တိုင်းရင်း သားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်သို့သွားရောက်

တိုင်းရင်း သားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စားလှယ်များ ရခိုင်ပြည်နယ်သို့သွားရောက်
ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်ခံရသည့် ဒေသခံများအားတွေ့ဆုံရန် UNA အဖွဲ့ ရန်ကုန် လေဆိပ်မှ စစ်တွေ သို့ ထွက်ခွာ။ ဓာတ်ပုံ-United Nationalities Alliance

ရန်ကုန်၊ အောက်တိုဘာ ၁၂ ။           ။ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် ရခိုင်ပြည်နယ်မောင်တောဒေသခံများကို အားပေးနှစ်သိမ့်ရန် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ ခုဖြင့် ဖွဲ့စည်းထားသည့်  “ စည်းလုံးညီညွတ်သော တိုင်းရင်း သားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)  ကိုယ်စား လှယ် အဖွဲ့သည် ယနေ့ (အောက်တိုဘာ ၁၂ ရက်) မှစတင်ကာ ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဂင့်ကမ်းလျန်ကပြောသည်။

အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် မောင်တောဒေသသို့အဓိကသွားရောက်ပြီး ရခိုင်ဒေသခံများကို သွားရောက်အားပေးမည်ဖြစ်ကာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်လည်း   တွေ့ဆုံသွားရန်ရှိကြောင်းသိရသည်။

“ သွားတာကတော့ ရခိုင်ပြည်မှာဖြစ်တာကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့မယ်။ ဟိုမှာ ဒုက္ခရောက်နေတဲ့လူထုတွေကိုအားပေးနှစ်သိမ့်ဖို့ ဒါအဓိကထား သွားတာပါ။ နှစ်ရက် သုံးရက်တော့ကြာမှာပဲ။ အဓိကတော့ မောင်တောပဲအဓိကဦးတည်သွားမှာဖြစ်ပါတယ် “ဟုဦးဂင့်ကမ်းလျန်ကဆိုသည်။

လတ်တလောတွင် အားပေးနှစ်သိမ့်ရန်နှင့် လေ့လာရန်အတွက်သွားရောက်ခြင်းဖြစ်ပြီး ခရီးစဉ်ပြီးဆုံးပါက အစည်းအဝေးထိုင်ကာ မည်ကဲ့သို့ကူညီမည်၊ မည်ကဲ့သို့သဘောထားရှိသည်များကို ထုတ်ပြန်ကြေငြာရန်ရှိကြောင်းလည်းသိရသည်။

အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် (ARSA)အဖွဲ့ကို ကို ပြင်းထန်စွာ ရှုတ်ချကြောင်း UNA က သြဂုတ် ၂၉ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့ဖူးသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ ခုပါဝင်သည့် UNA အဖွဲ့တွင် ရခိုင်ဒေသခံပါတီများဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊  ရခိုင်မျိုးချစ်ပါတီ (APP)၊ မြိုအမျိုးသားဒီမိုကရေစီပါတီ (MNDP) တို့လည်းပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly