"စည်ပင်နဲ့မန္တလေး မိုးရာသီ"

"စည်ပင်နဲ့မန္တလေး မိုးရာသီ"
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)
 

 

မိုးရွာလိုက်ပြီဆိုတာနဲ့ ရေလျှံတာက မန္တလေးမြို့နဲ့တစ်သားတည်းဖြစ်နေပြီဆိုတာကတော့ သိပ်အထွေအထူး မဟုတ်တော့သလို ဖြစ်လာပါတယ်။

ဘာဖြစ်လို့လည်းဆိုတော့ စည်ပင်သာယာကလည်း နေ့မနား၊ညမအား လုပ်ဆောင်နေတာတွေ မြင်တွေ့နေကြလို့ပါပဲ။ကော်မတီဝင်တစ်ချို့ဆိုရင် ဂရုတစိုက်ကွင်းဆင်းဆောင်ရွက်နေတာလဲ   မြင်တွေ့နေရတာပါပဲ။

မြောင်းတွေဆယ်။မြောင်းတွေဖောက်။လမ်းတွေပြင်။လမ်းတွေခင်း လုပ်နေတာတွေလည်း ငြင်းမရအောင် မြင်နေရတာပါပဲ။

အထူးသဖြင့် ရွှေတစ်ချောင်းတို့၊သင်္ဂဇာချောင်းတို့လည်း အမြဲဆယ်နေတာပါပဲ။  အဲဒီလိုတွေ လုပ်နေပေမယ့်လည်း တစ်ချို့ရပ်ကွက်၊တစ်ချို့မြို့နယ်တွေကတော့ စည်းကမ်းလိုက်နာမှု အားနည်းနေတာကို တွေ့ရဆဲပါပဲ။

စနစ်တစ်ခုနဲ့တစ်ခုအကူးအပြောင်းမှာ ရေဆိုးမြောင်းတွေကလည်း လိုက်ပြီးကူးပြောင်းခဲ့ကြတာလည်း အားလုံးအသိ။မြောင်းတွေ၊ချောင်းတွေပိတ်ပြီး နေအိမ်တွေ ဆောက်ခွင့်ရခဲ့ကြတာလည်း အသိ။ ရေထွက်ပေါက်တွေကပျောက်။ပျောက်တာမှမရှိသလောက်ပျောက်။အဲဒီပျောက်နေတာတွေပြန်ဖော်ရင်း လုပ်ကိုင်နေကြရတဲ့ စည်ပင်ကိုလည်းအပြစ်မပြောသာ။

ရေရှည်အတွက် လုပ်နေတယ်ဆိုပေမယ်လည်း လမ်းပေါ်ကတော့ မိုးရွာရင် ရေလျှံမြဲ။ ရေမလျှံခင်။ မိုးမရွာခင်တော့ အားလုံးက အမှုမဲ့အမှတ်မဲ့နဲ့ နေထိုင်လုပ်ကိုင်နေကြတာပါပဲ။ ရွာလို့လျှံလိုက်တာနဲ့ အကုန်နစ်တော့တာပဲ။

မြို့တော်ဝန်ကြီးကလည်း မန္တလေးမြို့သာယာလှပရေး အတွက် စေတနာ၊မေတ္တာထားပြီး လုပ်နေတာလည်း အားလုံးမြင်တွေ့နေကြရပါတယ်။ဒါပေမယ့် ကွက်ကြားမိုးရွာသလို ကွက်တိကွက်ကြား လုပ်နေတာလည်း တွေ့ကြမှာပါပဲ။

ကော်မတီဝင်တွေကို စင်္ကာပူနိုင်ငံပို့ပြီး နည်းပညာတွေ၊နည်းစနစ်တွေ လေ့လာခွင့်ပေးလိုက်တာကိုက မြို့တော်ဝန်ကြီးရဲ့ စေတနာကိုတွေ့ရပါတယ်။

ဘေးဒဏ်ခံနိုင်ရည်ရှိပြီး ပြု ပြင်လွယ်တဲ့ မြို့တော် ၁၀၀ကွန်ယက်က မန္တလေးမြို့တော်ကို ပထမဦးစားပေး မြို့ ၃၀ မြို့မှာ ပါဝင်ရွေးချယ်ခံထားရတာကြောင့် မန္တလေးမြို့ရဲ့အဆင့်အလိုက် လုပ်ဆောင်ရမယ် လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျှက်ရှိပြီး ဒီဇင်ဘာလအတွင်း မှာထုတ်ပြန်သွားမယ်လို့လည်းသိရပါတယ်။

မြို့အတွက် စည်ပင်သာယာရေးကော်မတီအနေနဲ့ အရှိန်အဟုန်မြင့်လုပ်ဆောင်နေကြပေမယ့် ရေလျှံတဲ့ပြဿ နာကတော့ ဖြေရှင်းမရသေးတာ တွေ့ရပါတယ်။ရေစီး၊ရေလာ ကောင်းမွန်ရေးက စည်ပင်ရဲ့စိန်ခေါ်မှုတွေထဲက တစ်ရပ်ပါ။

မန္တလေးမြို့မှာရှိတဲ့ လူမှုရေးအသင်းအဖွဲ့တွေ တစ်ချို့ ရပ်ကွက်နေ ပြည်သူလူထုကပူးပေါင်းပါဝင်ပြီး လုပ်ဆောင်နေတာတွေလည်း တွေ့ရပါတယ်။ဒါပေမယ့် အားလုံးပူးပေါင်းပါဝင် လုပ်ဆောင်ကြဖို့လည်း လိုပါတယ်။

မိုးဥတုဆိုတာလည်း ရှောင်လို့မရပါဘူး။မရမှန်းသိလို့လည်း မြောင်းတွေပြုပြင်ပေး ၊ အသစ်တည်ဆောက်ပေးနေတယ်ဆိုတာလည်း နားလည်ပြီးသား။

မြို့လူထုတွေအနေနဲ့ကတော့ အခုလို မိုးရွာလိုက်တာနဲ့ လမ်းပေါ်ရေလျှံ၊ အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်နေတာကို မလိုလားပါဘူး။လက်ရှိ စည်ပင်သာယာရေးကော်မတီကိုလည်း အားကိုးနေကြတာ ထင်သာမြင်သာပါ။

ကော်မတီဝင်တွေနဲ့မြို့တော်ဝန်အနေနဲ့ကလည်း ဘာကြောင့် အခုလို ရေလျှံရတာလည်းဆိုတာ သုံးသပ်။အဖြေရှာဖို့လိုပါတယ်။

စက်ကြီးတွေ၊ယန္တယားကြီးတွေအသုံးပြုပြီး လုပ်နေတာတွေ့ရပေမယ့် လုပ်ကိုင်နေတဲ့ အောက်ခြေကိုတော့ မျက်နှာလွှဲခဲပစ်လုပ်လို့ မရပါဘူး။

မန္တလေးမြို့သာယာ စည်ပင် လှပဖို့ဆိုတာ ၉၉ ရာခိုင်နှုန်းက စည်ပင်သာယာရေးကော်မတီရဲ့ လက်ထဲမှာပါ။ မြို့ပြဖွံ့ဖြိုးလှပလာရုံနဲ့မပြီးသေးပါဘူး။အဓိက မြို့ကို ဝန်းရံထားတဲ့ ရပ်ကွက်တွေလည်း ဖွံ့ဖြိုးလာဖို့လိုပါတယ်။မြို့ထဲက စီးဆင်းလာတဲ့။လျှံလာတဲ့ရေဟာ ရပ်ကွက်တွေထဲ ဖြတ်ရတယ်ဆိုတာ မေ့မနေသင့်ပါ။

မြို့ပေါ်ရေမလျှံအောင် လုပ်လိုက်ပြီဆို အနိမ့်ပိုင်းရပ်ကွက်တွေက ပိုဆိုးပိုခံစားရပါတယ်။ ဝင်လာတဲ့ရေက ပြန်မထွက်တော့ပါဘူး။လနဲ့ချီပြီးရေတွေတင်ကျန်နေတတ်ပါတယ်။

အခက်အခဲတွေရှိနေတယ်ဆိုတာကိုတော့ လက်ခံပေမယ့် မိုးရွာလို့ မန္တလေးရေနစ်လိုက်တာနဲ့ ဝေဖန်မှုတွေကတော့ ပြုရတော့မှာပဲ။ကုတင် ၅၅၀ဆံ့ ကလေးဆေးရုံဝင်းအတွင်း အဓိကနေရာတွေဖြစ်တဲ့ ပြင်ပလူနာဌာနမှာတောင် ရေဝင်ပါတယ်။ဒါကို စဉ်းစားသင့်တယ်။ ဘာကြောင့်အခုလိုဖြစ်လည်းဆိုတာ။နောက်တစ်ခု ၈၆လမ်း၊ရွှေတစ်ချောင်းတစ်လျှောက်၊ ၃၅လမ်းတစ်လျှောက် နေရာအတော်များများ ရေလျှံလိုက်သမျှမပြောချင်ပါ။အထူးသဖြင့် လွှတ်တော်အသစ်အနီး မတ္တရာ၊မန္တလေးလမ်းမ ရေပတ်လည်ဝိုင်းပဲ။အဲဒါဆိုရင် အဲဒီရဲ့အနောက်ဘက် ပေ ၃၀၊၄၀လောက်မှာ ရေမြောင်းအကြီးကြီးရှိတယ်။လျှံတဲ့ရေက အဲဒီမြောင်းထဲမသွားတာလည်း စဉ်းစားစရာပါ။

အဲဒီမြောင်းတွေကို ဘဏ္ဍာငွေအတော်များများအသုံးပြုပြီး စက်ကြီးတွေနဲ့ဆယ်တယ်။ ဆယ်တော့သွားတာပဲ၊ဒါပေမယ့် မိုးရွာရင် ရေကတော့လျှံမြဲပဲ။

မြင်းကောင်းခွာလိပ်မဖြစ်ဖို့ လုပ်ထားတာတွေ ပန်သုံးသပ်ဖို့လိုပါတယ်။ ငါတို့လည်းလုပ်နေတယ်။အမြဲတမ်းကြည့်နေတာပဲလို့ မပြောစေချင်ပါဘူး။ကြည့်ရုံနဲ့မပြီးသလို ယုံလို့လည်းမရပါဘူး။

မန္တလေးမြို့ပင်လယ်မဖြစ်ဖို့ စည်ပင်သာယာအနေနဲ့ ဘယ်လိုပုံ၊ဘယ်လိုစနစ်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်သွားမယ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်သလို မြို့လူထုအနေလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လိုပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly