တောင်းရမ်းစားသောက်သူများကို စည်ပင်နှင့် ပူးပေါင်းထိမ်းသိမ်းနေ

တောင်းရမ်းစားသောက်သူများကို စည်ပင်နှင့် ပူးပေါင်းထိမ်းသိမ်းနေ

ရန်ကုန်၊အောက်တိုဘာ၁၂ ။            ။ ရန်ကုန်မြို့လမ်းများထက်တွင် တောင်းရမ်းစားသောက်နေသူများကို အင်းအား(၆)ဦးပါဝင်သော အခြေအနေမဲ့ ထိမ်းသိမ်းစောင့်ရှောင့်ရေးအဖွဲ့က စည်ပင်သာယာရေးနှင့် ပူးပေါင်းကာ ထိမ်းသိမ်းရေးဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောသည်။

လမ်းပေါ်တွင် တောင်းရမ်းစားသောက်သူများနှင့် ပတ်သတ်၍ မည်ကဲ့သို့ဆောင်ရွက်မည်၊ မည်သူထံတွင် တာဝန်ရှိသနည်း ဆိုသော မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၏ မေးမြန်းချက်ကို ယနေ့အောက်တိုဘာ(၁၂)ရက်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

"အဲဒီမှာ အရွယ်မရောက်သေးတဲ့ ရင်ခွင်ပိုက်ကလေးတွေ စာသင်အရွယ် ကလေးသူငယ်တွေ သက်ကြီးရွယ်အိုတွေ တောင်းရမ်းစားသောက်နေခြင်းကို လုံခြုံရေးနဲ့ စည်းကမ်းထိမ်းသိမ်းရေးဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ အခြေအနေမဲ့ ထိမ်းသိမ်းစောင့်ရှောင့်ရေး အဖွဲ့ကနေ အင်အား+၁+၅ နဲ့ သက်ဆိုင်ရာမြို့နယ် စီပင်သာယာရေးအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ နေ့စဉ်လှည့်လည် ထိမ်းသိမ်းနေပါတယ်"ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။

အရွယ်မရောက်သေးသည့် ရင်ခွင်ပိုက်ကလေးငယ်များနှင့် မိခင်များကို ဝါးနက်ချောင်း လူမှုစောင့်ရှောက်ရေးဌာနကို ပို့ဆောင်ထားကြောင်း ဦးမောင်မောင်စိုးက ဆက်ပြောသည်။

လမ်းပေါ်၌ တောင်းရမ်းစားသောက်သူများကို ထိမ်းသိမ်းရာတွင် ၂၀၁၇ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ စက်တင်ဘာလ (၅)ရက်နေ့အထိ စုစုပေါင်း(၉၆၄)ဦးကို ထိမ်းသိမ်းထားခဲ့ပြီးဖြစ်သည်။

ထိမ်းသိမ်းမှုဆောင်ရွက်ရာ၌ (၅)နှစ်အောက်ကလေးငယ်များအားကို ရွှေဂုံတိုင်မြို့နယ်ရှိ ကလေးပြုစုရေးဌာနသို့ ပို့ဆောင်ရပြီး ယခုနှစ်အတွင်း ယောက်ကျားလေးတစ်ဦး ပို့ဆောင်ထားပြီး ဖြစ်သည်။

(၆)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကလေးများကို သန်လျင်မြို့နယ်ရှိ လူငယ်သင်တန်းကျောင်း၌ ထိမ်းသိမ်းလျက်ရှိပြီး ယခုနှစ်အတွင်း ကျား(၅၁)ဦးပို့ဆောင်ထားသည်။(၁၃)နှစ်မှ (၁၆)နှစ်အထိ ကလေးများကို ငှက်အော်စန်း လူငယ်သင်တန်းကျောင်းတွင် ထားရှိပြီး ကျား(၃၂)ဦး ပို့ဆောင်ထားသည်။

(၆)နှစ်မှ (၁၆)နှစ်အထိရှိ မိန်းကလေးများကို ထောက်ကြန့်မြို့နယ်ရှိ အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် ထားရှိကာ ယခုနှစ်အတွင်း ၁၀ဦးပို့ဆောင်ထားသည်။

(၁၇)နှစ်နှင့် အထက်အသက်အရွယ်ရှိ သူများကို ဝါးနက်ချောင်း လူမှုစောင့်ရှောက်ရေးဌာနသို့ ပို့ဆောင်လျက်ရှိရာ ကျား(၄၃၆)ဦး၊ မ(၃၁၆)ဦး ယခုနှစ်၌ ထိမ်းသိမ်းထားသည်။

အဆိုပါဌာန အနေဖြင့် စာသင်အရွယ်ကလေးများကို မိဘအုပ်ထိမ်းသူထံ ခံဝင်ချက်ဖြင့် ပြန်လည်အပ်နှံလျက်ရှိသည်။

ထိုနေရာများမှ ကလေးငယ်ကိုပြန်လည်ခေါ်ဆောင်လိုသည့် မိဘ၊ အုပ်ထိမ်းသူအနေဖြင့် ရပ်ကွက်ထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်နှင့် အိမ်ထောင်စုဇယားမိတ္တုတို့ပါရှိမှသာ ထုတ်ယူနိုင်မည်ဖြစ်သည်။

မိဘ ခံဝင်ချက်ဖြင့်  ကျား(၁၀၅)ဦးနှင့် မ(၁၃)ဦးကို ယခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ စက်တင်ဘာလ(၅)ရက်နေ့အထိ ပြန်လည်အပ်နှံပေးနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly