ယူနက်စကို ကနေ အမေရိကန်နဲ့ အစ္စရေး နှုတ်ထွက်

ယူနက်စကို ကနေ အမေရိကန်နဲ့ အစ္စရေး နှုတ်ထွက်

 

အောက်တိုဘာ ၁၃ ။         ။ ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာ ယူနက်စကို အဖွဲ့ ကနေ နှုတ်ထွက်ပြီ ဖြစ်ကြောင်း အမေရိကန်တို့ အောက်တိုဘာ ၁၂ ရက်မှာပဲ ကြေညာလိုက်ပါတယ်။ ဒါဟာ ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ အမေရိကန်တို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လမ်းခွဲလိုက်တဲ့ အရွေ့တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကတည်းက ယင်း ကုလ ယူနက်စကိုအဖွဲ့ကြီးအနေနဲ့ မဟာမိတ် အစ္စရေးအပေါ် ဆန့်ကျင်တဲ့ ဘက်လိုက်ဆုံးဖြတ်မှုတွေ ရှိထားခဲ့တယ်ဆိုပြီး အမေရိကန်တို့ဘက်က စွပ်စွဲပြစ်တင်လာခဲ့ရာကနေ ယခုအခါမှာတော့ အဖွဲ့ကြီးကနေပါ နှုတ်ထွက်တဲ့ ဆုံးဖြတ်ချက်ကို ဝါရှင်တန်ဘက်က ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။

" သေချာစဉ်စားဆုံးဖြတ်ပြီးမှ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ၊ ဒါကို ကြည့်ခြင်းအားဖြင့် ယူနက်စကိုအဖွဲ့ထဲမှာ ပြုပြင်လုပ်ဆောင်စရာတွေ အများကြီး ရှိနေပြီဆိုတာကို ထင်ဟပ်စေမှာပါ၊ အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုနေပါပြီ" ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟယ်သာ နော်အာ့တ်က ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ အမေရိကန် မဟာမိတ် အစ္စရေးနိုင်ငံရဲ့ ဝန်ကြီးချုပ် နေတန်ယာဟု ကလည်း ၎င်းတို့နိုင်ငံဟာလည်း ယူနက်စကိုကနေ ထွက်ဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်သွားပါတယ်။

အမေရိကန်တို့အနေနဲ့ အဆိုပါအဖွဲ့ဝင် ၁၉၅ နိုင်ငံပါ ကုလ ယူနက်စကိုအဖွဲ့ကြီးကနေ သမ္မတဟောင်း ရော်နယ်ရေဂင်လက်ထက်က တစ်ကြိမ် နှုတ်ထွက်ထားခဲ့ဖူးပြီး ၂၀၀၂ ခုနှစ် သမ္မတ ဂျော့ ဒဗလျူဘုရှ် လက်ထက်ကျမှ ယင်းကုလအဖွဲ့ထဲ ပြန်ဝင်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၁ ခုနှစ်အရောက်မှာတော့ နှစ်ဘက်အကြား ဆက်ဆံရေး ပြန်ဆိုးလာနေခဲ့တာဖြစ်ပါတယ်။

ယခုလို အဖွဲ့ကြီးကနေ ထွက်တဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကြောင့် များစွာ စိတ်မကောင်းဖြစ်နေမိကြောင်း ယူနက်စကို အကြီးအကဲ အိုင်ရင်နာ ဘိုကိုဗာက ဖွင့်ဟပြောဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags