သွေးတိုးရောဂါအကြောင်း မေးခွန်းရှိနေပြီလား အပိုင်း(၁)

သွေးတိုးရောဂါအကြောင်း မေးခွန်းရှိနေပြီလား အပိုင်း(၁)

သမားတော်ကြီးဒေါက်တာဦးနေဝင်းက 4R Health Talk အစီအစဉ်ရဲ့ တိုက်ရိုက်ဖြေကြားမှု အပိုင်း(၁)

 

မဇ္ဈိမ- ပရိသတ်များအားလုံး မင်္ဂလာပါခင်ဗျာ။ ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးသွားမယ့်အကြောင်းကတော့ သွေးတိုးရောဂါ အကြောင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့ ဆရာဝန်ကြီးကတော့ အထွေထွေရောဂါကု သမားတော်ကြီး ဦးနေဝင်း ဖြစ်ပါတယ်။

ဆရာကြီးခင်ဗျာ။ ကျွန်တော်ဆိုရင် ငယ်ငယ်ပဲ ရှိသေးတာပေါ့နော်။ ရပ်ကွက်ထဲမှာ အသက်ကြီးတို့ ကိုယ့်ထက်အသက်နည်းနည်းကြီးတဲ့သူတွေ   ပြောနေကြတာ   သွေးတိုးတယ်။ သွေးတိုးတယ် ဆိုပြီးတော့ ပြောနေကြတာ အဲဒီတော့ ကျွန်တော်ကတော့ တစ်ခါမှ မခံစားဖူးတော့ သွေးတိုးတယ်ဆိုတာ ဘာမှန်းမသိဘူး။ သွေးတိုးတာ ဘာကြောင့်တိုးတာ ဘယ်လိုဖြစ်တာဆိုတာ ဆရာကြီး နည်းနည်းလောက် ပြောပြပါခင်ဗျာ။

Dr. Nay Win- ဒီမေးခွန်းက အင်မတန်အရေးကြီးတဲ့ မေးခွန်းဖြစ်တယ်။ အဲဒီအပေါ်မှာ အခြေခံပြီးမှ နောက်က ဟာတွေဟာ လိုက်တာ ဖြစ်ပါတယ်။ သွေးတိုးဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းပေါ့။ ဆရာ ပြောတာ ကြားဖူးမှာပေါ့။ ခေါင်းကိုက်တယ်။ သွေးတိုးတယ်ပေါ့။ အကြောတက်စာတွေ စားတယ် သွေးတိုးတယ်ပေါ့။ ဒါပေမယ့် အနောက်တိုင်း ဆေးပညာအရဆိုရင် သွေးတိုးဆိုတာ ဘာနဲ့ သတ်မှတ်သလဲဆိုရင် သွေးပေါင်ချိန်နဲ့ သတ်မှတ်တယ်။ သွေးပေါင်ချိန်နဲ့ သတ်မှတ်တာမှလည်း သွေးတိုးလို့ ခေါ်တယ်။ ဘာခံစားရလို့ ဘာဖြစ်လို့ နဲ့တော့ သွေးတိုးလို့ မခေါ်ပါဘူး။ ဥပမာ တစ်ခုပြောမယ်ဆိုရင် ဒီနေ့ ဇက်ကြောထိုးတယ်လို့ ပြောတယ်။ သွေးတိုးတာပဲ ဆိုပြီး သွေးကျဆေး သောက်တယ်။ မှားတာပေါ့။ ဇက်ကြောထိုးရတဲ့ အကြောင်းအရင်း အများကြီး ရှိတာကိုး။ အဲဒီထဲမှာမှ သွေးမတိုးဘဲနဲ့ သောက်မိသွားတာတွေ ရှိသွားနိုင်တယ်လေ။ ဘယ်လောက်ဆိုးတဲ့ သွေးတိုးမိုလို့ ဘယ်လောက်သောက်တယ်ဆိုတဲ့ အတိုင်းအတာ မရှိဘူး ဖြစ်သွားတယ်။ ဒါကြောင့်မို့ သွေးပေါင်ချိန်ခြင်းဟာ အခရာပဲ ဖြစ်နေတယ်။ အဲဒီတော့ သွေးပေါင်ချိန်ခြင်းဆိုတာကို ပြန်စဉ်းစားကြည့်တော့ အင်မတန်လွယ်တဲ့ အရာလေးတစ်ခု ဖြစ်နေတယ်။ သွေးပေါင်ချိန် ကရိယာလေးနဲ့ ကောက်ပြီး တိုင်းလိုက်လို့ ရှိရင် ရတယ်ပေါ့။ သွေးတိုးရှိ မရှိကို ECG နဲ့ ရိုက်ကြည့်စရာ မလိုဘူး။ သွေးဖောက်စစ်စရာလည်း မလိုဘူး။ အလွန်လွယ်တဲ့ ကိစ္စဖြစ်တော့ ကိစ္စတိုင်းမှာ လွယ်လွန်းရင်လည်း မှားတတ်တဲ့ သဘောရှိတယ်ပေါ့။ ဒါကြောင့်မို့လို့ သွေးပေါင်ချိန်ကို အလေးမထားဘဲနဲ့ စနစ်တကျ မလုပ်ရင် မှားသွားနိုင်တာပေါ့။ ဘယ်လိုမှားနိုင်လဲ။ မတက်တဲ့ သွေးပေါင်ချိန်ကို တက်တယ်လို့ ထင်တယ်။ တက်နေတဲ့ သွေးပေါင်ချိန်ကို နည်းနေတယ်လို့ ထင်တယ်။ ဒါတွေဟာ မှားနေတာပေါ့။ မှန်ကန်တဲ့ သွေးပေါင်ချိန်ကို စနစ်တကျတိုင်းနည်းဖြစ်ဖို့ ဘာလိုလဲဆိုတာ တစ်ခါ ပြန်လိုက်ပြန်တော့ နှစ်ခု ပြန်တွေ့ပြန်ရော။ တစ်ခုက ဘာလဲဆိုတော့ သွေးပေါင်ချိန်တိုင်းတဲ့ ပစ္စည်းကရိယာတွေရဲ့ အရည်အသွေး မြင့်ဖို့နဲ့ ဘယ်လောက်မှန်ကန် တယ်ဆိုတဲ့ စိတ်ချရမှုပေါ်မှာ မူတည်တယ်။ နောက်တစ်ခုက သွေးပေါင်ချိန်တိုင်းတဲ့ လူရဲ့ နည်းစနစ်ပေါ်မှာ မူတည်တယ်။

ဒါကြောင့်မို့ ဒီနားလေးမှာ ပထမဆုံး စပြောချင်တဲ့ စကားက သွေးပေါင်ချိန်တက်တယ်။ သွေးတိုးတယ်ဆိုတာကို သွေးပေါင်ချိန်နည်းနဲ့ပဲ သိနိုင်ပါတယ်။ သွေးပေါင်ချိန်လုပ်တဲ့ အခါမှာလည်းပဲ အခုနကပြောတဲ့ အချက်နှစ်ချက် ကို ဂရုစိုက်စေချင်ပါတယ်။

သွေးတိုးကို ဘယ်တော့ခေါ်လဲလို့ မေးရင် အခုနက ပြောတဲ့ အတိုင်းပဲ ၊ဘာခံစားရလို့ သွေးတိုးဆိုတာ မရှိပါဘူး။ ဘာပဲ ရှိတယ်ဆိုရင် သွေးပေါင်ထဲမှာ အပေါ်သွေးနဲ့ အောက်သွေးဆိုတာ ရှိတယ်။ အပေါ်သွေးက ၁၄၀ အောက်သွေးက ၉၀ တစ်ခုခု ကျော်လို့ ရှိရင် ခေါ်ပြီ။ ကျွန်တော် နမူနာ တစ်ခု ပြောပြရမယ်ဆိုရင် ၁၅၀ - ၁၀၀ ဆို ခေါ်တာပေါ့။ ၁၅၀-၇၀ ဆို ခေါ်တာပေါ့။ ၁၃၀-၁၀၀ ဆို ခေါ်တာပေါ့။ နှစ်ခုတက်ရင်သော်လည်းကောင်း တစ်ခုတည်း တက်ရင်သော်လည်းကောင်း ခေါ်ပါတယ်။ ဒီကနေ ကျွန်တော်တို့ အပြင်ထွက်ပြီး ပြေးလိုက်မယ် ၁၅ မိနစ်လောက် ပြေးလိုက်မယ်ဆိုရင် သွေးပေါင်ချိန် တက်နေမယ်။ အဲဒါကို သွေးတိုးလို့ ခေါ်လားဆိုရင် မခေါ်ပြန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လှုပ်ရှားလို့ တက်တာ။ စိတ်လှုပ်ရှားလို့ တက်တာ။ ခဏတဖြုတ်တက်တာကို မခေါ်ပြန်ဘူး။ အဲဒီတော့ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ ဘာပြန်ပါလဲဆိုတော့ သွေးပေါင်ချိန်က တိုင်းတဲ့ အချိန်တော်တော်များများမှာ တက်နေမှ သွေးတိုးလို့ ခေါ်တယ်။ ပြန်ချုပ်ပြောမယ်ဆိုရင် ၁၄၀-၉၀ ကျော်တယ်။ တိုင်းတဲ့အချိန်မှာ များစွာ တက်နေတယ်ဆိုရင်တော့ ခေါ်တယ်။ တစ်ခုတော့ ချို့ယွင်းချက် ရှိပြန်ရော ။ တစ်ခါ ချိန်ပါတယ် ဒါပေမယ့် သွေးပေါင်ချိန်ဟာ ၂၀၀-၁၂၀ ဖြစ်နေပြီ ဆိုရင်တော့ နောက်ထပ် ချိန်ဖို့တော့ စောင့်ဖို့ မလိုတော့ဘူး။ အဲဒါကျတော့ တစ်ချိန်တစ်ခါ တက်ယုံနဲ့ ကျွန်တော်တို့က သွေးတိုးလို့ ခေါ်တယ်ပေါ့။

မဇ္ဈိမ- သွေးတိုးတယ်ဆိုရင် ခံစားရတာ ဘယ်လို ခံစားရလဲဆရာ။

Dr. Nay Win- သွေးတိုးနဲ့ ပတ်သက်ပြီးတော့ ပြောလေ့ ပြောထ စကားရှိတယ်။ ဆေးပညာ နှီးနှောဖလှယ်ပွဲတွေမှာ ပြောလေ့ ရှိတယ်။ သွေးတိုးရှိမှန်း မသိတဲ့ ရာခိုင်နှုန်းက ဆရာတို့ မြန်မာနိုင်ငံတင် မဟုတ်ဘူး။ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာတောင် သွေးပေါင်မချိန်လို့ သွေးတိုးရှိမှန်း မသိတဲ့ လူနာတွေ အများကြီး။ သွေးတိုးရှိပါတယ်ဆိုပြီးတော့ သွေးကျဆေး မသောက်တဲ့ သူတွေ တစ်ပုံတစ်ခေါင်းကြီး။ သွေးကျဆေး သောက်ပါတယ်ဆိုပြီးတော့ အကျိုးရှိအောင် မသောက်ဘဲနဲ့ လိုချင်တဲ့ သွေးပေါင်ချိန် ရောက်အောင် မသောက်တဲ့ သူတွေက တစ်ပုံတစ်ခေါင်းကြီး။ အဓိပာယ်က ဘာကိုဆိုလိုတာလဲဆိုတော့ သွေးတိုးရှိတယ် မရှိဘူးက ဘာလက္ခဏာရှိမှ ဆိုတာ မရှိဘူးလို့ ဆိုလိုချင်တာပေါ့။ ဒါကြောင့်မို့လို့လဲ လူတွေက မချိန်ကြဘူး။

အခုနက မေးခွန်းကို ပြန်ကောက်မယ်ဆိုရင် ဘာလက္ခဏာရှိလဲဆိုရင်တော့ လက္ခဏာက အုပ်စုသုံးခု ခွဲလို့ ရတယ်။ အများဆုံးက ဘာလက္ခဏာမှ မရှိတာ။ ဘာမှကို မရှိဘူး။ ကောင်းနေတာပဲ။ ရှိမှန်း သိတယ်။ ဘာမှ မခံစားရဘူး။ မတိုင်းဘူး။ ဆေးမသောက်ဘူး။ ဘယ်တော့မှ သွားသိလဲဆိုရင် လေဖြတ်မှ သွားသိတယ်။ တစ်ချို့ အသက်တောင် မမှီတော့ဘူး နှလုံးသွေးကြော ပိတ်ပြီးမှ သွားသိတယ်။ ဒါက အုပ်စု တစ်ခုပေါ့။     

ဒုတိယ အုပ်စုကတော့ ရောဂါလက္ခဏာ ခံစားရတာ။ အဲ ခံစားတယ်ဆိုတဲ့ နေရာမှာလည်း ၂ပိုင်း ပြန်ခွဲလု့ိရတယ်။ ဘယ်လိုပြောရမလဲဆိုတော့ မရေရာ မသေချာသော လက္ခဏာများလို့ ခေါ်တာပေါ့။ ခေါင်းကိုက်တယ်။ ဇက်ကြောထိုးတယ်။ ဒီနေ့တော့ နုန်းနေတာပဲ ဆိုတဲ့ ဒါက တစ်မျိုးပေါ့။ နောက်တစ်မျိုးက သွေးတိုးရဲ့ နောက်ဆက်တွဲကြောင့် ဖြစ်တဲ့ ဟာတွေပေါ့။ နှလုံးသွေးကြောကျဉ်းတဲ့ ခံစားမှု ရှိတယ်။ လေဖျန်းသလို ခံစားရတယ်။ ဒါတွေက ဘာလဲ။ သွေးတိုးရှိတဲ့ နောက်ဆက်တွဲဖြစ်တယ်။ ပြီးတော့ ခံစားရတယ်။

ကျွန်တော် အခုနက ပြောတဲ့ အတိုင်းပဲ အုပ်စု အကြီးကြီးက ဘာလက္ခဏာမှ မခံစားရတာ။ ဒုတိယအုပ်စုက လက္ခဏာရှိတယ်။ လက္ခဏာမှာမှ သာမန် အပယိက ရောဂါ လက္ခဏာရှိတယ်။ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းတဲ့ လက္ခဏာ၊ နောက်ဆုံး အုပ်စု တစ်ခုကတော့ ဆေးရုံရောက်မှ လေဖြတ်မှ နှလုံးသွေးကြော ပိတ်မှ ကျောက်ကပ်ပျက်မှ ခြေထောက်ပုပ်မှ သိတဲ့ အုပ်စုဆိုပြီးတော့ ရှိတယ်။ အဲတော့ အစက မေးခွန်းကို ပြန်ကောက်ရင်တော့ ဘာရောဂါလက္ခဏာ ရှိတယ် ဆိုရင် တိုင်းမှပဲ သိပါတယ်။ ရောဂါလက္ခဏာက  တိကျမှု မရှိပါဘူး။ သွေးတိုးလိုပဲ လွယ်လွယ်ကူကူ မသတ်မှတ်ဘဲနဲ့ တိုင်းဖို့ လိုပါတယ်။

မဇ္ဈိမ-  ဆရာကြီးခင်ဗျာ။ ဒီသွေးတိုးနဲ့ လေဖြတ်တာ ဆက်စပ်နေတာလား။

Dr. Nay Win- ကျွန်တော်တို့ဘာလို့ သွေးတိုးကုလည်း မေးရင် အရပ်ထဲမှာပြောရင်တော့ သွေးပေါင်ချိန်ကျဖို့ လို့ ပြောမှာပေါ့။ ဇက်ကြောတက်တာတွေ သက်သာဖို့လို့ ပြောမှာပေါ့။ သွေးတိုးဘာလို့ ကုလည်းဆိုရင် သွေးတိုးရဲ့ နောက်ဆက်တွဲတွေ ဖြစ်မလာအောင်လို့ပေါ့။ အဲဒီနောက်ဆက်တွဲတွေက အဓိက သတ်မှတ်ထားတာ လေးခုရှိတယ်။ တစ်ခုက ဦးနှောက်ကိုထိတဲ့   လေဖြတ်ခြင်းဆိုတဲ့ ရောဂါ။ နောက်တစ်ခု နှလုံးသွေးကြောကျဉ်းပြီး နှလုံးသွေးကြော ပိတ်ခြင်းဆိုတဲ့ ရောဂါ။ နောက်တစ်ခုက ကျောက်ကပ်ကို သွေးတိုးကြောင့် ထိပြီး ကျောက်ကပ် ပျက်စီးခြင်းဆိုတာ ရှိတယ်။ နောက်ဆုံးတစ်ခုက မျက်စိမှာ ရှိတဲ့ သွေးကြောတွေကို ထိပြီးတော့ သူကတော့ မျက်စိ သိပ်မကွယ်ပါဘူး။ အဓိက လေးခုထဲမှာ သုံးခုကို ကြောက်လို့။ ကြောက်တော့ သွေးတိုးကို ကုရင် အဲဒါတွေက တကယ်ကာကွယ်သလားဆိုတဲ့ မေးခွန်း ပါလာတော့။ အဖြေက ကာကွယ်တယ်။ ကောင်းကောင်းထိန်းပေးလေလေ အခုနက ဟာတွေ ကာကွယ်ပေးလေလေပဲ ။  ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ လေဖြတ်တယ်ဆိုရင် အကြောင်း တစ်ခုတည်းကြောင့် မဟုတ်ဘူးလေ။ ဝတာ၊ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ ဆီးချိုရှိတာ၊ အဆီများတာ ပေါင်းကုရမှာပေါ့။ ဒါပေမယ့် သွေးတိုးရဲ့ အကျိုးသက်ရောက်မှုဟာ သူ့အပေါ်တော့ သွားပြတယ်။ အလားတူပဲ နှလုံးသွေးကျောပိတ်တာ ဒီပုံစံပဲပေါ့။ အချုပ်ပြောရရင်တော့ ဆက်စပ်မှုရှိလားဆိုရင် သူတို့သည် သွေးတိုးရောဂါရဲ့   နောက်ဆက်တွဲ   ပြဿနာများ ဖြစ်ပါတယ်။ သွေးတိုးရဲ့ နောက်ဆက်တွဲ ဆိုတဲ့ နေရာမှာလည်း သူတိုရဲ့ ဆိုးရွားမှုက ဘယ်မှာလဲဆိုတော့ သွေးပေါင်ချိန် ကောင်းကောင်း ချိန်ခြင်း မချိန်ခြင်း၊ နောက်ပြီး   သွေးပေါင်ချိန်တက်နေတာ ဘယ်လောက်ကြာမြင့်ပြီးလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးတော့ နောက်ဆက်တွဲတွေ ဝင်ခြင်း ဖြစ်ပါတယ်။      ။

Mizzima Weekly