နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်း၌ ဘိုကိုဟာရမ် အသေခံဗုံးခွဲသူတို့၏လက်ချက်ကြောင့် ၅ဦးသေဆုံး

နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်း၌ ဘိုကိုဟာရမ် အသေခံဗုံးခွဲသူတို့၏လက်ချက်ကြောင့် ၅ဦးသေဆုံး

 

ကာနို၊ နိုင်ဂျီးရီးယား၊ အောက်တိုဘာ ၁၃ ။                  ။ နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှ အစွန်အဖျားကျသော ရွာတစ်ရွာသို့ ဝင်ရောက်စီးနင်းရန်ကြိုးပမ်းခဲ့သော ဘိုကိုဟာရမ်အဖွဲ့မှ အသေခံဗုံးဖောက်ခွဲသူများ၏လက်ချက်ကြောင့် လူ ၅ဦးခန့်သေဆုံးခဲ့ရကြောင်း ပြည်သူ့စစ် အဖွဲ့နှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကြာသာပတေးနေ့တွင် ပြောကြားခဲ့သည်။

ပြည်သူ့စစ်အဖွဲ့မှ အီဘရာဟမ်လီမန်းက အဆိုပါတိုက်ခိုက်မှုသည် ဘော်နိုပြည်နယ် ကွန်ဒူဂါဒေသရှိ ဘယ်ဘီလူကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သေနတ်သမားများသည် ရွာထဲသို့တရကြမ်းဝင်စီးခဲ့ပြီး ဘိုကိုဟာရမ်အဖွဲ့သားတစ်ဦးသည် ဂျုံ၊ စပါးများ သိုလှောင်ထားသောကျီကို ဖောက်ခွဲဖို့ကြိုးပမ်းခဲ့သောကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပစ်ခတ်နှိမ်နင်းခဲ့ရ သည်။

“အဲ့ဒီလူဟာ အေကေ ၄၇ သေနတ်ကို ကိုင်တွယ်ပစ်ခတ်ပြီး ရှေ့ကိုတက်လာတဲ့အချိန်မှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် တွေက ပြောင်းချောသေနတ်တွေနဲ့ ပြန်လည်ခုခံပစ်ခတ်ခဲ့ပါတယ်” ဟု လီမန်းက အေအက်ဖ်ပီသို့ ပြောခဲ့သည်။

“သူဟာရှေ့တက်လာပြီး အနားရောက်လာတဲ့အချိန်မှာ သူ့ကိုယ်ပေါ်ကဖောက်ခွဲရေးပစ္စည်းတွေကို စနက်တံ ဖြုတ်ပြီး အသေခံဖောက်ခွဲခဲ့တာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်” ဟု လီမန်းက ဆက်ပြောခဲ့သည်။

“အနားမှာရှိတဲ့ အမျိုးသမီးတစ်ဦးလည်း သေဆုံးသွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်တွေ ရွာထဲကို ဝင်ပြေးသွားခဲ့ပါတယ်။ ရွာသားတွေလည်း ထိတ်လန့်ပြီး ရွာထဲကနေထွက်ပြေးသွားခဲ့ပါတယ်။ ဘိုကို ဟာရမ်အဖွဲ့သားတွေဟာ ကျီကိုဖောက်ပြီး ဂျုံ၊ စပါး၊ ပြောင်းဖူး၊ နှံစားပြောင်းတွေကို ယူဆောင်သွားပါတယ်။ သူတို့သယ်နိုင်သမျှကို သယ်သွားပြီး ကျန်တာတွေကိုဖျက်ဆီးပစ်ခဲ့ပါတယ်” ဟု သူက ပြောခဲ့သည်။

မိုင်ဒူဂူရီမြို့မှ အရှေ့တောင်ဘက်အရပ်တွင်ရှိသော ကွန်ဒူဂါဒေသသည် ဘိုကိုဟာရမ်အဖွဲ့သားများ၏ တိုက်ခိုက် မှုများကို မကြာခဏကြုံတွေ့နေရသော နယ်မြေတစ်ခုဖြစ်ပြီး အစိုးရနှင့် နိုင်ဂျီးရီးယားစစ်တပ်မှ မနှိမ်နင်းနိုင်ဘဲ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly