ရခိုင်အရေး ဝေဖန်ချက်တွေအပေါ် ကမ္ဘာကို သက်သေပြမယ့် စီမံကိန်းမှာ ဒေါ်စုကိုယ်တိုင် ဦးဆောင်မယ်

ရခိုင်အရေး ဝေဖန်ချက်တွေအပေါ် ကမ္ဘာကို သက်သေပြမယ့် စီမံကိန်းမှာ ဒေါ်စုကိုယ်တိုင် ဦးဆောင်မယ်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(အောက်တိုဘာ ၁၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ နိုင်ငံတစ်ကာရဲ့ ဝေဖန်၊ စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်အတွင်းက အရေးကိစ္စတွေနဲ့ ပတ်သက်လို့ လက်တွေ့လုပ်ဆောင်ချက်တွေ၊ တိုးတက်မှုရလဒ်တွေနဲ့ ကမ္ဘာကို သက်သေပြဖို့ သူမကိုယ်တိုင် ဦးဆောင်မယ့် စီမံကိန်းတစ်ရပ်ကို လာမယ့်အပတ်ကစတင်ပြီး အကောင်အထည်ဖော်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

“ဝေဖန်ချက်တွေ၊ စွပ်စွဲချက်တွေကို စကားနဲ့ တုံ့ပြန်ချေပနေတာထက် လက်တွေ့ လုပ်ဆောင်ချက်တွေ၊ တိုးတက်မှုရလာဒ်တွေနဲ့ ကမ္ဘာကို ပြသသွားဖို့ ကျွန်မတို့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း” လို့ အမည်ပေးထားတဲ့ အဲ့ဒီ စီမံကိန်းမှာ သူမက ဥက္ကဌအဖြစ် တာဝန်ယူမယ်လို့ အောက်တိုဘာ ၁၂ရက်ညပိုင်းက နိုင်ငံပိုင် မြန်မာရုပ်မြင်သံကြားကတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို အသိပေး ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“တည်ငြိမ်အေးချမ်းတိုးတက်ဖွံ့ဖြိုးတဲ့ ရခိုင်ပြည်နယ်ဖြစ်ပေါ်လာရေးအတွက် လက်တွေ့ တိုးတက်မှု ရလာဒ်တွေနဲ့ ပြသဖို့ ကြိုးပမ်းဆောင်ရွက်မယ့် ဒီစီမံကိန်းမှာ ပြည်သူပြည်သားတွေ၊ ပြည်တွင်း NGO တွေ၊ CSO တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပူးပေါင်းပါဝင်ကြဖို့ အလေးအနက် မေတ္တာရပ်ခံပါတယ်”

“လာမယ့် အပတ်မှစပြီး စီမံကိန်း အကောင်အထည်ဖေါ်တဲ့အခါမှာ ကျွန်မတို့ ပြည်ထောင်စုကြီးတစ်ရပ်လုံးက ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာအားတွေ စုပုံပြီး ထက်ထက်သန်သန်၊ သတ္တိရှိရှိနဲ့ သမိုင်းမှတ်ကျောက်တင်ရလောက်အောင် သန့်ရှင်း၊ မှန်ကန်တဲ့အစွမ်းတွေ ပြကြမယ်လို့ မျှော်လင့်ယုံကြည်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနဲ့ အခုနှစ် ဩဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စီမံကိန်းမှာ အကောင်အထည်ဖော်မယ့် အဓိကလုပ်ငန်းစဉ်ကြီး (၃)ခုကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အဓိကကျတဲ့ အဲ့ဒီ လုပ်ငန်းစဉ် (၃)ခုကတော့ (၁) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနဲ့ ဒုက္ခသည်များ ပြန်လည်လက်ခံရေး၊ (၂) ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး၊ (၃) ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည် ပဋိပက္ခကင်းဝေးရေးတို့ပဲ ဖြစ်ပါတယ်။

ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်ရှိသွားတဲ့သူတွေကို ဘယ်လိုပုံစံနဲ့ ပြန်လည်လက်ခံမလဲဆိုတာကိုတော့ နှစ်ဖက်အစိုးရချင်း ညှိနှိုင်းနေကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် အရေအတွက်ဟာ သိန်းနဲ့ချီပြီး ရှိနေတယ်လို့ ကုလသမဂ္ဂဘက်က ထုတ်ဖော်ပြောကြားထားပါတယ်။

ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး “ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြန်လာမယ့်သူတွေအတွက်သာမက ဒိုင်းနက်၊ မြိုအစရှိတဲ့ ရှားပါးဌာနေ တိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ ရခိုင်တိုင်းရင်းသားတွေအတွက် မူလအနေအထားကို ပြန်လည်ရောက်ရှိအောင်၊ မူလအနေအထားထက် သာလွန်ကောင်းမွန်အောင် ရေရှည်တည်တံ့ခိုင်မြဲမယ့် စီမံကိန်းကို ကျွန်မတို့ အကောင်အထည်ဖေါ် သွားမှာဖြစ်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီပေးဖို့ကမ်းလှမ်းထားတဲ့ နိုင်ငံတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေ၊ World Bank နဲ့ ADB လို ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ Nippon Foundation လို INGO အဖွဲ့အစည်းတွေ၊ မိတ်ဆွေနိုင်ငံတွေ ပါဝင်ကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်လို့လည်း သူမက ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းကသာမက ပြည်ပနိုင်ငံအသီးသီးကို ရောက်ရှိနေကြတဲ့ နိုင်ငံသားတွေအနေနဲ့ ဝန်းရံ၊ ကူညီကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါသေးတယ်။ ပြည်ပနိုင်ငံအသီးသီးကို ရောက်ရှိနေကြတဲ့ နိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေကတစ်ဆင့် ဆက်သွယ်ကူညီနိုင်ဖို့ စီစဉ်ထားမယ်လို့ သူမက ပြောပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly