ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်အရေး ပြည်သူသို့ တင်ပြချက်

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်အရေး ပြည်သူသို့ တင်ပြချက်
(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး)

NLD ဦးဆောင်တဲ့အစိုးရရဲ့ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရခိုင်ပြည်နယ်က အရေးကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ခုနှစ်၊ အောက်တိုဘာ ၁၂ရက်၊ ညပိုင်းမှာ ပြည်သူလူထုကို ၉မိနစ်ကြာ ပြောကြားခဲ့ပါတယ်။ ပြောချက်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

ဦးစွာ ပထမ၊ ကျွန်မတို့နိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ နားလည်မှု အပြည့်အဝနဲ့ စည်းစည်းလုံးလုံး ကျွန်မတို့အစိုးရကို ဝန်းရံပေးတဲ့အတွက်၊ အင်မတန်မှ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ပြည်သူရဲ့ ထောက်ခံမှု၊ ပြည်သူရဲ့ ယုံကြည်မှု၊ ပြည်သူရဲ့ ညီညွှတ်မှုနဲ့ နှိုင်းယှဉ်နိုင်တဲ့ ဘာအင်အား မှမရှိပါဘူး။ ဘယ်လိုအခက်အခဲတွေနဲ့ပဲ ကြုံတွေ့ရပါစေ၊ ပြည်သူရဲ့ ညီညွှတ်မှုအင်အားနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။

ကျွန်မတို့ပြည်သူတွေသိတဲ့ အတိုင်းပါပဲ၊ယခင်နှစ် အောက်တိုဘာလမှာ ရခိုင်ပြည်နယ် ရဲစခန်းများ အတိုက်အခိုက်ခံရမှုမှ စတင်ခဲ့ပြီး၊ ယခုနှစ် သြဂုတ်လတွင် ထပ်မံဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ဆက်လက် ကြီးထွားလာရတဲ့ ပြဿနာများအပေါ် ကမ္ဘာ့အာရုံစိုက်မှုဟာ အင်မတန်မှ ကြီးမားပါတယ်။ ကျွန်မတို့ နိုင်ငံအပေါ် ဝေဖန်မှုတွေလည်း များပြားပါတယ်။ နိုင်ငံတကာရဲ့ အမြင်သဘောထားတွေကို ကျွန်မတို့ သိရှိနားလည်ဖို့ လိုပါတယ်။ သို့သော်လည်း ကျွန်မတို့နိုင်ငံရဲ့ အ‌ခြေအနေကို ကျွန်မတို့ ပြည်သူပြည်သားများလောက် ဘယ်သူကမှ မသိနိုင်သလို၊ ကျွန်မတို့နိုင်ငံ အေးချမ်းသာယာဖွံ့ဖြိုးရေးကို ကျွန်မတို့ ပြည်သူပြည်သားများလောက် ဘယ်သူကမှ မလိုလားနိုင်ပါဘူး။ ဒါ့ကြောင့် ဒီပြဿနာတွေကို ကျွန်မတို့တွေရဲ့ စု‌ပေါင်းအင်အားတွေကို အဓိကထားပြီး ဖြေရှင်းရမှာဖြစ်ပါတယ်။

ဒီအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ လုပ်စရာရှိတာတွေကို၊ ကိုယ်လုပ်သင့်တာတွေကို မှန်မှန်ကန်ကန် ရဲရဲတင်းတင်း ထိထိရောက်ရောက် လုပ်ကိုင်နေဖို့ အရေးကြီးပါတယ်။ ကျွန်မတို့ လုပ်မယ်လို့ပြောထားတဲ့ လုပ်ငန်းတွေ၊ ကျွန်မတို့ လုပ်သင့်တယ်လို့ ခံယူထားတဲ့လုပ်ငန်းတွေကို တိုးတက်အောင်မြင်ဖို့ ကျွန်မတို့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဝေဖန်ချက်တွေ၊ စွပ်စွဲချက်တွေကို စကားနဲ့ တုံ့ပြန်ချေပနေတာထက် လက်တွေ့ လုပ်ဆောင်ချက်တွေ၊ တိုးတက်မှုရလာဒ်တွေနဲ့ ကမ္ဘာ့ကို ပြသသွားဖို့ ကျွန်မတို့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ ကတော့ အများကြီးဖြစ်ပါတယ်။ ဦးစားပေးလုပ်ငန်းစဉ်တွေ ပြန်ပြီး စိစစ်လိုက်မယ်ဆိုရင် အဓိက လုပ်ငန်းစဉ်ကြီး (၃) ခု ရှိနေပါတယ် -
(၁) ပထမကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနဲ့ ဒုက္ခသည်များ ပြန်လည်လက်ခံရေး ဖြစ်ပါတယ်။
(၂) ဒုတိယကတော့ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး ဖြစ်ပါတယ်။
(၃) တတိယကတော့ ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည် ပဋိပက္ခကင်းဝေးရေးတို့ပဲ ဖြစ်ပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထိထိရောက်ရောက် ပေးအပ်နိုင်ဖို့ လက်ရှိ အနေအထားကို ထပ်မံမြှင့်တင်ပြီး ဆောင်ရွက်ဖို့လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိသွားတဲ့သူတွေ ပြန်လည် လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကျွန်မတို့ ညှိနှိုင်းနေပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ကျွန်မတို့ နှစ်နိုင်ငံအကြား ညှိနှိုင်းပြီး လက်ခံရေးဆောင်ရွက်ခဲ့တာ (၂)ကြိမ်တိုင်တိုင် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီအစဉ်အလာကောင်းတွေကို အခြေခံပြီး တတိယအကြိမ်မြောက် ပူးပေါင်းဆောင်ရွက်မှု အောင်မြင်အောင်လို့ ကျွန်မတို့ ကြိုးပမ်းနေပါတယ်။
ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြန်လာမယ့်သူတွေ အတွက်သာမက ဒိုင်းနက်၊ မြိုအစရှိတဲ့ ရှားပါးဌာနေ တိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ ရခိုင်တိုင်းရင်းသားတွေအတွက် မူလအနေအထားကို ပြန်လည်ရောက်ရှိအောင်၊ မူလအနေအထားထက် သာလွန်ကောင်းမွန်အောင် ရေရှည်တည်တံ့ခိုင်မြဲမယ့် စီမံကိန်းကို ကျွန်မတို့ အကောင်အထည်ဖေါ် သွားမှာဖြစ်ပါတယ်။ နောင်အစဉ်အဆက် ပဋိပက္ခတွေ ကင်းဝေးစေဖို့အတွက် ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည် ပဋိပက္ခ ကင်းဝေးရေးကိုလည်း ရေရှည်စီမံကိန်းတွေနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ဒီလုပ်ငန်းစဉ် တစ်ခုချင်းစီမှာ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ အများအပြား ရှိနေပါတယ်။ ပြည်တွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ NGO တွေ၊ CSO တွေနဲ့ ပြည်သူတွေက တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်ပေးဖို့ တင်ပြထားတာတွေလည်း ရှိနေပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ဆန္ဒပြုထားကြပါတယ်။ ပြည်ထောင်စုနိုင်ငံတော်အရေးဖြစ်လို့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်/တိုင်းအစိုးရအဖွဲ့တွေ အနေနဲ့ ဦးဆောင်တာဝန်ယူရမှာဖြစ်သလို၊ စိတ်ရင်းစေတနာအမှန်နဲ့ ပူးပေါင်းပါဝင်ဖို့ ပြည်တွင်း၊ ပြည်ပက ကမ်းလှမ်းချက်တွေကိုလည်း အလေးအနက်ထား စဉ်းစားသုံးသပ်ရပါလိမ့်မယ်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ကဏ္ဍစုံ လုပ်ငန်းစဉ်တွေမှာ နိုင်ငံတော်အစိုးရ၊ ပြည်သူပြည်သားများ၊ ပုဂ္ဂလိကကဏ္ဍ၊ ပြည်တွင်း NGO နဲ့ CSO များ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ INGO များ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ယန္တရားတစ်ရပ် ဖော်ဆောင်ရေး လိုအပ်ပါတယ်။

ဒီယန္တရားကို ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine) လို့ အမည် ပေးထားပြီး နိုင်ငံတော်အစိုးရနဲ့အတူ ပြည်တွင်း/ပြည်ပနိုင်ငံ အဖွဲ့အစည်းစုံ ပါဝင်နိုင်မှု၊ ကဏ္ဍစုံ/အလွှာစုံပါဝင်နိုင်မှု၊ လုပ်ငန်းမျိုးစုံ ဆောင်ရွက်နိုင်မှုတို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhineမှာ နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်မ(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်)က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူမှာဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒေါက်တာဝင်းမြတ်အေးဟာ Dr. Kofi Annan ကော်မရှင်၏ အကြံပြုချက်များ အကောင်အထည်ဖေါ်ရေးကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့အလျောက်၊ ရခိုင်ပြည်နယ် အတွက် ရေတို၊ ရေရှည်လိုအပ်ချက် လုပ်ငန်းပေါင်းစုံကို ဆက်နွှယ်၍ ထိရောက်စွာ ကျွန်မတို့တွေအတူ ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။

တည်ငြိမ်အေးချမ်းတိုးတက်ဖွံ့ဖြိုးတဲ့ ရခိုင်ပြည်နယ်ဖြစ်ပေါ်လာရေးအတွက် လက်တွေ့ တိုးတက်မှု ရလာဒ်တွေနဲ့ ပြသဖို့ ကြိုးပမ်းဆောင်ရွက်မယ့် ဒီစီမံကိန်းမှာ ပြည်သူပြည်သားတွေ၊ ပြည်တွင်း NGO တွေ၊ CSO တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ပူးပေါင်းပါဝင်ကြဖို့ အလေးအနက် မေတ္တာရပ်ခံပါတယ်။ လာမယ့် အပတ်မှစပြီး စီမံကိန်း အကောင်အထည်ဖေါ်တဲ့အခါမှာ ကျွန်မတို့ ပြည်ထောင်စုကြီးတစ်ရပ်လုံးက ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာအားတွေ စုပုံပြီး ထက်ထက်သန်သန်၊ သတ္တိရှိရှိနဲ့ သမိုင်းမှတ်ကျောက်တင်ရလောက်အောင် သန့်ရှင်း၊ မှန်ကန်တဲ့အစွမ်းတွေ ပြကြမယ်လို့ မျှော်လင့်ယုံကြည်ပါတယ်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီပေးဖို့ကမ်းလှမ်းထားတဲ့ နိုင်ငံတွေ၊ ကုလသမဂ္ဂအေဂျင်စီတွေ၊ World Bank နဲ့ ADB လို ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ Nippon Foundation လို INGO အဖွဲ့အစည်းတွေ၊ မိတ်ဆွေနိုင်ငံတွေ ပါဝင်ကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

ကျွန်မတို့ အဓိက အားကိုးနေတာကတော့ ကျွန်မတို့ ပြည်ထောင်စုရဲ့သားသမီးတွေပါပဲ။ ပြည်တွင်းကသာမက၊ ကမ္ဘာ့ဘယ်အရပ်ကိုပဲ ရောက်ရှိနေပါစေ၊ မိခင်နိုင်ငံအပေါ်မှာ မေတ္တာ၊ သစ္စာ စောင့်စည်းကာ၊ စိတ်ကောင်း စေတနာစစ်နဲ့ ဝန်းရံ ကူညီကြလိမ့်မယ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟာ ရုပ်ပိုင်းဆိုင်ရာအရ အင်အား မကြီးပေမယ့်၊ စိတ်အင်အားတွေစုစည်းပြီး အောင်မြင်မှု ရယူနိုင်လိမ့်မယ်ဆိုတာကို သံသယမရှိပါဘူး။ ကျွန်မတို့ ပြည်သူပြည်သားများဟာ သဒ္ဒါတရားထက်သန်စွာနဲ့ လှူဒါန်းပေးကမ်းရာမှာတော့ ကမ္ဘာ့နံပတ်(၁) လို့တောင် သတ်မှတ်ခြင်း ခံရပါတယ်။ ဒီသဒ္ဒါစိတ်တွေကို စည်းစနစ်နဲ့ သေချာစွာ ပြည်ထောင်စုအကျိုးအတွက် ကျွန်မတို့တွေ သုံးစွဲသွားကြရမှာပါ။

ကျွန်မတို့ ပြည်ထောင်စုကြီး အေးချမ်းသာယာ၊ တိုးတက်ဖွံ့ဖြိုးစေဖို့ အကြီးမားဆုံး အင်အားဖြစ်တဲ့ ပြည်သူတွေဟာ၊ဘယ်လိုပဲ ဒေါသတွေ၊ အမုန်းတရားတွေ၊ အနိုင်ကျင့်မှုတွေနဲ့ ရင်ဆိုင်နေရပါစေ၊ မေတ္တာ၊ ဂရုဏာ၊ မုဒိတာကို စွဲစွဲမြဲမြဲကိုင်ပြီး၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မှာပါ။ ကျွန်မတို့တွေဟာ နိုင်ငံရဲ့ ပထဝီဒေသ တစ်နေရာအတွက်သာ လုပ်နေတာမဟုတ်၊ ပြည်ထောင်စုတစ်ခုလုံးအတွက် လုပ်နေတာဆိုတဲ့ စိတ်ဓါတ်နဲ့ “ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း” အောင်မြင်ဖို့အတွက် ခိုင်မြဲစွာ လက်တွဲပြီး လုပ်သွားကြပါစို့။

ဘယ်လိုနည်းနဲ့ ကူညီနိုင်မယ်၊ ဘယ်လိုဆက်သွယ်ပြီး လုပ်ဆောင်နိုင်မယ်ဆိုတာကို Websiteနဲ့ တကွ၊ နိုင်ငံတော်သတင်းမီဒီယာတွေမှာ အောက်တိုဘာလ (၁၅)ရက်၊ တနင်္ဂနွေနေ့မှာ စတင်ပြီး ကြေညာပါမယ်။ ကမ္ဘာ့တဝှမ်း ရောက်ရှိနေကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့သား၊သမီးများနဲ့ ကျွန်မတို့ နိုင်ငံတော်အပေါ် စေတနာထားသော မိတ်ဆွေများအနေနဲ့ အနီးဆုံး မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် ပါဝင်ကူညီနိုင်ရန်လည်း စီစဉ်ပါမယ်။

နိုင်ငံရဲ့အင်အား၊ ကျွန်မတို့ရဲ့ ယုံကြည်အားထားရာဖြစ်တဲ့ ပြည်သူ၊ ပြည်သားအားလုံး ကျန်းမာ၊ ချမ်းသာကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေလို့ ထပ်မံ ဆုတောင်းလိုက်ပါတယ်။ ကောင်းကျိုးလိုရာ ဆန္ဒများနဲ့လည်း ပြည့်ကြပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly