သြဂုတ် ၁၆၊ မန်ချက်စတာ။ ။ မန်ယူဂိုးသမားဒီဂီယာသည် သောကြာနေ့က အက်စတွန်ဗီလာကို ၁-၀ ဂိုးဖြင့်အနိုင်ရသည့်ပွဲ၌ ချန်လှပ်ခံခဲ့ရသော်လည်း စနေနေ့တွင် မန်ယူ ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်သည်။
ဒီဂီယာသည် အက်စတွန်ဗီလာအသင်းနှင့်ပွဲတွင် မပါဝင်သောအခြားကစားသမားများနှင့်အတူ စနေမနက်ပိုင်းတွင် လေ့ကျင့်ရေးကွင်းသို့ ရောက်လာခဲ့ပြီး ကျန်အသင်းသားများနှင့်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။
အသက် ၂၄ နှစ်ရှိ စပိန်ဂိုးသမားသည် အခြားဂိုးသမားများဖြစ်သော လင်ဒီဂတ်၊ ဂျွန်စတုန်း၊ ရိုမီယိုတို့နှင့်အတူ အလှည့်ကျလေ့ကျင့်ခန်းများပြု လုပ်ခဲ့သည်။
ဒီဂီယာအနေဖြင့် ရီးယဲလ်မက်ဒရစ်သို့ ဖြစ်နိုင်ဖွယ်အပြောင်းအရွှေ့အတွက် ညှိနှိုင်းနေချိန်တွင် သောကြာနေ့က ကစားခဲ့သောပွဲတွင် ပါဝင်လို ခြင်းမရှိခဲ့ဟု မန်ယူနည်းပြ ဗန်ဟားလ်က ပြောဆိုထားသည်။
ဒီဂီယာ၏ကိုယ်စားလှယ်များကမူ အသင်းအပေါ်မလေးစားသည့်အပြုအမူဖြစ်သော ပွဲကစားရန်ငြင်းဆန်ခြင်းမရှိဟု ချေပထားပြီး နည်းပြ ဗန်ဟားလ်က အသင်းပြောင်းမည့်ကိစ္စကိုမဖြေရှင်းနိုင်သေးချိန်တွင် ဂိုးသမားဖြစ်သူမှာ ပုံမှန်လက်စွမ်းမျိုးမရနိုင်သေးဟု ဆိုထားသည်။
သို့ဖြစ်ရာ ဒီဂီယာသည်အသင်းနှင့်လေ့ကျင့်ခန်းပြန်ဆင်းခွင့်ရသည့်တိုင် အင်္ဂါနေ့တွင်ကစားမည့် ဘရုဂျက်နှင့် ချန်ပီယံလိဂ် ခြေစစ်ပွဲတွင် ပါဝင်ခွင့်ရဖွယ်မရှိဘဲ ရိုမီယိုသာ သုံးပွဲမြောက်အဖြစ် ပွဲထွက်လာဖွယ်ရှိနေသည်။
ရည်ညွှန်း ဒေးလီးမေးလ်