နိုင်ရိုဘီမြို့တွင် ဆန္ဒပြသူများနှင့် ကင်ညာရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံပြီး အဓိကရုဏ်းဖြစ်ပွား

နိုင်ရိုဘီမြို့တွင် ဆန္ဒပြသူများနှင့် ကင်ညာရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံပြီး အဓိကရုဏ်းဖြစ်ပွား

 

နိုင်ရိုဘီ၊ ကင်ညာ၊ အောက်တိုဘာ ၁၂ ။               ။ ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမြို့တွင် ဗုဒ္ဓဟူးနေ့၌ အတိုက်အခံအဖွဲ့မှ ဦးစီးပြုလုပ်ခဲ့သော ချီတက်ဆန္ဒပြမှု အတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံရာမှ အချင်းများခဲ့ပြီး အဓိကရုဏ်းဖြစ်ပွားခဲ့သည်။

ကင်ညာနိုင်ငံ၏ အဓိကအင်အားကြီး အတိုက်အခံပါတီဖြစ်သော NASA သည် ၎င်းတို့၏ခေါင်းဆောင် ရီလာအို ဒင်ဂါက အောက်တိုဘာလ ၂၆ ရက်နေ့၌ ပြန်လည်ကျင်းပရန်စီစဉ်ထားသော သမ္မတရွေးကောက်ပွဲကို ဆန့်ကျင် ကြရန် တောင်းဆိုခဲ့ပြီးနောက်တွင် ယခုလိုချီတက်ဆန္ဒပြကြရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

လူရာပေါင်းများစွာခန့် ပါဝင်သောလူအုပ်ကြီးသည် အူဟူရူပန်းခြံ၌ စုရုံးခဲ့ကြပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းပေးရန် တောင်းဆိုခဲ့ကြသည်။

ကင်ညာ၏ နိုင်ငံတော်တရားရုံးချုပ်က သြဂုတ်လ ၉ ရက်နေ့၌ ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့သည် မဲရေတွက်ရာ၌ မသမာမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲပြောဆို ခဲ့သောကြောင့် အတိုက်အခံအဖွဲ့က ယခုလိုဆန္ဒပြနေခြင်းဖြစ်သည်။

နိုင်ရိုဘီမြို့၏ ပင်မလမ်းမကြီးကို ဖြတ်သန်းသွားချိန်၌ မျက်ရည်ယိုဗုံးများအသုံးပြု၍ ၎င်းတို့ကိုဖြိုခွင်းရန် ကြိုးပမ်း ခဲ့သော အဓိကရုဏ်းနှိမ်နင်းရေးရဲများကို ဆန္ဒပြသူလူအုပ်ကြီးက ကျောက်တုံးများနှင့် ပြန်လည်ပစ်ပေါက်ကာ တုံ့ပြန်ခဲ့ကြသည်။

အတိုက်အခံများ၏ အမာခံနယ်မြေဖြစ်သော ကစ်ဆူမူမြို့၌ ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင်လည်း  ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူတို့ ထိပ်တိုက်တွေ့ဆုံခဲ့ရာမှ အချင်းများပြီး အဓိကရုဏ်းဖြစ်ပွားခဲ့သည်။

NASA ပါတီသည် ပြန်လည်ကျင်းပရန် စီစဉ်ထားသော သမ္မတရွေးကောက်ပွဲမပြုလုပ်မီတွင် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တို့၌ ဆန္ဒပြမှုများ ပြုလုပ်သွားကြရန် လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်ခန့် ကတည်းက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly