ထွက်ပြေးသူများကို ပြန်လက်ခံမည့် အချိန် ဘင်္ဂလားဒေ့ရှ်နှင့် ဆွေးနွေးမှုအပေါ်တွင် မူတည်နေ

ထွက်ပြေးသူများကို ပြန်လက်ခံမည့် အချိန် ဘင်္ဂလားဒေ့ရှ်နှင့် ဆွေးနွေးမှုအပေါ်တွင် မူတည်နေ

ရန်ကုန်။ အောက်တိုဘာ ၁၂ ။          ။ အကြမ်းဖက်တိုက်ခိုက်မှုများ၏နောက်ဆက်တွဲအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသည့် ဘင်္ဂါလီများကို ပြန်လက်ခံမည့်အချိန်မှာ စီစစ်ရေးအခြေအနေများအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဆွေးနွေးမှုအပေါ်တွင်မူတည်နေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုလိုက်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး Mr. Scot Alan Marciel အား ရန်ကုန်မြို့၊ ကုန်းမြင့်သာရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ (အောက်တိုဘာ ၁၂ ရက်) လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသူများကို ၁၉၉၃ ခုနှစ်က ဘင်္ဂလားဒေ့နိုင်ငံနှင့် နှစ်နိုင်ငံသဘော တူညီမှုများအရ ပြန်လည်လက်ခံသွားမည့်အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိနေကြောင်းလည်း တပ်မတော်ကာကွယ်ရေကးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအား နိုင်ငံသားစိစစ်ရန်လုပ်ဆောင်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် ဘင်္ဂါလီမဟုတ်ဘဲ ရိုဟင်ဂျာများဖြစ်ကြောင်း ပြောကြား၍ စာရင်းစိစစ်မှုကို လက်မခံခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုသည်။

ထိုသို့စာရင်းစိစစ်မှုအား လက်မခံခြင်းမှာ တရားမဝင်မွေးဖွားသူနှင့် ရောက်ရှိသူများစွာ ရှိနေ၍ဖြစ်သည်ဟု အစိုးရဘက်မှထုတ်ပြန်သည်။

ထို့ကြောင့် နိုင်ငံသားများအတွက် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ ပေးရမည့်အခွင့်အရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးရမည့် နိုင်ငံသားအခွင့်အရေးများရှိပြီးဖြစ်၍ ဘင်္ဂါလီများကိုသာမကဘဲ မြန်မာနိုင်ငံနှင့်ထိစပ်နေသည့် နိုင်ငံအားလုံးနှင့် ဆက်စပ်၍ မိမိနိုင်ငံအတွင်း စစ်ဆေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

အမေရိကန်သံအမတ်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူ ၅ သိန်းကျော် ထွက်ပြေးခဲ့မှုအပေါ် ဒေသအတွင်းသာမက နိုင်ငံတကာကပါ စိုးရိမ်မှုများရှိပြီး မြန်မာနိုင်ငံအပေါ် ဖိအားများစွာရှိသောကြောင့် ပြန်လည်လက်ခံမည့် အခြေအနေကိုလည်း သိရှိလိုကြောင်းဆွေးနွေးပြောကြားသောကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် အကြမ်းဖက်မှုတွင် အကြမ်းဖက်ဘင်္ဂါလီအင်အား ၄၀၀၀ ခန့်ရှိသည်ဟု ဖော်ထုတ်သိထားကာ အောက်တိုဘာ ၈ ရက်အထိ စိစစ်ဖော်ထုတ်မှုအရ အင်အား ၁၇၈၅ ဦးကို နာမည်နှင့်ရွာအမည်များအား စာရင်းရရှိထားကြောင်း တပ်မတော်ဘက်မှ ထုတ်ပြန်ထားသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီးနှင့်အတူ စစ်သံမှူး Colonel Craig Tippins  နှင့် တာဝန်ရှိသူတို့တက်ရောက်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly