ကျွဲ၊နွားများ ပထမဆုံးအကြိမ် ပြည်ပသို့ တင်ပို့ခွင့်ပြု

ကျွဲ၊နွားများ ပထမဆုံးအကြိမ် ပြည်ပသို့ တင်ပို့ခွင့်ပြု

ရန်ကုန်၊ အောက်တိုဘာ ၁၃ ။          ။ ခေတ်အဆက်ဆက် ပိတ်ပင်ထားခဲ့သော ကျွဲ၊နွားများ ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ကို  အောက်တိုဘာလ ၉ ရက်နေမှစ၍ ပထမဆုံးအကြိမ် တရားဝင်ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က မဇ္ဈိမကို ပြောကြားသည်။

“တရားမဝင်တင်ပို့တာကတွေကလည်း တော်တော်လေးသွားနေတယ်။ အဲဒါကို ထိန်းချုပ်ချင်လို့ခွင့်ပြုလိုက်တယ်။ နောက် အဓိကက ရင်းနှီးမြှုပ်နှံမှုတွေလုပ်ပြီး မွေးမြူပြီး ပို့နိုင်အောင်လည်းပါတယ်။ အဲလိုတင်ပို့ဖို့ မွေးမယ့်လူတွေ တော်တော်များများလည်းရှိတယ်”ဟု အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ရှင်းပြသည်။

မွေးမြူရေးတောင်သူများ ဝင်ငွေနှင့် အလုပ်အကိုင်ပိုမို ရရှိစေရေးအတွက် ကျွဲ၊နွား အရှင်များကို ပြည်ပသို့ စည်းကမ်းနှင့် အညီ တရားဝင်တင်ပို့ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျွဲ၊နွားများ ပြည်ပသို့ တင်ပို့မည့်သူများသည့် ဝယ်ယူစုဆောင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများနှင့် ပြည်တွင်း၌ နယ်ကျော် သယ်ဆောင်ခြင်းများကို ပြုလုပ်ရာတွင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ထုံး လုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ကျွဲ၊နွားတိရစ္ဆာန်များကို ပြည်ပသို့ တင်ပို့ခွင့်ပြုရေးနှင့် ပတ်သက်၍လည်း ပြည်တွင်းတွင် လုံလောက်မှုရှိ၊မရှိ ကိုလည်း သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ မွေးမြူရေးလုပ်ငန်းရှင်များ   တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဇူလိုင်လအတွင်းက လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ပြောဆိုထားသည်။

မြန်မာနိုင်ငံ၏ ပြည်ပသို့ တိရစ္ဆာန်တင်ပို့မှုဈေးကွက်မှာခိုင်မာပြီး ယင်းဈေးကွက်ကို ချဲ့ထွင်သင့်သလို မွေးမြူရေးနှင့် အရည်အသွေးပိုင်းကို လည်း တိုးမြှင့်ဖို့လိုကြောင်း FAO ၏ နည်းပညာအကြံပေး ဒေါက်တာ ဖရန်စစ် မာရေးမက်လော်ရန်က ဇူလိုင်လအတွင်း မဇ္ဈိမနှင့်တွေ့ဆုံစဉ် အကြံပြုထားသည်။

“တရုတ်နိုင်ငံမှာ သိုးနဲ့ဆိတ်အပါအဝင် ကျွဲနွားစတဲ့ တိရစ္ဆာန်တွေကို တင်ပို့နေတဲ့ ဈေးကွက်ရှိပါတယ်။ ဈေးကွက်မှာ စွန့်စားလုပ်ကိုင်ရမှာကတော့ အမြဲရှိတာပဲလေ။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေကလည်း အမြဲတမ်း အစားအစာ လိုအပ်နေတာကြောင့် ဒီဈေးကွက်က အမြဲတမ်းရှိနေမယ်လို့ ကျွန်တော်တို့ မြင်တယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်တစ်နှစ်ကျော်ကာလအတွင်းက ဆိတ်နှင့်သိုး ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုခဲ့ရာတွင်လည်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ယင်းတိရစ္ဆာန်များကို မွေးမြူမှုမြင့်တက်လာပြီး တောင်သူများ ပိုမိုဝင်ငွေကောင်းလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားသည်။

စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်သော  မြန်မာနိုင်ငံတွင် ခိုင်းကျွဲ၊ခိုင်းနွား မလုံလောက်မည်ကို စိုးရိမ်သောကြောင့် ယခင်က ကျွဲ၊နွား တိရစ္ဆာန်ပြည်ပသို့ တင်ပို့မှုကို ပိတ်ပင်ထားခဲ့သော်လည်း အဆိုပါကာလများ၌ပင် အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် ကျွဲ၊နွားတင်ပို့မှုများရှိခဲ့သည်။ a

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly