ရပ်ကွက်အတွင်း တစ်လအထက်နေထိုင်သူများ အုပ်ချုပ်ရေးမှူးကို အသိပေးရမည်

ရပ်ကွက်အတွင်း တစ်လအထက်နေထိုင်သူများ အုပ်ချုပ်ရေးမှူးကို အသိပေးရမည်

ရန်ကုန်၊အောက်တိုဘာ၁၂ ။          ။ ဧည့်စာရင်းတိုင်ကြားခြင်းနှင့် ပတ်သက်သည့် ဥပဒေကို လွှတ်တော်တွင် ပြင်ဆင်ဖျက်သိမ်းခဲ့သော်လည်း ရပ်ကွက်အတွင်း (၁)လအထက် နေထိုင်သူများအနေဖြင့် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက် အကြောင်းကြားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောသည်။

ယနေ့အောက်တိုဘာ(၁၂)ရက်၊ ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့၌ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၏ အမေးကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

"ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအတွင်း တစ်လနှင့်အထက်ကျော်လွန်နေထိုင်သည့် ဧည့်သည်များရှိမယ်ဆိုရင် မှတ်တမ်းထားရှိရန်အတွက် သတ်မှတ်နည်းလမ်းနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူထံ အသိပေးအကြောင်းကြားရမယ်လို့ အစားထိုး ပြဌာန်းခဲ့ပြီးဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ဖြေသည်။

ပြည်သူများအကြားတွင် ဧည့်စာရင်းနှင့် ပတ်သက်ပြီး ဝေခွဲရခက်နေသည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက မေးခွန်းမေးစဉ် ဆွေးနွေးပြောကြားခဲ့သည်။

"ယခုဒုတိယအကြိမ်လွှတ်တော်တွင် ဧည့်စာရင်းတိုင်ကြားခြင်းကို ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ် အဆိုပါဥပဒေပျက်ပြယ်သွားသော်လည်း အထက်မှညွှန်ကြားချက်များ ပေးပို့လာခြင်း မရှိသေးတဲ့အတွက် တိုင်ရင်လည်းရတယ် မတိုင်ရင်လည်း ရတယ်ဆိုတာမျိုး ဖြစ်ပေါ်နေပါတယ်"ဟု ဦးလှဌေးက ပြောသည်။

ရပ်ကွက်အတွင်း သန်းခေါင်စာရင်းတိုင်ကြားသည့် ဥပဒေများ၊ နေထိုင်သူ၏ဝတ္တရားတာဝန်များ၊ အုပ်ချုပ်ရေးမှု၏ တာဝန်များ စသည်တို့ကို ပြင်ဆင်ပြဌာန်းပြီးဖြစ်၍ ရပ်ကွက်အတွင်း လာရောက်နေထိုင်သည့် ဧည့်သည်များအတွက် သန်းခေါင်စာရင်းတိုင်ကြားရန် မလိုအပ်ကြောင်း လုံခြုံရေးနှင့်နယ်စပ်ဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောသည်။

သို့သော် ပြင်ဆင်လိုက်သည့် ဥပဒေများအရ လုံခြုံရေးအခြေအနေ၊ တရားဥပဒေကိစ္စ၊ လူစိမ်းများဝင်ရောက်မှု၊ အိမ်ထောင်စုလူစာရင်းပြည့်စုံစွာသိရှိနိုင်ရန်အတွက် တစ်လနှင့် အထက်နေထိုင်သည့် ဧည့်သည်ကို အုပ်ချုပ်ရေးမှူးထံ အသိပေးအကြောင်းကြားရမည်ဖြစ်သည်။

အိမ်ငှားနေထိုင်သူများကို အသိပေးအကြောင်းကြားရန်အတွက် အိမ်ရှင်ကိုယ်တိုင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ဆောင်ရွက်သင့်သည်ဟု ဆိုသည်။

ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအခန်း(၇)မှ အုပ်မှူးများ၏လုပ်ငန်းတာဝန်များပုဒ်မ(၁၃) ပုဒ်မခွဲ(ဆ) ဧည့်စာရင်းစစ်ဆေးရန်ကို ပယ်ဖျက်ခဲ့ပြီး ၂၀၁၂ခုနှစ် ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေအခန်း(၉) နေထိုင်သူ၏တာဝန်ဝတ္တရားများပုဒ်မ(၁၇) ဧည့်စာရင်းတိုင်ကြားရန်ကို လွှတ်တော်မှ ပြန်လည်ပြင်ဆင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly