အောက်တိုဘာ ၁၂ ။ ။ ရန်ဘက် ပါလက်စတိုင်းအဖွဲ့တွေဖြစ်တဲ့ ဟာမားစ်နဲ့ ဖာတာ တို့အကြား ဆယ်စုနှစ်ကြာ ကွဲလွဲမှုတွေကို အဆုံးသတ်ရေး သဘောတူညီချက်တစ်ရပ် အောက်တိုဘာ ၁၂ ရက်မှာ ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။
ကိုင်ရိုမြို့မှာ အီဂျစ်တို့ ကြားဝင်စေ့စပ်ပေးတဲ့ ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပြီးနောက် ယခုလို ပါလက်စတိုင်း ပြန်လည်ရင်ကြားစေ့ရေးသဘောတူညီချက်ကို ရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ယင်းအပြင် ဒါဟာ နောက်ဆုံးပိတ် သဘောတူညီချက်လည်း ဖြစ်တယ်လို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ခေါင်းဆောင် မာမွတ် အာဘတ်စ်က ပြောပါတယ်။
သဘောတူညီချက် အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ရသေးခြင်းမရှိသေးဘဲ အောက်တိုဘာ ၁၂ ရက်မှာပဲ အီဂျစ် မြို့တော် မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပဖို့ စီစဉ်ထားပါတယ်။
ယခုရရှိခဲ့တဲ့ သဘောတူညီချက်နဲ့အတူ နောက်ဆုံးမှာတော့ ကွဲလွဲမှုတွေကို အဆုံးသတ်လိုက်နိုင်ပြီလို့ ယုံကြည်ထားကြောင်း မာမွတ်အာဘတ်စ်က ပြောပါတယ်။
ဒါ့အပြင် အီဂျစ်တို့ရဲ့ စေ့စပ်မှုအောက်မှာ ဟားမားစ်နဲ့ ဖာတာတို့အကြား သဘောတူညီချက် ရခဲ့ပြီ ဖြစ်ကြောင်း ဟားမားစ် ခေါင်းဆောင် အစ္စမေးလ် ဟာနီယာရဲ့ ရုံးက ထုတ်ပြန်ကြေညာပါတယ်။
အလားတူ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ခေါင်းဆောင် အနေနဲ့ တစ်လအတွင်း ဂါဇာကမ်းမြှောင်ဒေသကို သွားရောက်ဖို့ စီစဉ်ထားကြောင်းလည်း မာမွတ်အာဘတ်စ်ရဲ့ ဖာတာ လှုပ်ရှားမှုအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဟားမားစ်တို့ ထိန်းချုပ်ထားတဲ့ ဂါဇာအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို မကြာမီ ဖြေလျှော့ပေးတော့မှာဖြစ်တယ်လို့ ဖာတာအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသွားပါတယ်။