာကို သက်သာစေပေမယ့် တိရိစ္ဆာန်တွေနဲ့တော့ မတည့်ဘူးလို့ဆိုပါတယ်။
ချောကလက်စားတာဟာ စိုးရိမ်ပူပန်တဲ့ခံစားချက်ကိုလည်း ဖြစ်စေနိုင်ပါတယ်။ Phenylethylamine ဟာ ဦးနှောက်သွေးကြောတွေကို ကျယ်စေတဲ့အတွက် ခေါင်းကိုက်စေတယ်ဆိုပေမယ့် Phenylethylamine အနေနဲ့ ဦးနှောက်ကိုရောက်မရောက်ကတော့ ငြင်းခုန်နေကြဆဲပဲ ဖြစ်ပါတယ်။

ချောကလက်ရဲ့ အခြားသော ကျန်းမာရေးအကျိုးကျေးဇူးများ

• ချောကလက်က ကင်ဆာရောဂါအထိတိုင် ကာကွယ်ပေးနိုင်တယ်။
ချောကလက်ကနေရရှိတဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေက အများကြီးပါပဲ။ ချောကလက်ဟာ နှလုံးအတွက်ကောင်းပါတယ်။ ချောကလက်ဟာ သွေးကြောတွေရဲ့တုံ့ပြန်နိုင်စွမ်းကို ပိုမိုအားကောင်းစေတဲ့အတွက် နှလုံးရောဂါကို ကာကွယ်ရာမှာအသုံးဝင်ပါတယ်။ ဒါ့အပြင် ချောကလက်ဟာ ခန္ဓာကိုယ်ရဲ့ဂလူးကို့စ်ဓာတ်စုပ်ယူမှုကိုလည်း များလာစေပါတယ်။ ဒါတင်မကသေးပါဘူး၊
ချောကလက်ဟာ အိုမင်းရင့်ရော်တာကို ကာကွယ်ပေးနိုင်တဲ့သတ္တိရှိတဲ့အပြင် ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးပါသေးတယ်။
ဒါပေမယ့် ဘယ်အရာမဆို အကောင်းအဆိုးဒွန်တွဲနေတတ်တဲ့သဘောအရ ချောကလက်ဟာခေါင်းကိုက်တာ၊ အဝလွန်တာ၊ စအိုယားတာ၊ ရင်ပူတာနဲ့ (ဂနာမငြိမ်တာ၊ စိတ်ရှုပ်ထွေးတာ၊ ဒေါသကြီးတာ၊ စိတ်ကျတာအစရှိတဲ့) စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

• သွေးလေလည်ပတ်မှုကို ကောင်းစေတယ်။
ချောကလက်အမည်းဟာ သွေးလည်ပတ်မှုကိုကောင်းစေတဲ့အတွက် နှလုံးကျန်းမာရေးအတွက် အကျိုးရှိပါတယ်။ ချောကလက်များများစားလေ သင့်ဦးနှောက်ကို သွေးများများရောက်လေပါပဲလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ သွေးအသွားအလာကောင်းလာတာနဲ့အမျှ သင့်အနေနဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်တဲ့နေရာမှာ အရင်ကထက်ပိုပြီး ထိထိရောက်ရောက် လုပ်လာနိုင်ပါလိမ့်မယ်။ ချောကလက်ဟာ ဒီလောက်တောင်အကျိုးများပါလားလို့ဘယ်သူကများတွေးမိမှာလဲ။ ကျန်းမာရေးနဲ့ပတ်သက်ပြီး မကောင်းတာဘာများရှိမလဲလို့ကျွန်တော်တို့ အဓိကစိုးရိမ်ပူပန်ကြတာဖြစ်ပြီး ချောကလက်မှာအဓိကပါဝင်ပြီး စိတ်ခံစားမှုအခြေအနေကောင်းအောင် လုပ်ပေးနိုင်တဲ့ ကိုကာအနေနဲ့ထူးထူးခြားခြား မကောင်းတာမျိုးတော့ ဘာမှမရှိပါဘူး။

• ကိုယ်အလေးချိန်ကျခြင်း
ချောကလက်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကိုစဉ်းစားတဲ့အခါ ဝိတ်ကျစေတဲ့အကြောင်းကို အမျိုးသမီးတွေအနေနဲ့သိပ်တွေးလေ့မရှိပါဘူး။ ဒါပေမယ့် ချောကလက်အမည်းဟာ တကယ်ပဲ ကိုယ်အလေးချိန်ကျစေနိုင်ပြီး သင်ထင်ထားတာထက်တောင် ပိုပြီးလွယ်ပါသေးတယ်။
လေ့လာချက်တွေအရ ချောကလက်အမည်းဟာ နို့ချောကလက်ထက်ပိုပြီး ဗိုက်ပြည့်စေတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ချောကလက်အမည်းကိုစားခြင်းကြောင့် အဆီအဆိမ့်တွေ၊ အချိုတွေနဲ့အငန်တွေကို စားလိုစိတ်နည်းစေတယ်လို့လည်းဆိုပါတယ်။ ဆိုလိုတာက သင်ဟာချောကလက်အမည်းကို သတ်မှတ်ထားတဲ့ပမာဏလောက်တော့ စားလို့ရပြီး ဒီလိုစားပေးခြင်းအားဖြင့် သင်လက်ရှိကျင့်သုံးနေတဲ့ ဝိတ်ချတဲ့အစီအစဉ်ကို လိုက်နာဖို့ ပိုပြီးလွယ်ကူစေတယ်ဆိုတာပါပဲ။

• ဆီးချိုကို ကာကွယ်ပေးတယ်။
ဆီးချိုဟာ လူတိုင်းကြောက်ကြတဲ့ရောဂါတခုဆိုတာ အငြင်းပွားစရာမလိုပါဘူး။ စိတ်ဝင်စားဖို့ကောင်းတာက ချောကလက်ရဲ့အကျိုးကျေးဇူးတွေထဲမှာ ဆီးချိုရောဂါကိုကာကွယ်ပေးနိုင်တာလည်းတစ်ခုအပါအဝင် ဖြစ်တယ်ဆိုတာပါပဲ။ လေ့လာမှုတစ်ခုမှာဆိုရင် ပါဝင်သူတွေဟာ ချောကလက်အမည်းတစ်ခုကို ၁၅ ရက်တိတိနေ့စဉ်စားရပါတယ်။၁၅ရက်ကြာပြီးတဲ့အခါသူတို့တွေရဲ့ အင်ဆူလင်ဓာတ်ကိုတုံ့ပြန်မှုဟာ ငါးဆယ်ရာခိုင်နှုန်းတက်လာတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ ဘာလို့လဲဆိုတော့flavonols ဟာ nitric oxide ထုတ်လုပ်မှုပမာဏကို များစေတဲ့အတွက် ဖြစ်တယ်လို့ဆိုပါတယ်။nitric oxide ဟာ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ဓာတ်အပေါ်တုံ့ပြန်မှုကို ကူညီထိန်းချုပ်ပေးနိုင်ပါတယ်။

• နေရောင်ခြည်ဒဏ်က ကာကွယ်တယ်။
ချောကလက်စားပေးခြင်းအားဖြင့် သင့်အရေပြားကို ရေဓာတ်လုံလောက်စွာ ဖြည့်တင်းပေးထားမယ်ဆိုရင် သင့်အနေနဲ့ချွေးထွက်ပေါက်တွေပိတ်မှာကို ပူပန်စရာမလိုတော့ပါဖူး။ သင့်အနေနဲ့ဒါနဲ့ ပြောင်းပြန်တွေးထားကောင်းတွေးထားပါလိမ့်မယ်။ ဒါပေမယ့် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေထွက်လာစေတာဟာ ချောကလက်အများစုမှာပါတဲ့ အဆီတွေကြောင့်ဖြစ်ပါတယ်။ ချောကလက်မှာပါတဲ့ ကိုကာအစစ်နဲ့ နိုတွေက သင့်အရေပြားအတွက် ကောင်းဖို့သာရှိပါတယ်၊ အထူးသဖြင့် ချောကလက်အမည်းပေါ့။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly